လမ်းကြောင်းမှန်အတိုင်းလုပ်ကိုင်မှုကြောင့် ဒေါ်လာဘီလျံဝက်တန် အိမ်ယာဖော်ဆောင်ရေးလုပ်ငန်း နှောင့်နှေးနေရဟု ဦးသိမ်းဝေပြော

လမ်းကြောင်းမှန်အတိုင်းလုပ်ကိုင်မှုကြောင့် ဒေါ်လာဘီလျံဝက်တန် အိမ်ယာဖော်ဆောင်ရေးလုပ်ငန်း နှောင့်နှေးနေရဟု ဦးသိမ်းဝေပြော

ရန်ကုန်၊ ဧပြီ၊ ၂၈ ။  ။ ရန်ကုန်မြို့လယ်ရှိ အမေရိကန်ဒေါ်လာ ဘီလျံဝက်ခန့်တန်ဖိုးရှိ အိမ်ယာဖော်ဆောင်ရေးလုပ်ငန်းကြီးမှာ သူ၏ လမ်းကြောင်းမှန်အတိုင်းသာ သန့်သန့်ရှင်းရှင်း လုပ်ကိုင်လိုမှုကြောင့် ကြိုးနီစနစ်လုပ်ငန်းစဉ်များကြား ရုန်းကန်နေခဲ့ရကာ ကုန်ကျစရိတ်လည်းများစွာ တက်လျက်ရှိကြောင်း FMI ဥက္ကဌ ဦးသိမ်းဝေ (ခေါ်) Serge Pun ကပြောကြားလိုက်သည်။

ရန်ကုန်မြို့လယ်ရှိ နှစ်ပေါင်း ၁၃၉ နှစ်သက်တမ်းရှိ ကိုလိုနီခေတ်မီးရထားရုံးချုပ်အဆောက်အဦနေရာရှိ အဆိုပါတန်ဖိုးကြီး အိမ်ယာဖော်ဆောင်ရေးလုပ်ငန်းကြီးမှာ စီမံကိန်းစတင်သည့်အချိန်မှ ၄ နှစ်တာကြာမြင့်သည်အထိ လုပ်ငန်းအဆင့် များများစားစား ခရီးမရောက်ဘဲ နှောင့်နှေးကြန့်ကြာလျှက်ရှိသည်။

အဆိုပါအိမ်ယာစီမံကိန်းကို လုပ်ကိုင်ရာတွင် ရှည်လျားပြီး၊ ခက်ခဲသည့် ကြိုးနီစနစ်များကို ဖြတ်သန်းလာခဲ့ရကြောင်း FMI ဥက္ကဌလည်းဖြစ်သူ ဦးသိမ်းဝေ (ခေါ်) Serge Pun ကပြောကြားသည်။

''ကောင်းမွန်တဲ့အုပ်ချုပ်ရေးအတွက် အမြဲတမ်းတန်ဖိုးတစ်ခုပေးရတတ်ပြီး ကျွန်တော်တို့ပေးနေရတာကတော့ နှောင့်နှေးမှုပါပဲ'' ဟု ၎င်းကပြောကြားသည်။

အကျင့်ပျက်လာဘ်စားမှုများနှင့် ပွင့်လင်းမြင်သာမရှိမှုများမှာ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ရာ၌ အဓိကအဟန့်အတားများ ဖြစ်ကြောင်း ကုမ္ပဏီများနှင့် နိုင်ငံတကာအေဂျင်စီများက ထောက်ပြပြောဆိုနေခဲ့သည်မှာ ကာလကြာရှည်ရှိနေပြီ ဖြစ်သည်။

၁၀ ဧက ကျယ်ဝန်းပြီး ရုံးခန်း၊ ဟိုတယ် နှင့် လူနေတိုက်ခန်းများပါဝင်မည့် အိမ်ယာဖော်ဆောင်ရေးစီမံကိန်းကို ၂၀၁၂ ခုနှစ်တွင် စတင်ကြေညာခဲ့ပြီး မြန်မာနိုင်ငံ၏ အကြီးဆုံးနိုင်ငံတကာရင်းနှီးမြုပ်နှံမှု စီမံကိန်းတစ်ခုလည်း ဖြစ်သည်။

ကမ္ဘာ့ဘဏ်၏ လုပ်ငန်းခွဲတစ်ခုဖြစ်သော International Finance Corporation ၊ အာရှဖွံ့ဖြိုးရေးဘဏ် နှင့် မစ်ဆူဘီရှီ ကော်ပိုရေးရှင်းတို့က ကျောထောက်နောက်ခံပေးထားသော်လည်း ယင်းစီမံကိန်းကြီးမှာ လက်ရှိအချိန်ထိ ကနဦးအဆင့်တွင်သာ ရှိနေသေးသည်။

ယင်းစီမံကိန်း၏ မြေနေရာကိုပိုင်ဆိုင်သော ရထားသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက မြေနေရာငှားရမ်းမှုအတွက် သက်တမ်းတိုးပေးရမည့် နောက်ဆုံးရက်မှာလည်း ပြီးခဲ့သည့်မတ်လကုန်က ကျော်လွန်သွားခဲ့ပြီဖြစ်သည်။

ထိုကဲ့သို့ မြေနေရာငှားရမ်းမှုအတွက် သက်တမ်းတိုးမြှင့်ပေးရန် အတည်မပြုသေးခြင်းနှင့် ပတ်သက်ပြီး အာဏာပိုင်များမှ မှတ်ချက်တစ်စုံတစ်ရာပေးခြင်း မရှိသေးဘဲ ထိုအခြေအနေမှာလည်း စီမံကိန်းအတွက် ကြီးမားသော ပြဿနာတစ်ရပ် ဖြစ်လျှက် ရှိသည်။

Yoma Strategic Holdings ၏ ဥက္ကဋ္ဌ ဦးသိမ်းဝေ (ခေါ်) Serge Pun သည် ပြီးခဲ့သည့်ဆယ်စုနှစ် ၃ ခုတာကာလအတွင်းတွင် အာရှ၏အချမ်းသာဆုံးစာရင်းဝင်တစ်ဦးဖြစ်လာခဲ့ပြီး မစ္စတာသန့်ရှင်းဟု တင်စားခေါ်ဝေါ်ခံရသော လုပ်ငန်းရှင်တစ်ဦး ဖြစ်ခဲ့ကာ သူကိုယ်တိုင်ရော၊ သူ၏ ကုမ္ပဏီတစ်ခုတစ်လေမျှပါ နိုင်ငံတကာ၏ စီးပွားရေးပိတ်ဆို့မှုချမှတ်ခြင်းကို ခံခဲ့ရခြင်း မရှိချေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly