ထိုင်းတွင် အခြေခံဥပဒေမူကြမ်းကို ဝေဖန်သည့် Facebook Group ကို ရွေးကောက်ပွဲကော်မရှင်က တရားစွဲ

ထိုင်းတွင် အခြေခံဥပဒေမူကြမ်းကို ဝေဖန်သည့် Facebook Group ကို ရွေးကောက်ပွဲကော်မရှင်က တရားစွဲ
ထိုင်းနိုင်ငံတွင် အာဏာသိမ်းစစ်အစိုးရဦးဆောင်ရေးဆွဲထားသည့် အခြေခံဥပဒေမူကြမ်းကို လူမှုကွန်ယက်ပေါ်တွင်.................

ဘန်ကောက်၊ ဧပြီ၊ ၂၇ ။         ။ ထိုင်းနိုင်ငံတွင် အာဏာသိမ်းစစ်အစိုးရဦးဆောင်ရေးဆွဲထားသည့် အခြေခံဥပဒေမူကြမ်းကို လူမှုကွန်ယက်ပေါ်တွင် ဝေဖန်ရေးသားခဲ့သည့် Facebook Group တစ်ခုကို ရွေးကောက်ပွဲကော်မရှင်က တရားစွဲဆိုလိုက်သည်။

အဆိုပါ Facebook Group တွင် အခြေခံဥပဒေနှင့်ပတ်သတ်ပြီး ကြမ်းတမ်းပြင်းထန်သည့် စကားလုံးများနှင့် ဝေဖန်ရေးသားခဲ့သည်ဟုဆိုကာ မကြာသေးမီက ပြဌာန်းလိုက်သည့် အခြေခံဥပဒေနှင့်ပတ်သတ်ပြီး ဟောပြော ဆွေးနွေးမှုများကို ပိတ်ပင်သည့်ဥပဒေ နှင့် ရွေးကောက်ပွဲကော်မရှင်က စွဲချက်တင်လိုက်ခြင်း ဖြစ်သည်။

အာဏာသိမ်းစစ်အစိုးရကဦးဆောင်ရေးဆွဲထားသည့် အခြေခံဥပဒေကို ဒီမိုကရေစီနည်းလမ်းမကျသည့် ဥပဒေဟု ထိုင်းနိုင်ငံ၏ အဓိကနိုင်ငံရေးအဖွဲ့အစည်း နှစ်ခုစလုံးက   ဝေဖန်ရှုံ့ချထားပြီး ထောက်ခံခြင်းမပြုကြရန်လည်း ဆော်သြထားသည်။

ထိုင်းအာဏာသိမ်းအစိုးရအနေနှင့် အခြေခံဥပဒေမူကြမ်းတွင် ပါဝင်နေသော အန္တရာယ်များလောက်သည်အထိ အာဏာကိုထိန်းချုပ်ထားမှုများကို လျှော့ချသင့်ကြောင်းနှင့် အခြေခံဥပဒေနှင့်ပတ်သတ်ပြီး ဆွေးနွေးပြောဆိုမှုများကို တားမြစ်မည့်အစား အားပေးသင့်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးအဖွဲ့က ပြီးခဲ့သောအပတ်က ပြောကြားထားသည်။

အခြေခံဥပဒေမူကြမ်းကို ဝေဖန်မှုဖြင့် တရားစွဲခံရသည့် Facebook Page မှာ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ခိုခရမ် ပြည်နယ်အခြေစိုက် Group တစ်ခုဖြစ်သည်။

'' သူတို့ကို စံနမူနာပြအဖြစ်လုပ်လိုက်တာပါ။ ခုချိန်ကစပြီး လူတွေအနေနဲ့ အခြေခံဥပဒေအကြောင်းကို ဆင်ဆင်ခြင်ခြင် ပြောကြဖို့ လိုပါလိမ့်မယ် '' ဟု ရွေးကောက်ပွဲကော်မရှင်ဥက္ကဌက   ပြောကြားခဲ့သော်လည်း တရားစွဲဆိုခံထားရသည့် Facebook Group ၏ အမည်အတိအကျကိုမူ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိချေ။

သြဂုတ်လ ၇ ရက်နေ့တွင်ကျင်းပမည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ မတိုင်မီတွင် အခြေခံဥပဒေမူကြမ်းနှင့်ပတ်သတ်ပြီး ဟောပြောစည်းရုံးမှုများအတွက် ထောင်ဒဏ် ၁၀ နှစ်အထိချမှတ်နိုင်သော ဥပဒေကို ပြီးခဲ့သည့် သောကြာနေ့က ထိုင်းဘုရင်က အတည်ပြုခဲ့ခြင်း ဖြစ်သည်။

လာမည့် သြဂုတ်လ၊ ၇ ရက်နေ့တွင်ကျင်းပမည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ စစ်အစိုးရလက်ထက်ပထမဆုံး ဆန္ဒမဲကောက်ခံမှုဖြစ်လာမည် ဖြစ်သည်။

ထိုပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် အခြေခံဥပဒေအသစ်ကို လူအများကကန့်ကွက်ခဲ့ပါက ထိုင်းနိုင်ငံ၏ ယခင်ရှိထားပြီးသား အခြေခံဥပဒေများထဲမှတစ်ခုကို ရွေးချယ်သွားမည်ဟု စစ်အစိုးရကပြောကြားထားရာ  ထိုကဲ့သို့ဖြစ်ခဲ့ပါက ၂၀၁၇ ခုနှစ် အလယ်တွင် ကျင်းပရန်လျာထားထားသော အထွေထွေရွေးကောက်ပွဲမှာ ပိုမိုကြန့်ကြာသွားဖွယ်ရာရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly