နည်းစနစ်မှားယွင်းမှုကြောင့် ချန်ပီယံလိဂ်မှ ထွက်ရပါက ၎င်းကို သတ်နိုင်ကြောင်း ဂွါဒီယိုလာ ပြော

နည်းစနစ်မှားယွင်းမှုကြောင့် ချန်ပီယံလိဂ်မှ ထွက်ရပါက ၎င်းကို သတ်နိုင်ကြောင်း ဂွါဒီယိုလာ ပြော

ဧပြီ ၃၀၊ မြူးနစ် ။               ။ ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ဂွါဒီယိုလာက နည်းစနစ်ပိုင်းမှားယွင်းမှုကြောင့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှ ထွက်ခွာရပါက ၎င်းကို သတ်နိုင်ကြောင်း ပြောဆိုလိုက်သည်။

အက်သလက်ကွင်းတွင်ကစားခဲ့သည့် ပထမအကျော့ ပွဲစဉ်တွင် ဘိုင်ယန်အသင်းမှာ ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ထားပြီး ဖိုင်နယ်သို့တက်ရန် အိမ်ကွင်း၌ ရုန်းကန်ရဦးမည်ဖြစ်သည်။ သို့သော် ဂွါဒီယိုလာက ၎င်းတို့အသင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်နိုင်မည်ဟု ယုံကြည်လျက်ရှိသည်။

ပထမအကျော့ပွဲစဉ်တွင် မူလာအား ပွဲထွက်ကစားသမားအဖြစ် မသုံးခဲ့ခြင်းနှင့် ပတ်သက်ပြီး ဂွါဒီယိုလာက 'ဒါက နည်းစနစ်ပိုင်းကြောင့်ပါ။ ကျွန်တော်က တိုက်စစ်မှူးတစ်ဦးတည်းနဲ့ ကစားချင်ခဲ့တာပါ။ ကျွန်တော့်ရဲ့ အတွေ့အကြုံအရ တိုက်စစ်မှူး နှစ်ဦးထက် တစ်ဦးတည်းနဲ့ ကစားတာက ပိုကောင်းပါတယ်။ ကျွန်တော်က ပွဲကို ပိုပြီး ထိန်းချုပ်ချင်လို့ ဒီလိုလုပ်ခဲ့တာပါ။ ဒါပေမဲ့ မူလာကို အသင်းမှာ ထည့်သွင်းကစားရတာကို ကျွန်တော်နှစ်သက်ပါတယ်။

လစ္စဘွန်းမှာတုန်းက လီဝန်ဒေါစကီးမပါခဲ့ပေမဲ့ ကျွန်တော်တို့ နိုင်ခဲ့ပါတယ်။ ဒါကြောင့် ဘယ်သူ့ကို သုံးတယ်ဆိုတာ အဓိက အကြောင်းအရာမဟုတ်ပါဘူး။ ပွဲက မပြီးသေးပါဘူး။ ကျွန်တော်တို့မှာ အခွင့်အရေးရှိနေပါသေးတယ်။ ကျွန်တော် အမှားအယွင်းပြုလုပ်ခဲ့တယ်ဆိုရင် ကျွန်တော့်ကို သတ်နိုင်ပါတယ်' ဟု ဂွါဒီယိုလာက ပြောဆိုခဲ့သည်။

အခြားသတင်းတစ်ပုဒ်အရ ဘိုင်ယန်မြူးနစ်ပရိသတ်များသည် ဘွန်ဒက်စ်လီဂါဆုဖလားထက် ချန်ပီယံလိဂ်ဆုဖလားကို ပိုမိုအလိုရှိနေကြောင်း သိရှိရသည်။

Ref: Goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly