အိုင်ဗန် နေရာအစားထိုးရန် ဇွဲကပင်တိုက်စစ်မှူးဟောင်း ဇီကိုဗစ်အား ဟံသာဝတီ ခြေစွမ်းစမ်းသပ်

အိုင်ဗန် နေရာအစားထိုးရန် ဇွဲကပင်တိုက်စစ်မှူးဟောင်း ဇီကိုဗစ်အား ဟံသာဝတီ ခြေစွမ်းစမ်းသပ်
မြန်မာနေရှင်နယ်လိဂ် ပထမအကျော့တွင် ဇွဲကပင်အသင်း၌ ကစားနေသည့် ဇစ်ကိုဗစ်အား တွေ့ရစဉ် (ဓာတ်ပုံ-ရွှေဘုတ်)

ဧပြီ ၃၀ ၊ ရန်ကုန်။             ။ ဟံသာဝတီယူနိုက်တက်အသင်းသည် ဧပြီ ၃၀ ရက်တွင် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် တိုက်စစ်မှူး အိုင်ဗန် နေရာ အစားထိုးရန် ဇွဲကပင်တိုက်စစ်မှူးဟောင်း ဇီကိုဗစ်အား ခြေစွမ်းစမ်းသပ်လျက်ရှိသည် ဟု အသင်းမန်နေဂျာ ဦးထွန်းထွန်းလင်း က ပြောသည်။ ဘရာဇီးတိုက်စစ်မှူး အိုင်ဗန်သည် မူလက ဟံသာဝတီအသင်းနှင့် စာချုပ်သက်တမ်းတိုးမြှင့်ရန်   ဆွေးနွေးထားသော်လည်း အကြောင်းမပြန်သေးကာ ဧပြီ ၃၀ ရက်အထိ အသင်းနှင့် လာရောက်ပူးပေါင်းခြင်း မရှိသေးပေ။ အိုင်ဗန်သည် ဟံသာဝတီအသင်းသို့ ၂၀၁၆ ဘောလုံးရာသီ ပထမအကျော့တွင် ရောက်ရှိလာခဲ့သော်လည်း အသင်းနှင့်အတူ ခြေစွမ်းပြကာ ငါးဂိုးအထိ သွင်းယူပေးထားနိုင်သည့် တိုက်စစ်မှူး တစ်ဦးဖြစ်သည်။

“ အိုင်ဗန်က တကယ်ဆို ဧပြီ ၃၀ မှာ သူ့ရဲ့ စာချုပ်သက်တမ်းကုန်ပါပြီ။ သက်တမ်းတိုးဖို့ ညှိထားပေမယ့် အခုအထိ အသင်းနဲ့ လာပူးပေါင်းခြင်း မရှိသေးပါဘူး။ ဇီကိုဗစ်ကလည်း လက်ရှိမှာ ဇွဲကပင်အသင်းနဲ့ စာချုပ်ဖျက်သိမ်းထားတဲ့အတွက် အသင်းမှာ အိုင်ဗန်အစားထိုးဖို့ ခေါ်စမ်းသပ်တဲ့ သဘောပါ။ လာမယ့်မနောမြေအသင်းနဲ့ ခြေစမ်းပွဲအပြီးမှာ သူ့ကို ခေါ်ဖြစ် မခေါ်ဖြစ် ဆုံးဖြတ်မှာပါ။ အိုင်ဗန်ကလည်း ပထမအကျော့ ငါးဂိုးထိ သွင်းထားပေးတဲ့ တိုက်စစ်မှူးကောင်းတစ်ယောက်ဖြစ်လို့ စောင့်ကြည့်ချင်ပါသေးတယ်။ ဘယ်သူ့ကိုခေါ်ဖြစ်မလဲ ဆိုတာတော့ နည်းပြက သူတို့ရဲ့ ခြေစွမ်းကို ကြည့်ပြီး ဆုံးဖြတ်သွားမှာပါ ” ဟု ဦးထွန်းထွန်းလင်းက ပြောသည်။

ဟံသာဝတီအသင်းတွင် ခြေစွမ်းစမ်းသပ်မှု ပြုလုပ်နေသည့် ခရိုအေးရှားတိုက်စစ်မှူး ဇီကိုဗစ်သည် ၂၀၁၃၊ ၂၀၁၄ ဘောလုံးရာသီတွင် ရှမ်းယူနိုက်တက် (ယခင် ကမ္ဘောဇ) အသင်းတွင် ကစားခဲ့ဖူးပြီး ၂၀၁၅ ဘောလုံးရာသီ၌ ဇွဲကပင်အသင်းသို့ ပြောင်းရွေ့လာခဲ့ကာ လက်ရှိတွင်မူ အသင်းနှင့် နှစ်ဦးသဘောတူလမ်းခွဲခဲ့သည့် ကစားသမားတစ်ဦးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly