တောင်ကိုရီးယားတွင် ဒုံးကျည်ကာကွယ်ရေးစနစ်မတပ်ဆင်ရန် အမေရိကန်ကို တရုတ် နှင့် ရုရှား တိုက်တွန်း

တောင်ကိုရီးယားတွင် ဒုံးကျည်ကာကွယ်ရေးစနစ်မတပ်ဆင်ရန် အမေရိကန်ကို တရုတ် နှင့် ရုရှား တိုက်တွန်း

ဘေဂျင်း၊ ဧပြီ၊ ၂၉ ။            ။ တောင်ကိုရီးယားတွင် ဒုံးကျည်ကာကွယ်ရေးစနစ်တစ်ရပ် တပ်ဆင်ခြင်းမပြုရန် တရုတ်နှင့် ရုရှားတို့က တိုက်တွန်း လိုက်သည်။

မြောက်ကိုရီးယားက နျူကလီးယားစမ်းသပ်မှုများနှင့် ဒုံးကျည်စမ်းသပ်မှုများ တစ်ကြိမ်ပြီး တစ်ကြိမ် ပြုလုပ်လာနေခြင်းနှင့် ပတ်သတ်ပြီး တောင်ကိုရီးယားနှင့်ဆွေးနွေးမှုများပြုလုပ်ထားသည်ဟု ဝါရှင်တန်က ပြောကြားခဲ့ပြီးနောက်တွင် တရုတ် နှင့် ရုရှားတို့က ယခုကဲ့သို့ ပြောကြားလာခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယားတို့သည် ဇန်နဝါရီလအတွင်းတွင် မြောက်ကိုရီးယားက စတုတ္ထမြောက် နျူကလီးယားစမ်းသပ်မှုပြုလုပ်ခဲ့ပြီးနောက်တွင် တောင်ကိုရီးယား၌ ဒုံးခွင်းဒုံးကာကွယ်ရေးစနစ်တစ်ရပ်ဖြစ်သော Terminal High Altitude Area Defense စနစ်ကိုဖြန့်ကျက်သွားရန် စတင်ဆွေးနွေးနေခဲ့သည်။

တရုတ်နှင့် ရုရှားတို့က ကျောထောက်နောက်ခံပေးထားသော မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်မှုများ မှာ ကုလသမဂ္ဂက ၎င်းအပေါ်ချမှတ်ထားသော သတ်မှတ်ချက်များကို ချိုးဖောက်ရာကျလျှက်ရှိသည်။

မြောက်ကိုရီးယားအနေဖြင့် အာဏာရပါတီဖြစ်သော အလုပ်သမားပါတီညီလာခံစတင်ကျင်းပမည့် မေလ ၊ ၆ ရက်နေ့မတိုင်မီတွင် ပဉ္စမအကြိမ်မြောက်နျူကလီးယားစမ်းသပ်မှု တစ်ရပ်လုပ်ဆောင်သွားမည်ကို စိုးရိမ်ကြောင်း အမေရိကန် နှင့်တောင်ကိုရီးယားတို့က ထုတ်ပြန်ထားသည်။

မြောက်ကိုရီးယားသည် ကြာသာပတေးနေ့ကလည်း တာလတ်ပစ်ဒုံးကျည်နှစ်စင်း စမ်းသပ်ပစ်လွှတ်ခဲ့သေးသော်လည်း မအောင်မြင်ခဲ့ကြောင်း အမေရိကန်စစ်တပ်က ထုတ်ပြန်ခဲ့သည်။

အကယ်၍ အမေရိကန်တို့က တောင်ကိုရီးယားတွင်သာ ဒုံးခွင်းဒုံးစနစ်တပ်ဆင်ခဲ့ပါက ကိုရီးယားကျွန်းဆွယ်တွင် ရှိရင်းစွဲ ထက်တင်းမာမှုများ ပိုမိုမြင့်တက်သွားနိုင်ကြောင်း၊ ထို့ပြင် ယင်းဒုံးကျည်ကာကွယ်ရေးစနစ်မှာ ကာကွယ်ရေးလိုအပ်ချက် ထက်ကျော်လွန်နေပြီး  တရုတ် နှင့် ရုရှားတို့၏ မဟာဗျူဟာလုံခြုံရေးအပေါ်တွင်ပါသက်ရောက်မည်ဖြစ်ကြောင်း ရုရှား နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့က ယနေ့ပြုလုပ်သော ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားခဲ့သည်။

တရုတ်သမ္မတရှီကျင့်ဖျင်ကမူ ကိုရီးယားကျွန်းဆွယ်တွင် စစ်ပွဲ နှင့် ပဋိပက္ခများအဖြစ်ခံမည်မဟုတ်ဟု ကြာသာပတေးနေ့က ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly