အပြောင်းအလဲအတွက် ရှေ့ပြေးနိမိတ်များ

အပြောင်းအလဲအတွက် ရှေ့ပြေးနိမိတ်များ

လွန်ခဲ့သော ရက်ပိုင်းက ဒေသအချို့တွင် ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများကို ရဲတပ်ဖွဲ့ ဝင်များက အားကြိုးမာန်တက် လုပ်ကိုင်ကြသည့်သတင်းကို ဆက်တိုက်လိုပင် ကြားခဲ့ကြရပါသည်။ ဒါ့အပြင် ရေပြတ်လတ်မှု ဒေသများအတွက် ရေလှူခြင်း၊ သဘာဝဘေးဥပါဒ်ဒဏ် ခံရသည့်ဒေသများ တွင် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် လူထုနှင့်အတူ ဝိုင်းဝန်းလုပ်ကိုင်ကြသည့် သတင်းများလည်း ကြားခဲ့ကြ ရပါသည်။

တချို့သော မြို့နယ်များတွင် အခြေခံလူတန်းစားများဖြစ်သည့် ဆိုက်ကားအနှေးယာဉ်သမား က ဆိုင်းပုတ်များတပ်ကာ ရပ်ကွက်သန့်ရှင်းရေးလုပ်ခြင်း၊ ကျောင်းဝန်းများအတွင်း ကျောင်းဆရာ ဆရာမများ ကိုယ်တိုင် သန့်ရှင်းရေးလုပ်ခြင်းအပြင် ဆေးရုံများတွင်လည်း သန့်ရှင်းရေးလုပ်ငန်းများကို ဆေးရုံဝန်ထမ်းများကိုယ်တိုင် လုပ်ကိုင်ကြသည့်သတင်းများကို ကြားခဲ့ကြရပါသည်။

ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းများကို မြူနီစပယ် ဝန်ထမ်းများတင်မက ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆိုက်ကားဆရာများ၊ ရပ်ကွက်သူ ရပ်ကွက်သားများက အခုလို ဝင်ရောက်လုပ်ကိုင်လာ ကြသည့် သတင်းကို ထောက်ခံကြိုဆိုကြရမည်သာ ဖြစ်သည်။ ကောင်းမွန်မှန် ကန်သောလုပ်ရပ်အဖြစ် အသိအမှတ်ပြုကြရမည်သာ ဖြစ်သည်။

သို့သော် ဝေဖန်သူများကလည်း ဝေဖန်သည်များ ရှိပါသည်။ ပတ်ဝန်းကျင် သန့်ရှင်းရေးကိစ္စမှာ တခါတလေမှ လာရောက်လုပ်ကိုင်ခြင်းဖြင့် မထိရောက်သည့်အပြင် မြူနီစပယ်ဝန်ထမ်းများရဲ့ အလုပ် သာဖြစ်ပြီး ပြည်သူ့ရဲများရဲ့ အလုပ်မဟုတ်ဟူ၍ ဝေဖန်ကြသူများလည်း ရှိပါသည်။

အမှန်တကယ်မူ မိမိတို့တိုင်းပြည်၏ ပတ်ဝန်းကျင် ညစ်ညမ်းမှုပြဿနာမှာ အခြားအခြားသော နယ်ပယ်များအတိုင်း အထွေထွေ ဆုတ်ယုတ်ကျဆင်းခြင်းများထဲက တစ်ခုသောအချက် ဖြစ်ပါသည်။ အနှစ်နှစ်အလလ ဆုတ်ယုတ်ကျဆင်းလာခဲ့ရသည့် ပတ်ဝန်းကျင် ညစ်ညမ်းမှုကြီးဖြစ်သည်။ ထို့ကြောင့် မြူနီစပယ် ဝန်ထမ်းမျှလောက်နှင့် ပြန်လည်သန့်ရှင်းလာအောင် ဆောင်ရွက်လို့ မရနိုင်အောင် ဖြစ်လာ ခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် အရပ်ကူပါ လူဝိုင်းပါဆိုသလို အားလုံးက ဝိုင်းဝန်းကူညီ ဖြေရှင်းပေးသည့်သ ဘောမို့ ထောက်ခံကြိုဆိုကြရခြင်း ဖြစ်သည်။

ထို့ပြင် အရေးအကြီးဆုံးအချက် ရှိပါသေးသည်။ မိမိတို့တိုင်းပြည်တွင် ရုပ်ဝတ္ထုပျက်စီးမှုများ ရှိခဲ့ သည့်နည်းတူ စိတ်နေစိတ်ထားများလည်း မှားယွင်းနိမ့်ကျလာခဲ့သည်မှာ အားလုံးအသိပင် ဖြစ်သည်။

ဘယ်သူသေသေ ငတေမာရင်ပြီးရောဟူသည့် အတ္တလွန်ကဲခြင်း စိတ်ထားများ မင်းမူလာခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ ထို့ကြောင့် အများအကျိုးထက် ကိုယ်ကျိုးကိုသာ ရှေ့တန်းတင်ရင်း အချင်းချင်း ယိုင်းပင်း ကူညီခြင်း၊ ဖေးကူခြင်း အစရှိသည့် စိတ်နေစိတ်ထားများလည်း ပျောက်ကွယ်လာခဲ့ကြရ သည်။ ယင်းစိတ်ထားများကို ပြုပြင်ပြောင်းလဲကာ ယခုလို ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းများလုပ် ခြင်းဖြင့် ပရဟိတစိတ် ဖေါ်ပြရာရောက်သဖြင့် မိမိတို့အနေဖြင့် ထောက်ခံကြိုဆိုရမည့် အလုပ်အဖြစ် အသိအမှတ်ပြုခြင်း ဖြစ်သည်။

ပတ်ဝန်းကျင်သန့်ရှင်းရေး အလုပ်သည် ပြည်သူ့ရဲများရဲ့ အဓိကတာဝန် မဟုတ်သည်ကိုလည်း ကောင်း၊ ကျောင်းဆရာများ၊ ဆိုက်ကားဆရာများ၏ အဓိကတာဝန်မဟုတ် ဆိုသည်ကိုလည်းကောင်း မငြင်းကွယ်ပါ။ သို့သော် ပရဟိတစိတ်အမြစ်တွယ် ပြန့်ပွားရေးနှင့် လူတိုင်း ပရဟိတစိတ် ကိုင်ဆွဲကာ နှစ်ပေါင်းများစွာ ချွတ်ခြုံကျလာခဲ့သည့် မိမိတို့ပြည်သူများ စိတ်ထားနိမ့်ပါးမှုကို ပြန်လည်ဆွဲထူထောင် မတ်နိုင်ရေး ယခုလို ပတ်ဝန်းကျင်သန့်ရှင်ရေး လုပ်အားပေးလုပ်ငန်းများကို အားပေးကြရမည်သာ ဖြစ်သည်။

အမှန်အားဖြင့်ဆိုလျင် ယခုလို ပြည်သူ့ရဲများ၊ ကျောင်းဆရာ ဆရာများ၊ ဆိုက်ကားဆရာများက ပရဟိတလုပ်ငန်းများ လုပ်ကိုင်လာကြခြင်းမှာ မိမိတို့တိုင်းပြည် အမှန်တကယ် ပြောင်းလဲလာတော့မည့် အနာဂတ်အတွက် နိမိတ်ကောင်းများအဖြစ် မဇ္ဈိမက ရှုမြင်ပါကြောင်း ပြောကြားအပ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly