၂၁ရာစု ပင်လုံညီလာခံကို အကောင်အထည်ဖော်ရန် တိုင်းရင်းသားအဖွဲ့အားလုံးပါမှသာ ထိရောက်မည်ဟု နိုင်ဟံသာပြော

၂၁ရာစု ပင်လုံညီလာခံကို အကောင်အထည်ဖော်ရန် တိုင်းရင်းသားအဖွဲ့အားလုံးပါမှသာ ထိရောက်မည်ဟု နိုင်ဟံသာပြော
(ဓာတ်ပုံ- Myanmar State Councellor Office facebook)

ချင်းမိုင်၊ ဧပြီ ၂၉ ။               ။ အစိုးရသစ်အနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို ကြေငြာပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင်နိုင်မှသာ ထိရောက်သည့် ပင်လုံညီလာခံဖြစ်မည်ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)မှ ဒုဥက္ကဌ နိုင်ဟံသာက ပြောသည်။

“အဲဒီလို လုပ်နိုင်ဖို့ဆိုတဲ့ နေရာမှာ ထိရောက်တဲ့ ပင်လုံညီလာခံမျိုး ဖြစ်စေချင်တယ်။ အဲဒီလို ထိထိရောက်ရောက် လုပ်နိုင်ဖို့ ဆိုတဲ့ အပိုင်းမှာလည်း ဒီတိုင်းရင်းသား လက်နက် ကိုင် အဖွဲ့တွေ အားလုံး ပါဝင်ဖို့လိုတယ်။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို လုပ်ဖို့ လိုတယ်။ အဲဒီလို မလုပ်ဘဲနဲ့ အားလုံးကို ဖိတ်ခေါ်လိုက်ပြီးမှ ဟိုမှာ အစိုးရ အနေနဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ကြေငြာလိုက်မယ်။ အားလုံးကို ခေါ်မယ် အဲဒီလို လုပ်နိုင်ရင်လည်း ကောင်းပါတယ်။ ဥပမာ ၁၉၆၃ ခုတုန်းက တစ်နိုင်ငံလုံးကို အပစ်အခတ် ရပ်စဲလိုက်တယ်။ ပြီးရင် အားလုံးကို ဖိတ်ခေါ်လိုက်တယ်။ အစိုးရက အဲဒီလို လုပ်ရင် လုပ်လို့ ရပါတယ်”ဟု သူက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဆန္ဒအရ အမှန်တကယ် လုပ်ဆောင်နိုင်ပါက ကောင်းမွန်သော်လည်း ပထမဦးစွာ တစ်နိုင်ငံလုံး အပစ်အခတ် ရက်စဲရေး ကြေငြာရန် လိုအပ်ကြောင်း နိုင်ဟံသာက ပြောသည်။

“ဒါက ဖြစ်ဖို့တော့ မလွယ်ဘူး။ ဒါပေမဲ့ သူ့မှာ ဆန္ဒရှိတာကို ဆန္ဒဖော်ထုတ်တာပဲလေ။ ဦးတည်ချက်ကကောင်းပါတယ်။ လက်တွေ့အကောင်အထည်ဖော်ဖို့ကတော့နည်းနည်း ခဲရင်းမယ်။ ဒါပေမဲ့ ဖော်နိုင်တဲ့ နည်းရှိတယ်။ တကယ်လို့ အစိုးရမှာ အာဏာရှိရင် ကဲ တစ်နိုင်ငံလုံးကို အပစ်အခတ် ရပ်စဲရေးကြေငြာလိုက်မယ်။ နောက် ဒီဖက်ကလည်း အပစ်အခတ် ရပ်စဲရေး ကြေငြာလိုက်မယ်။ အချင်းချင်းမတိုက်ကြနဲ့ ကိုယ်ရှိတဲ့နေရာမှာ ကိုယ်နေ၊ နိုင်ငံရေးအရ ဆွေးနွေးကြရအောင် အဲဒီလို လုပ်လိုက်ရင်တော့ ကောင်းတာပေါ့၊ ကောင်းမွန်တဲ့ ဦးတည်ချက်ဘဲ”ဟု သူက မဇ္ဈိမကို ပြောသည်။

ဧပြီလ ၂၇ ရက်က ၂၁ ရာစုပင်လုံညီလာခံကို တစ်လ နှစ်လအတွင်း ကျင်းပလိုကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-U)အဖွဲ့ဝင်များနှင့်ဆွေးနွေးပွဲတွင် ပြောကြားခဲ့မှုအပေါ် ၎င်းက ပြောဆိုခြင်း ဖြစ်သည်။

တိုင်းရင်းသား လက်နကိုင်အဖွဲ့အစည်းများ အားလုံးပါဝင်သင့်သည့်အဖွဲများ အားလုံး ပါဝင်စေလိုပြီ မပါသေးသည့် အဖွဲ့များ ပါဝင်လာရန် ကြိုးပမ်းသွားမည် ဖြစ်ပြီး ထိုမှ ၂၁ ရာစု ပင်လုံညီလာခံအား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်နှင့် ၂၁ ရာစုပင်လုံစာချုပ် မတူညီသော်လည်း အဓိက ဦးတည်ချက်သည် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်သွားပါက   ကောင်းမွန်ကြောင်း   နိုင်ဟံသာက ဆက်လက် ပြောဆိုသည်။

“အရင်က ပင်လုံက တကွဲတပြားစီဖြစ်နေတဲ့ နယ်မြေတွေကို စုပေါင်းပြီးမှ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ဖို့ လုပ်တာ။ အခုခေတ် ပင်လုံကတော့ ရှိနေတဲ့ ပြည်နယ်တွေကို ဖက်ဒရယ်အတွင်ဖြစ်အောင် ဖန်တီးယူမယ်ဆိုတဲ့ အနေအထားမျိုး၊ နည်းနည်းတော့ ကွာတာပေါ့လေ။ ဒါပေမဲ့ ဦးတည်တာကတော့ ဖက်ဒရယ်ကိုဘဲ ဦးတည်တယ်။ အဲဒီလို ဖော်နိုင်ရင်တော့   ကောင်းတယ်။ ရည်ရွယ်ချက်အရပေါ့လေ”ဟု သူက ပြောသည်။

ယခင် သမ္မတ ဦးသိန်းစိန်အစိုးရလက်နက်တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း (ANC) လက်မှတ်ရေးထိုးရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဖြစ်သော ပလာင်ပြည်လွတ်မြောက်ရေးအဖွဲ့ (PSLF)၊ ရက္ခိုင်တပ်မတော်(AA)နှင့် ကိုးတပ် (MNDAA)တို့ကို ပါဝင်ရန် လက်မခံခဲ့သဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အများအပြား လက်မှတ်ရေးထိုးခြင်း မရှိခဲ့ပေ။

သို့သော် ယခင်အစိုးရ အဖွဲ့မှ ငြိမ်းချမ်းရေးကိုယ်စားလှယ်များနှင့် တွေ့ဆုံရန် ကမ်းလှမ်းမှုကို လက်ရှိ မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အဖွဲ့အစည်းအချို့နှင့် တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်၍ အဆိုပါ လက်နက်ကိုင် အဖွဲ့အစည်း ၃ ဖွဲ့က အလွတ်သဘောတွေ့ဆုံမှုကို ငြင်းပယ်ခဲ့သည်။

၂၁ ရာစု ပင်လုံ ညီလာခံ ဖြစ်ပေါ်လာရန်အတွက် အမျိုးသားရင်ကြားစေရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်နေကြသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ ပြည်သူလူထုများ၏ သဘောထားများ လိုအပ်ကြောင်း ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA)မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက မဇ္ဈိမကို ပြောသည်။

“ဒီညီလာခံကြီး ပြန်လည် စတင်ဖို့ကတော့ အားလုံးက မျှော်လင့်နေတဲ့ကိစ္စဖြစ်တော့ ထောက်ခံကြမယ်။ ညီလာခံရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကျနော်တို့ အားလုံးလိုလားနေတဲ့ ပုံစံဖြစ်အောင် အသစ်က ပြန်ရေးစွဲတာဖြစ်စေ၊ ပြန်လည် ပြုပြင်ရေးဆွဲတာ ဖြစ်စေ ပြုပြင်နိုင်ဖို့ အဓိက ကျတယ်”ဟု သူက မဇ္ဈိမကိုပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags