ကစားသမားတွေကိုပရိသတ်ပေးတဲ့ဖိအားထက် ကျွန်တော့်ဖိအားကပိုများတယ်

ကစားသမားတွေကိုပရိသတ်ပေးတဲ့ဖိအားထက် ကျွန်တော့်ဖိအားကပိုများတယ်

မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ဂတ်ဇီဆီဖရိုင်းဒရစ်နှင့် တွေ့ဆုံခြင်း

၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲကို မြန်မာနိုင်ငံမှာ အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပမှာဆိုတော့ ပရိသတ်တွေအားလုံး စိတ်ဝင်စားနေကြပါတယ်။ အိမ်ရှင်လုပ်ခဲ့တဲ့ ၂၀၁၃ဆီးဂိမ်းမှာယူ-၂၃အသင်းမအောင်မြင်ခဲ့ ပြီးနောက်ပိုင်း ဆူဇူကီးမှာရော မြန်မာ့လက်ရွေးစင်အသင်းအောင်မြင်ပါ့မလားဆိုပြီး သံသယလည်း ရှိနေကြပါတယ်။ ဒါကြောင့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနည်းပြ ဂတ်ဇီဆီဖရိုင်းဒရစ်ကို မဇ္ဈိမက သွားရောက်တွေ့ဆုံခဲ့ပြီး လက်ရွေးစင်အသင်းရဲ့ပြင်ဆင်မှုတွေနဲ့ သူ့သုံးသပ်ချက်တွေကို မေးမြန်းခဲ့ပါတယ်။

မေး ။       ။ လက်ရွေးစင်အသင်းက လက်ရှိဘယ်ပြိုင်ပွဲကို အဓိကထားပြင်ဆင်နေသလဲ။

ဖြေ ။        ။ ပွဲအားလုံးအတွက်အဓိကထားပြင်ဆင်နေပါတယ်။ ဒါပေမယ့် အနီးဆုံးပွဲဖြစ်တဲ့ နိုင်ငံခြားသားအသင်းနဲ့ ကန်မယ့်ပွဲနဲ့ မလေးရှားအသင်းတို့နဲ့ပွဲတွေအတွက်တော့ နည်းနည်းအာရုံစိုက်ထားတယ်။ ဘယ်ပွဲကအရေးကြီးဆုံးလဲဆိုတော့ ပွဲအားလုံးကအရေးကြီးပါတယ်။

မေး ။        ။ မြန်မာ့လက်ရွေးစင်အသင်းကို ယူ-၂၀၊ယူ-၂၃အသင်းကလူငယ်ကစားသမားတွေနဲ့ ပြင်ဆင်ဖွဲ့စည်းပြီးတဲ့ နောက်မှာ စီနီယာကစားသမားတွေအပေါ် ပရိသတ်တွေရဲ့ဝေဖန်မှုကပိုပြီး မြင့်တက်လာတယ်။ စီနီယာကစားသမားတွေရဲ့အခန်းကဏ္ဍကို ရှင်းပြပေးပါဦး။

ဖြေ ။         ။ လက်ရွေးစင်ဘောလုံးအသင်းတစ်သင်းကို လူငယ်ကစားသမားတွေနဲ့ချည်းပဲ ချက်ချင်းဖွဲ့စည်းလို့မရပါဘူး။ ကျွန်တော့်ရည်ရွယ်ချက်ကတော့ လက်ရွေးစင်ဘောလုံးအသင်းကို လူငယ်တွေနဲ့ချည်းပဲ ဖွဲ့သွားဖို့ရှိတယ်။ ဖြည်းဖြည်းချင်းသွားရမှာပါ။ နောက်ပိုင်းမှာတော့ ခြေစွမ်းအပေါ်မူတည်ပြီး စီနီယာကစားသမားတွေကို ဖြည်းဖြည်းချင်းလျှော့ချသွားမှာပါ။ လက်ဘနွန်နဲ့ကစားခဲ့တဲ့ပွဲမှာဆို မြန်မာအသင်းရဲ့ပျမ်းမျှအသက်က ၂၅နှစ်ဝန်းကျင်မှာပဲရှိတယ်။

မေး ။        ။ ခင်ဗျားအရင်နည်းပြတွေတုန်းကလည်း မြန်မာအသင်းအတွက်လူငယ်တွေမွေးထုတ်မယ်လို့ ကြွေးကြော်ခဲ့ဖူးတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ကြဘူး။ ခင်ဗျားကိုယ်တိုင်လည်း လူငယ်တွေကို မွေးထုတ်မယ်ပြောတယ်။ ခင်ဗျားရောအောင်မြင်အောင်လုပ်နိုင်ပါ့မလား။

ဖြေ ။         ။ အရင်မြန်မာ့လက်ရွေးစင်နည်းပြတွေအားလုံးက အတွေ့အကြုံရင့်တဲ့နည်းပြကောင်းတွေပါ။ ဒါပေမယ့် သူတို့အားလုံး လုံလောက်တဲ့အချိန်မရခဲ့ကြဘူး။ ကျွန်တော့်အနေအထားက သူတို့နဲ့ကွာပါတယ်။ ကျွန်တော် မြန်မာနိုင်ငံကိုရောက်နေတာ ခြောက်နှစ်နီးပါးရှိနေပါပြီ။ မြန်မာနိုင်ငံကလူငယ်ဘောလုံးသမားတွေအားလုံးကို ကျွန်တော်သိပါတယ်။ ခြောက်နှစ်အတွင်းမှာလည်း လက်ရွေးစင်အသင်းအတွက် ကစားသမားကောင်းတွေမွေးထုတ်ခဲ့ပြီးပါပြီ။

မေး ။       ။ ဇွန်လအတွင်းမှာ လေးနိုင်ငံပွဲရှိတော့ ဒီပြိုင်ပွဲကို ဘယ်လိုသဘောထားလဲ။ ခြေစမ်းရုံပဲကစားမှာလား။ ဗိုလ်စွဲအောင်ကစားမလား။

ဖြေ ။        ။ ကျွန်တော့်ခံယူချက်က မြန်မာနိုင်ငံမှာ အိမ်ရှင်လုပ်တဲ့ပွဲဆို မြန်မာအသင်းပဲ ဗိုလ်စွဲရမယ်။ ဆူဇူကီးအတွက် ပြင်ဆင်မှုက မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲပြီးရင် သုံးလလောက်အချိန်ရတယ်။ လေးနိုင်ငံပွဲမှာ ဗိုလ်စွဲဖို့ပဲ အာရုံစိုက်ပြင်ဆင်မှာပါ။

မေး ။       ။ ဆူဇူကီးပြိုင်ပွဲမှာရော မြန်မာအသင်းဗိုလ်စွဲမယ်လို့အာမခံနိုင်လား။

ဖြေ ။         ။ အခုအခြေအနေမှာတော့ ကျွန်တော်တို့ထိုင်းကို မနိုင်နိုင်ဘူး။ ဒါပေမယ့် ပြင်ဆင်ချိန်သုံးလအတွင်းမှာ ကျွန်တော်တို့ ဂျာမနီ၊ နယ်သာလန်၊ ကိုရီးယားနိုင်ငံတွေကိုသွားမယ်။ ပြီးရင် ကိုယ့်ထက်အင်အားကြီးအသင်းတွေနဲ့ခြေစမ်းမယ်။ ပြိုင်ပွဲကာလကျရင်တော့ ထိုင်းကို အနိုင်ကစားနိုင်မှာပါ။ ချန်ပီယံဖြစ်ဖို့က ထိုင်းကိုနိုင်ဖို့လိုမယ်လေ။

မေး ။        ။ မြန်မာပရိသတ်တွေရဲ့အနေအထားကိုနည်းနည်းမေးပါရစေ။ မြန်မာပရိသတ်ထဲမှာ ပရိသတ်အချို့က အသင်းကိုအားပေးဖို့ထက် ဆူပူဆဲဆိုသောင်းကျန်းတာမျိုးတွေလုပ်တတ်တယ်။ ဒီလို ပရိသတ်မျိုးကို ဘာပြောချင်သလဲ။

ဖြေ ။       ။ အသင်းကို ပရိသတ်တွေလာအားပေးတာကျွန်တော်ကြိုက်ပါတယ်။ ၁၂ယောက်မြောက်ကစားသမားတွေကိုလည်း ကျွန်တော်တို့အသင်းက လိုအပ်ပါတယ်။ ဒါပေမယ့် ဆူပူမယ့်ပရိသတ်ကိုတော့ မလိုချင်ပါဘူး။ အသင်းကိုအားပေးတာမဟုတ်ပဲ ဆူပူရုံသတ်သတ်လာတာမျိုးဆိုရင်တော့ လာအားမပေးတာက ပိုကောင်းမှာပါ။

မေး ။      ။ မြန်မာနိုင်ငံမှာ အိမ်ရှင်လုပ်တဲ့ပွဲတိုင်း မြန်မာပရိသတ်တွေက မျှော်လင့်ချက်နဲ့ မြန်မာအသင်းကို ဖိအားပေးတတ်ကြတယ်။ ဒီအတွက် ကြိုတင်ပြင်ဆင်ထားတာတွေရှိမလား။

ဖြေ ။       ။ ဒီအတွက် ပြဿနာမရှိပါဘူး။ ကစားသမားတွေကို ပရိသတ်ပေးတဲ့ဖိအားဆိုတာ ကျွန်တော်ပေးတဲ့ဖိအားလောက်မများနိုင်ပါဘူး။ ကျွန်တော့်ဖိအားက ပရိသတ်ဖိအားထက်တောင် ပိုများမှာပါ။ ပွဲတစ်ပွဲအနိုင်ရဖို့ ကျွန်တော့်ကစားသမားတွေကို အမြဲဖိအားပေးပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly