စောဂေါ်မူဒိုနှင့် ဉာဏ်လင်းအောင်တို့ ဂျပန်နိုင်ငံတွင် ပြုလုပ်မည့် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်မည်

စောဂေါ်မူဒိုနှင့် ဉာဏ်လင်းအောင်တို့ ဂျပန်နိုင်ငံတွင် ပြုလုပ်မည့် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်မည်
ဂျပန်နိုင်ငံတွင် ပြုလုပ်မည့် စောဂေါ်မူဒိုနှင့် ဉာဏ်လင်းအောင်တို့ပါဝင်သည့် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကြော်ငြာ (ဓါတ်ပုံ Saw Gaw Mu Doe facebook)

ဧပြီ ၂၇၊ ရန်ကုန်။             ။ ဂျပန်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် Zone 4 မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲသို့ မြန်မာ့လက်ဝှေ့ကစားသမားများဖြစ်သည့် စောဂေါ်မူဒိုနှင့် ဉာဏ်လင်းအောင်တို့ သွားရောက်ယှဉ်ပြိုင်ထိုးသတ်မည် ဖြစ်သည်။ အဆိုပါ Zone 4 မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ဂျပန်နိုင်ငံရှိ မြန်မာ့ရိုးရာလက်ဝှေ့ချစ်သူများအသင်းက ဦးစီးကျင်းပပြီး မေ ၁ ရက်တွင် ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့ရှိ အိုလံပစ်အားကစားကွင်းရုံတွင် ပြုလုပ်သွားမည် ဖြစ်သည်။

Zone 4 မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် အဓိကတွဲဆိုင်းအဖြစ် မြန်မာ့ရိုးရာလက်ဝှေ့ တွဲဆိုင်းနှစ်ခုအပြင် အခြားတွဲဆိုင်းများလည်း ပါဝင်ကာ စုစုပေါင်း တွဲဆိုင်း ၁၀ ခုခန့် ပါဝင်သွားမည် ဖြစ်သည်။ မြန်မာ့ရိုးရာလက်ဝှေ့ကစားသမားများပါဝင်သည့် အဓိကတွဲဆိုင်းတွင် စောဂေါ်မူဒိုက မွေထိုင်းနှင့် ကစ်ဘောက်ဆာကစားသမားဖြစ်သည့် နော်နက်ဆင် (ထိုင်း)၊ ဉာဏ်လင်းအောင်က ဂျပန်ကစားသမား ကာနီကို တို့နှင့် ယှဉ်ပြိုင် ထိုးသတ်ရမည် ဖြစ်သည်။ ဂျပန်ကစားသမား ကာနီကိုသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ကျင်းပပြုလုပ်သည့် မြန်မာ-ဂျပန်ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲတွင် မြန်မာ့လက်ဝှေ့ကစားသမား သပြေညိုကို ရှုံးနိမ့်ခဲ့ဖူးသူ ဖြစ်သည်။

အဆိုပါပြိုင်ပွဲသည် ဂျပန် နိုင်ငံ၌ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ လေးကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ရိုးရာလက်ဝှေ့ထည့်သွင်းကျင်းပနိုင်ရန် ဂျပန်ဝါရင့်ကစ်ဘောက်ဆာ ချန်ပီယံဟောင်း မစ္စတာ ဘိုဘာယာရှိနှင့် ညှိနှိုင်းရေးမှူးများအဖြစ် ရိုးရာလက်ဝှေ့ချစ်သူများအသင်းမှ မစ္စတာတာကာ မိုရိနှင့် မစ္စတာနိုရှိတို့က ဦးဆောင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly