အမေရိကန်ရဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုအတွက် သံအမတ်သစ် ဘာပြောထားသလဲ

အမေရိကန်ရဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုအတွက် သံအမတ်သစ် ဘာပြောထားသလဲ

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ ပြုလုပ်လာတာနဲ့အမျှ ပြည်ပကုမ္ပဏီတွေ မြန်မာနိုင်ငံကို ဝင်ရောက်လာတော့မလား ဆိုတဲ့ မေးခွန်းကတော့ စိတ်ဝင်စားစရာပါ။ ဒီမေးခွန်းကို ဖြေပေးနိုင်ဖို့ ကမ္ဘာ့ အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံရဲ့ မြန်မာ နိုင်ငံဆိုင်ရာ သံအမတ်သစ်ဖြစ်သူ စကော့မာဆီရယ်ကို အမေရိကန်ရဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံလိုမှုနဲ့ ပတ်သက်ပြီး မေးကြည့်ခဲ့ပါတယ်။
သံအမတ်ကြီး စကော့မာဆီရယ်ရဲ့ အဆိုအရတော့ အမေရိကန်ဟာ အာဆီယံနိုင်ငံတွေနဲ့ ဆက်ဆံရေးကို အလေးထားတယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင်တော့ မြန်မာနိုင်ငံဟာ စီးပွားရေး ပိတ်ဆို့ခံထားရတဲ့ အချက်တို့ ကျန်နေသေးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် စီးပွားရေးဝန်ကျင်ကောင်းတစ်ခုဖြစ်ဖို့ သူက မျှော်လင့်နေပြီး နိုင်ငံ အကျိုးစီးပွား ဖွံ့ဖြိုးလာဖို့ ရှေ့ရှုလုပ်ဆောင်နေတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

“ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ စီးပွားရေးဝန်းကျင်ကောင်းရှိမယ့် နယ်ပယ်တွေကိုရှာဖွေကြ မှာဖြစ်ပါတယ်။ နိုင်ငံအနေနဲ့ စီးပွားရေးချဲ့ထွင်ဖို့ လုပ်တဲ့နေရာမှာ အစိုးရက လူတိုင်းကို ဆွဲဆောင်မယ့် စီးပွားရေးဝန်းကျင်ကို တိုးတက်အောင် လုပ်ကိုင်နိုင်ရမှာ ဖြစ်ပါတယ်” လို့ သူကဆိုပါတယ်။

ဒီလိုစီးပွားရေး ဝန်းကျင်ဖြစ်လာဖို့ တရားဥပဒေစိုးမိုးမှု၊ အဂတိလိုက်စားမှု တိုက်ဖျက်ဖို့၊ အခြေခံအဆောက်အအုံနဲ့ ပညာရေးကဏ္ဍ တိုးတက်ဖို့ စတာတွေလိုအပ်နေသေးတယ်လို့လည်း သံအမတ်ကြီးက သတိပေးပါတယ်။

“ဒီနေရာမှာ တရားဥပဒေစိုးမိုးရေး အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ အခြေခံအဆောက်အဦး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပညာရေးကဏ္ဍ တိုးမြင့်ရေးစတာတွေကို တိုးတက်အောင်မြင်အောင် လုပ်ကိုင်နိုင်ရမှာ ဖြစ်ပါတယ်။” လို့သူက သတိပေးပါတယ်။

အမေရိကန်နိုင်ငံဟာ နှစ်နိုင်ငံကြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှုတိုးတက်ဖို့ ဦးစားပေးလုပ်ကိုင်နေပြီး အမေရိကန်ကုမ္ပဏီတွေ မြန်မာနိုင်ငံကို လာရောက်လေ့လာနိုင်အောင်လည်း ကူညီပေးမယ်လို့ သူကဆိုပါတယ်။

“ကျွန်တော်တို့ လုပ်နိုင်တာက ကုမ္ပဏီတွေကို ဒီနိုင်ငံကို လာရောက်လေ့လာပြီး အခွင့်အလမ်းတွေ ရှာဖွေတဲ့နေရာမှာ အားပေးကူညီတဲ့ ကိစ္စဖြစ်ပါတယ်။ နောက်လာမယ့် လတွေမှာ အမေရိကန်က အရေးပါတဲ့ စီးပွားရေး ကိုယ်စားလှယ်အဖွဲ့ နှစ်ဖွဲ့၊ သုံးဖွဲ့လောက် ဒီကိုရောက်လာရင် သူတို့အတွက် စီးပွားရေးနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို ချရမှာမဟုတ်ပါဘူး၊ တကယ်က သူတို့တွေ စီးပွားရေး အခွင့်အလမ်းတွေကို ရှာဖွေတဲ့နေရာမှာ စီးပွားဖက်တွေကို မိတ်ဆက်ပေးဖို့ အားပေးကူညီတဲ့ အလုပ်ကိုလုပ်ရမှာဖြစ်ပါတယ်” လို့ပြောပါတယ်။

ရင်းနှီးမြုပ်နှံတာနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနအနေနဲ့ အမေရိကန် ကုမ္ပဏီတွေကို လူ့အခွင့်အရေးတွေ လေးစားလိုက်နာဖို့ တာဝန်သိရင်းနှီးမြုပ်နှံမှုတွေဖြစ်ဖို့ တစ်ခြားနိုင်ငံများနည်းတူ လုပ်ဆောင်နေတယ်လို့လည်း သံအမတ်ကြီး စကော့မာဆီရယ်က ပြောဆိုထားပါတယ်။

“အခုအစိုးရသစ်က နိုင်ငံ့တာဝန်ယူလာတဲ့နေရာမှာ သူတို့မှာ တာဝန်သိ ရင်းနှီးမြုပ်နှံမှုတွေကို တိုးမြင့်ဖို့ ကိုယ်ပိုင် လုပ်ငန်းစဉ်တွေလည်း ရှိလာမှာလို့မြင်ပါတယ်။ အမေရိကန်အနေနဲ့လည်း မြန်မာအစိုးရက ဒါကိုမလုပ်သင့်ဘူးလို့ ဆုံးဖြတ်ရင် ကျွန်တော်တို့ကလည်း လုပ်ကိုင်နိုင်မှာမဟုတ်ပါဘူး” လို့ပြောပါတယ်။

အနာဂတ်ကာလမှာ အမေရိကန်ရဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နံှမှုပမာဏ တိုးတက်လာဖို့ သံအမတ်ကြီးက မျှော်လင့်နေပြီး တိုးတက်လာမယ့်အခြေအနေတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။
“အစိုးရက နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ပိုပြီးတော့ ဝင်ရောက်လာအောင် စီးပွားရေး အခင်းအကျင်းတွေကို တိုးမြင့်အောင် လုပ်ကိုင်နိုင်ဖို့ရှိရင် မြန်မာ့စီးပွားရေးက ဆက်ပြီးတိုးတက် လာမယ်လို့တော့ ပြောလို့ရပါတယ်။ မြန်မြန်ဖြစ်လာဖို့တော့ မျှော်လင့်ပါတယ်။ အခုအချိန်မှာတော့ ကုမ္ပဏီတွေက ဒီမှာလာရောက်လုပ်ကိုင်ဖို့ စိတ်ဝင်စားနေတယ် ရင်းနှီးမြုပ်နှံ မှုတွေ တိုးတက်လာမယ်လို့ မြင်ပါတယ်”

လက်ရှိမှာတော့ အမေရိကန်နိုင်ငံဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံထားပြီးသား ပမာဏ အမေရိကန်ဒေါ်လာ လေးသန်းကျော် ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင်က ခွင့်ပြုထားတာက အမေရိကန်ဒေါ်လာ သန်း ၂၅၀ နီးပါးရှိတယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly