အရေးပေါ်ပါတီညီလာခံခေါ်ယူရန် ဦးသိန်းစိန်ထံ တောင်းဆို

အရေးပေါ်ပါတီညီလာခံခေါ်ယူရန် ဦးသိန်းစိန်ထံ တောင်းဆို
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
 

နေပြည်တော်(ဧပြီလ ၂၀ရက်၊ ၂၀၁၆ခုနှစ်)။ ။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အရေးပေါ်ညီလာခံ ခေါ်ယူနိုင်ရေးအတွက် ပါတီဗဟိုကော်မတီအစည်းအဝေးကို လာမည့် မေလ နောက်ဆုံးပတ်အတွင်း ခေါ်ယူပေးရန် ဗဟိုကော်မတီ(၁၃၆)ဦးက ပါတီဥက္ကဌ ဦးသိန်းစိန်ထံလိပ်မူပြီး ဧပြီလ ၂၉ ရက်စွဲဖြင့် အကြောင်းကြားစာပေးပို့ တောင်းဆိုလိုက်သည်။

အကြောင်းကြားစာ ပေးပို့တောင်းဆိုလိုက်သည့် ဗဟိုကော်မတီ (၁၃၆)ဦးအနက် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပါတီမှ ထုတ်ပယ်ခံထားရသော သူရဦးရွှေမန်းအပါအဝင် (၁၇)ဦး ပါဝင်သည်ကို တွေ့ရသည်။

အကြောင်းကြားစာတွင် "ပါတီတွင်းစည်းလုံးညီညွတ်မှုကို ပြန်လည်တည်ဆောက်ရေး၊ ပါတီ၏ ဆောင်ရွက်ချက်များသည် ပါတီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့်အညီ ဖြစ်စေရေး၊ ပါတီ၏ ဦးဆောင်မှု အခန်းကဏ္ဍမြှင့်တင်နိုင်ရေး၊ ပါတီအမှုဆောင်အဆင့်ဆင့်အား ပြန်လည်ရွေးချယ်ဖွဲ့စည်းရေးတို့အတွက် အရေးပေါ်ညီလာခံခေါ်ယူပေးရန်" ဟု တောင်းဆိုထားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း အပိုဒ်(၉၆)၊ အပိုဒ်ခွဲ(ခ)တွင်မူ "ပါတီဗဟိုကော်မတီဝင် ထက်ဝက်ကျော်က တောင်းဆိုလျှင် အရေးပေါ်ပါတီညီလာခံကို ခေါ်ယူကျင်းပနိုင်သည်" ဟု သတ်မှတ်ပြဌာန်းထားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် ပါတီဗဟိုကော်မတီဝင် ၂၁၉ဦးရှိရာ အရေးပေါ်ပါတီညီလာခံကျင်းပရန် ၁၃၆ဦးက လက်မှတ်ရေးထိုး တောင်းဆိုထားသည့်အတွက် ထက်ဝက်ကျော်ဖြစ်သော ၆၂ရာခိုင်နှုန်းက တောင်းဆိုထားခြင်း ဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးပါတီ၏ အကွဲအပြဲသည် ၂၀၁၅ခုနှစ်၊ ဩဂုတ်လ ၁၂ရက်ည၊ သန်းခေါင်းယံတွင် ဖြစ်ပွားခဲ့သော ပါတီထိပ်ပိုင်းခေါင်းဆောင်များအား အပြောင်းအလဲပြုလုပ်ခြင်းမှ အစပြုကာ သိသိသာသာ စတင်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို သမ္မတဟောင်း ဦးသိန်းစိန် ပြန်လည်ကိုင်တွယ်အပြီး နှစ်ရက်အတွင်း လက်ရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လွန်စွာနီးကပ်သည့်ဆက်ဆံရေးရှိသော သူရဦးရွှေမန်းနှင့် ထိပ်ပိုင်းခေါင်းဆောင် ၁၇ဦးအား ပါတီမှ အနားပေး ထုတ်ပယ်ထားသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags