မရှုံးမှာ သေချာတဲ့သီးနှံစိုက်ချင်ရင် ပြောင်းဖူးကိုသာ စိုက်

29 April 2016
မရှုံးမှာ သေချာတဲ့သီးနှံစိုက်ချင်ရင် ပြောင်းဖူးကိုသာ စိုက်

ပြောင်းဖူးအမျိုးစားများကတော့  ဖူးစားပြောင်းနဲ့ စေ့ထုတ်ပြောင်းဆိုပြီးတော့ အဓိကအားဖြင့် နှစ်မျိုးရှိပါတယ်။ ဖူးစားပြောင်းမှာတော့ နိုင်လွန်ပြောင်း၊ ကော်ပျော့ပြောင်း၊ ဖယောင်းပြောင်းတို့ ပါဝင်ပြီးတော့ အစေ့ထုတ်ပြောင်းမှာတော့ ကော်မာပြောင်း၊ ထိပ်ခွက်ပြောင်း၊ တစ်ဝက်တစ်ပြက် ထိပ်ခွက်ပြောင်းနဲ့ ပေါက်ပေါက်ပြောင်းတို့ ပါဝင်ပါတယ်။

 ပြောင်းဖူးပင်က အနွေးကြိုက် သီးနှံပင် ဖြစ်ပြီး နှစ်ခြင်းခံ သီးနှံပင်လည်း ဖြစ်ပါတယ်။ အစေ့ကိုသာ စားသုံးရပြီးတော့ အပင်ရဲ့ အမြင့်ကတော့ သုံးပေ ကနေ ရှစ်ပေထိ မြင့်ပါတယ်။ အပင်ရဲ့ အကျယ်ကတော့ တစ်ပေကနေ သုံးပေထိ ရှိပါတယ်။ ပြောင်းဖူးကို ပြုတ်၍ ဖြစ်စေ ပေါင်း၍ ဖြစ်စေ ချက်၍ ဖြစ်စေ စားသုံးနိုင်ပါတယ်။ ပြောင်းဖူးစေ့ကို အမှုန့်ကျိတ်ပြီး ပေါင်မုန့် အဖြစ်လည်း စားသုံးနိုင်သလို ပြောင်းဖူးစေ့ကနေ စားသုံးဆီလည်း ထုတ်ယူနိုင်ပါတယ်။

 ပြောင်းဖူးရဲ့ မူရင်းဒေသကတော့ မက္ကဆီကို နိုင်ငံက ဖြစ်ပါတယ်။ ပြောင်းဖူးးပင်ကတော့ အပူချိန် ၉၀ ဒီဂရီဖာရင်ဟိုက်နဲ့ ၉၅ ဒီဂရီ ဖာရင်ဟိုက်မှာ ကောင်းစွာ ဖြစ်ထွန်းပါတယ်။ မြေဆီလွှာ အပူချိန်ကတော့ ၆၀ ဒီဂရီ ဖာရင်ဟိုက်ရှိမှသာ စိုက်ပျိုးနိုင်ပါတယ်။ ရေမဝပ်တဲ့နေရာ အချဉ်ဓာတ် အနည်းငယ်ရှိတဲ့ မြေအနေထားကို ကြိုက်နှစ်သက်ပါတယ်။ နိုက်ထရိုဂျင်ဓာတ်ကို အထူးလိုအပ်တဲ့ အတွက်ကြောင့် ပဲစိုက်ပြီးသား နေရာတွေမှာ စိုက်မယ်ဆိုရင်တော့ ပိုမို ဖြစ်ထွန်းနိုင်ပါတယ်။

စိုက်ပျိုးတဲ့အခါမှာလည်း အစိုဓာတ် လုံလောက်တဲ့ မြေကြီးမှာ စိုက်ပျိုးမယ် ဆိုရင်တော့ မျိုးစေ့ကို လက်မဝက်ခန့် ထားပြီး စိုက်ပျိုး ပေးရမှာပါ။ အစိုဓာတ် မလုံလောက်တဲ့ မြေဆီလွှာမှာ ဆိုရင်တော့ တစ်လက်မ ဒါမှ မဟုတ် တစ်လက်မ ဝက်ခန့် အနက်ထားပြီးတော့ စိုက်ပျိုးပေးရမှာပါ။ တစ်ပင်နဲ့ တစ်ပင်ကိုတော့ ၈ လက်မကနေ ၁၂ လက်မထိ ခြားပြီးစိုက်ပျိုးပေးရမှာပါ။

ပြောင်းပင်ကို အတန်းလိုက် စိုက်ပျိုး ပေးခြင်းက ပြောင်းဖူးအတွင်းရှိ အစေ့တိုင် ထိပ်ဖျားမှာ ရှိတဲ့ အဖို ဝတ်ဆံနဲ့ ဝတ်မှုန်ကူးရန် အတွက် လွယ်ကူပါတယ်။ စိုက်တန်းများ ကျဲရင်တော့ အဖိုဝတ်ဆံများက အဖူးပေါ်မှ အမွှေးအမြင်များ ပေါ်ဖို့ လေက ကောင်းစွာ မသယ်ဆောင်နိုင်တဲ့အတွက် အဖူးများ အစေ့မပြည့်ဝပဲ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ပြောင်းဖူးစေ့ ပြည့်ဝစေရန် အတွက်ကတော့ စိုက်တန်းများကို တိုတို ထားခြင်း အကွက်ငယ်များ ပြုလုပ်ပြီး စိုက်ပျိုးပေးခြင်းတို့ပဲ ဖြစ်ပါတယ်။

စိုက်တန်း တစ်တန်းနဲ့ တစ်တန်းကို နှစ်ပေခန့်ခွာပြီး စိုက်ပျိုးပေးရမှာပါ။ စိုက်ပျိုးတဲ့ အခါမှာလည်း အချိန်တူ ရင့်မှည့်တဲ့ ပြောင်းဖူးမျိုးများကို နီးကပ်စွာ မစိုက်ပျိုး သင့်ပါဘူး။ အထူးသဖြင့် ပြောင်းချိုမျိုးနဲ့ ရိုးရိုးပြောင်းကို နီးကပ်စွာ စိုက်ပျိုးထားမယ်ဆိုရင်တော့ မျိုးကူးစက်မှုတွေ ဖြစ်ပေါ်ပြီး ပြောင်း ချိုများက အချိုပျော့ပြီး ကော်ဓာတ်များတတ်ပါတယ်။ ဒါကြောင့် ရိုးရိုးပြောင်းမျိုးနဲ့ ပြောင်းချိုမျိုးကို ပေ ၂၅၀ ခန့် အနည်းဆုံးခွာပြီး စိုက်ပျိုးပေးရမှာပါ။ ပြောင်းဖူးပင်များကတော့ ပူအိုက်စွတ်စိုတဲ့ ရာသီဥတုမှာ ဖြစ်ထွန်းပါတယ်။

ပြောင်းဖူးပင်က မြေဆီလွှာများကို အဓိက လိုအပ်ပါတယ်။ ဒါကြောင့် မြေဆွေးကိုတော့ နှစ်လက်မ ဒါမှ မဟုတ်ရင် သုံးလက်မခန့် ထူအောင် ဖုံးအုပ်ပေးရမှာပါ။ အပင်များက အဖူးတွေ ထွက်လာတဲ့အခါမှာ နိုက်ထရိုဂျင်ဓာတ်များတဲ့ မြေသြဇာကို တစ်ဧကမှာ ပေါင် ၄၄၀ ခန့် ထည့်ပေးသင့်ပါတယ်။ နိုက်ထရိုဂျင်ဓာတ် လိုအပ်တဲ့ လက္ခဏာတွေကတော့ အရွက်များဟာ အဝါရောင် သန်းလာတတ်ပါတယ်။ နိုက်ထရိုဂျင်ဓာတ် များလွန်းရင်တော့ အရွက်များက အစိမ်းရောင် ရင့်လာပြီး အပင်ပျော့တဲ့အတွက်ကြောင့် လေတိုက်ရင် ယိုင်လဲတတ်ပါတယ်။ ပြောင်းဖူးပင် အမြင့် ၈လက်မခန့်ကနေ အပင်ခြေရင်းကိုတော့ မြေဖို့ပေးဖို့ လိုအပ်ပါတယ်။ မြေဖို့ပေးခြင်းကတော့ ပေါင်းမြက်ကို သေစေတဲ့အပြင် လေတိုက်ရင် အပင်ကိုလည်း မယိုင်လဲစေရန်အတွက်လည်း ဖြစ်ပါတယ်။

ရေလိုအပ်ရင်တော့ အရွက်တွေက ပါးပြီး တွန့်လိမ်နေတတ်ပါတယ်။ အဓိက ရေလိုအပ်တဲ့ အချိန်တွေကတော့ မျိုးကူးစက်တဲ့ အချိန်နဲ့ အစေ့တည်တဲ့ အချိန်တွေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရေကို တစ်ပါတ်မှာ တစ်ကြိမ်ခန့် ရေသွင်းပေးရမှာပါ။ မျိုးကူးစက်တဲ့ အချိန်နဲ့ အစေ့တည်တဲ့ အချိန်မှာ ရေလိုအပ်နေရင်တော့ အဖူးတွေသေးပြီးတော့ အစေ့ မပြည့်တာတွေ ဖြစ်နိုင်ပါတယ်။ ပြောင်းဖူးစိုက်ပျိုးရေးနဲ့ ပတ်သက်ပြီးတော့ ပြောင်းစိုက်နေတဲ့ တောင်သူတစ်ဦးကလည်း အခုလိုပြောပြပါတယ်။

“စိုက်ပျိုးနည်းကတော့ ပထမပိုင်းမှာ ကျွန်တော်တို့ သမန်းယူရတယ်လေ။ ပထမခေတ်တုန်းကတော့ နွားနဲ့ပဲ ထယ်သုံးထပ်လောက် ယူတယ်ခင်ဗျ။ အခုခေတ်ကတော့ ထွန်စက်တွေနဲ့ ကျွန်တော်တို့ သမန်းယူပါတယ်။ ယူပြီးတော့ လက်မ ၃၀ လက်မ ၂၀ နှစ်ပင်စိုက်ပါတယ် ခင်ဗျ။ ကျွန်တော်တို့ စိုက်ပျိုးရက်က နေ ၂၁ ရက်သားမှာ ကျွန်တော်တို့ ကြားမှာ အစာကျွေးပါတယ်။ ပထမ မြေခံမှာလည်း အာမို တစ်အိတ်စီ ထည့်တယ်။ ဒုတိယ ၂၁ ရက်ခန့်မှာ ဓာတ်မြေသြဇာကို နှစ်ပင်ကြားမှာ ကျွေးပါတယ် ခင်ဗျ။ ကျွန်တော်တို့ပြောင်းမှာတော့ ရောဂါတို့ ပိုးမွှားတို့ ကင်းစင်ပါတယ်။ တစ်လပြည့်ရင်တော့ နွားနဲ့ ကြားတိုက်ရပါတယ်။ အပင်ကို ဘောင်ဖို့ပေးပါတယ်။

တစ်လနဲ့ ၁၀ ရက် ရက် ၄၀ သားမှာ ပထမ ရေတစ်ပတ်ကို တင်ပါတယ်။ နောက် ဒုတိယပတ် တတိယပတ် ရေသုံးချိန် တင်ပါတယ် ခင်ဗျာ။ တင်ပြီးတော့ လေးလသားမှာ ပြောင်းစခုတ်ပါတယ်။ လေးလသားပြည့်ရင် ရိတ်သိမ်းလို့ ရပါတယ်။ သူ့ဗီဇကိုက လေးလသားပဲ ခင်ဗျ။ လေးလပြီးရင် အပင်က ရှေ့ဆက်ပြီးတော့ တိုးပွားဖို့ မရှိတော့ပါဘူး အဆုံးသတ်သွားပြီ။ အပင်က စိုနေမယ် အဖူးက ခြောက်နေမယ်။ အဲတာလည်း ရိတ်လို့ ရပါတယ်။

ကျွန်တော်တို့ ပြောင်းရိတ်သိမ်းပြီးရင် ဟင်္သာတမြို့ ဆိပ်ကမ်းမှာ ကျွန်တော်တို့ ပွဲရုံဒိုင်တွေ ရှိပါတယ် ခင်ဗျ။ အဲဒီကို တင်ပို့ပြီးရောင်းချပါတယ်။ အခုစိုက်ပျိုးထားတဲ့ ပြောင်းကနေ CP888  ပြောင်းဖြစ်ပါတယ်။ အခက်ခဲကတော့ ဈေးနှုန်းပေါ့။ ကျန်တာကတော့ အထွက်နှုန်းတွေက စိတ်ချရပါတယ်။ ကျွန်တော်တို့ တစ်ဧက ၁၀၀ ပတ်ဝန်းကျင် ထွက်ပါတယ် ခင်ဗျ။ အဲဒီ ဈေးနှုန်း အတက်ကျလေးပဲ တောင်သူမှာ ထိခိုက်နစ်နာမှု ရှိပါတယ် ခင်ဗျာ။ ပြောင်းစိုက်ပျိုးခြင်းအားဖြင့် တောင်သူက သူများ ဒီပြင်သီးနှံတွေလို အများကြီးလည်း ဝင်ငွေ မရနိုင်ဘူး။ ဆုံးရှုံးမှု မရှိဘူး။ သူကတော့ ပုံမှန်အနေထားနဲ့ ဝင်ငွေ ရှိပါတယ် ခင်ဗျ။ ”

ပြောင်းဖူးအများစုကတော့ တစ်ပင်မှာ တစ်ဖူးနှစ်ဖူးသာ ဖူးတတ်ပြီးတော့ မိရိုးဖလာမျိုးတွေကတော့ တစ်ပင်ကို နှစ်ဖူးကနေ သုံးဖူးထိ ဖူးကြပါတယ်။ ပြောင်ချိုမျိုးကတော့ စိုက်ပျိုးပြီး ရက်ပေါင်း ၆၀ နဲ့ ၉၅ရက်မှာ ပထမဦးဆုံး အဖူးအမြိတ် ထွက်လာပြီးတော့ ရက်ပေါင်း နှစ်ဆယ်ကြာတဲ့အခါမှာ ခူးစွတ်နိုင်မှာပဲ ဖြစ်ပါတယ်။ အဖူးများကို ဆွတ်ယူတဲ့ အချိန်ကတော့ နံနက်ပိုင်းမှာ ဆွတ်ယူသင့်ပါတယ်။

ပြောင်းဖူးမှာ ကျရောက်တတ်တဲ့ ရောဂါပိုးမွှားတွေကတော့ ပြောင်းဖူးလောက်ကောင်၊ ပြောင်းဖူးထွင်းဖောက်ပိုး၊ ဂျပန်ကျိုင်းကောင်၊ မြစ်ပိုးလောက်ကောင်တို့ပဲ ဖြစ်ပါတယ်။ အဖူးလောက်ကောင်ကတော့ အဖူးအတွင်းသို့ ဝင်ရောက်ဖျက်ဆီးတတ်ပါတယ်။ ပြောင်းဖူးထွင်းဖောက်ပိုးကတော့ အပင်ရဲ့ အရိုးတံတွေကို ဖျက်ဆီးတတ်ပါတယ်။ ဂျပန်ကျိုင်းကောင်ကတော့ အရွက်နဲ့ အနှံပေါ်မှာ ရှိတဲ့ ဝတ်မှုန်တွေကို စားကြပါတယ်။ ဒါကြောင့် အပင်အားနည်းခြင်းနဲ့ မျိုးကူးစက်မှု အားနည်းခြင်းတွေ ဖြစ်ပေါ်နိုင်ပါတယ်။ ဒါရောဂါတွေကို ကာကွယ်ဖို့ အတွက်ဆိုရင်တော့ မြေကွက်ကို အလှည့်ကျ စိုက်ပျိုးခြင်းဖြင့်လည်း ကာကွယ်နိုင်ပါတယ်။

ပြောင်းဖူးမျိုးပေါင်းကတော့ ၃၂ မျိုးခန့် ရှိပြီးတော့ သက်တမ်းအရ ပြောမယ်ဆိုရင်တော့ ရက်ပေါင်း ၆၀ ကနေ ၁၁၂ ရက်ထိ ရှိပါတယ်။ ပြောင်းဖူးအရွယ်ကတော့ နှစ်လက်မကနေ ကိုးလက်မထိ ရှိပြီးတော့ အရောင်အမျိုးမျိုး ရှိကြပါတယ်။ ပြောင်းဖူးမှာပါဝင်တဲ့ အာဟာရဓာတ်တွေကတော့ ရေဓာတ် ၇၉.၄ ဂရမ်၊ ပရိုတိန်း ၄.၃ ဂရမ်၊ အဆီ ဝ.၅ ဂရမ်၊ သတ္ထု ဝ.၇ ဂရမ်၊ ကာဗွန်ဟိုက်ဒရိတ် ၁၅. ၂ ဂရမ်နဲ့ သံဓာတ် ကယ်လိုရီ၊ ဗီတာမင် စတဲ့ အဟာဓာတ်တွေ ပါဝင်ပါတယ်။ ပြောင်းဖူးများကို ရောင်းချနေသူ တစ်ဦးကလည်း ပြောင်းဖူးဈေးကွက်နဲ့ ပတ်သက်ပြီးတော့ အခုလို ပြောပြပါတယ်။

“မိုးရာသီကတော့ ဒီပြောင်းဖူးအချောကို ပြန်ရောင်းတာ ၁၀၀ ပေါ့။ ဖောက်သည်ကတော့ ၈၀ ကျွန်တော့်ဆီကို ရောက်ပို့ပေးတယ်။ ကျွန်တော်က တစ်ရာပြန်ရောင်းတယ်။ နှစ်ဆယ်မြတ်တယ်ပေါ့။ မြတ်ပေမယ့် လာပို့တဲ့သူကျ လက်ငင်းပေးရတယ်။ ကျွန်တော်တို့ ပြန်ရောင်းတဲ့သူကြတော့ အကြွေးပေးရတာ ရှိတယ်။ အခုချိန် ရောင်းအားကတော့ ပုံမှန်ပါပဲ။ အခုလထက် ပထမ စောတဲ့လက ပိုရောင်းကောင်းတယ်။ နောက်ပိုင်းဆိုနည်းနည်း အေးတော့မယ်။ သူက အခင်းပြတ်သွားဝယ်တာတွေ ရှိတယ်။ အခင်းပြတ်ကြတော့ ဗူးနှုန်းပေါ့ဗျာ။ ပန်ပြောင်းတစ်ဗူးကို ၁၆၀၀၀ ပေးရတယ်။ တစ်ဗူးစိုက်ကို ပြောင်းကောင်းရင် ကောင်းသလို အထွက်နှုန်းနဲ့ ဝယ်ရတာပေါ့။ ”

သီရီမင်္ဂလာဈေးမှာ ရှိတဲ့ ပြောင်းဖူးဒိုင်များကလည်း ပြောင်းဖူးဈေးကွက်နဲ့ ပတ်သက်ပြီးတော့ အခုလို ပြောပြခဲ့ပါတယ်။

“အခုထွက်တာတော့ ညောင်တုန်းကပါ။ မအူပင်တို့က ထွက်တာပါ။ ပြောင်းအမျိုးစားကတော့ တော်ဝင်ရှိတယ်။ ပန် ၇၅ ရှိတယ်။ ၇၅ ရွှေရှိတယ်။ ရှေ့လလောက်ကတော့ ပိုပြီးတော့ ရောင်းရပါတယ်။ အခုကတော့ နေနည်းနည်းပြင်းတော့ အရောင်းနည်းနည်း ပါးသွားပါတယ်။ ထွက်တာကတော့ ၁၂ လပိုင်းလောက်က ပိုပြီးတော့ ထွက်ပါတယ်။ ညီမတို့ နယ်ကိုလည်း ဖြန့်ပါတယ်။ နယ်ဆို ဘိတ်တို့လည်း ဖြန့်တယ်။ မော်လမြိုင်တို့ ဖားအံတို့ အဲလို နေရာတွေလည်းပို့ပေးပါတယ်။ အခုက အခက်ခဲရှိတာက ဒီမှာ လက်လီလက်ကား သိပ်ပြီးတော့ အဝယ်မစွဲတာက တစ်ခု နောက်ပြီးတော့ နယ်ဘက်က နည်းနည်းပူတော့ အဝယ်ရပ်သွားတာပေါ့။ အဲလိုတော့ နည်းနည်း ရှိပါတယ်”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly