အချိန်ယူဖြေရှင်းရမယ့် ပြဿနာ

အချိန်ယူဖြေရှင်းရမယ့် ပြဿနာ

ဒီရက်တွေအတောအတွင်း ကရင်ပြည်နယ်ထဲက ခရစ်ယာန် ဘုရားရှိခိုးကျောင်းဝင်းအတွင်း ဇွတ်အတင်းဝင်ပြီး စေတီတစ်ဆူ တည်ကြတဲ့သတင်းက လူအတော်တော်များများကို စိတ်ပျက်သွားစေပါတယ်။

မေးခွန်းတွေလည်း တန်းစီပြီး ထွက်လာပါတယ်။ ဗုဒ္ဓရဲ့ တရားတော်နဲ့ ကိုက်ညီမှု ရှိပါရဲ့လား။ ဥပဒေကို ပြောင်ဆန့်ကျင်တာ မဟုတ်ဘူးလား…အစရှိသော မေးခွန်းတွေကအစ ဘယ်လိုအရေးယူ ဆောင်ရွက်သင့်သလဲ၊ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေအနေနဲ့လည်း သတိကြီးစွာထားပြီး ကိုင်တွယ်ဖြေရှင်းနေရပုံရှိတယ် အစရှိတဲ့ ထင်မြင်ချက်များလည်း ထွက်ပေါ်လာခဲ့ပါတယ်။

ဦးစွာပထမ ပြောရမယ့် စကားကတော့ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေက သတိကြီးစွာထားပြီးမှ ကိုင်တွယ်ဖြေရှင်းရမယ့်ကိစ္စဆိုတာ မှန်ကန်သင့်တော်တယ်လို့ မြင်ပါတယ်။ ဘာပြုလို့လည်းဆိုတော့ ဒါဟာ မသမာတဲ့သူတွေရဲ့ ဘာသာရေး အဓိကရုဏ်းဖြစ်ရလေအောင် တမင်ဖန်တီးတာ ဖြစ်နေခဲ့ရင် ကိုင်တွယ်ဖြေရှင်းမှု မှားတာနဲ့တပြိုင်နက် နောက်ဆက်တွဲ ပြဿနာတွေ မလွဲမသွေ တက်လာနိုင်တဲ့အတွက် တာဝန်ရှိသူများက သတိထားပြီး ကိုင်တွယ်ဖြေရှင်းသင့်တာ အမှန်ပါပဲ။

ဒါဆိုရင် ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလည်း။ ဘာ့ကြောင့် ဒီပြဿနာ ပေါ်လာရသလဲ။ ဘာသာရေး ရှုထောင့်ကပဲကြည့်ကြည့်၊ ကျင့်ဝတ်သိက္ခာအရပဲ ကြည့်ကြည့်၊ တည်ဆဲ ဥပဒေကြောင်းအရပဲကြည့်ကြည့် အခုလို အခြား ဘာသာရေး အဆောက်အဦးဝင်းထဲ အခုလို ဝင်ရောက်ပြီး ဘုရားတည်တဲ့လုပ်ရပ်ဟာ မှားပါတယ်။ ပိုပြီး စိတ်မချမ်းမြေ့ဖွယ် ဖြစ်စေတာက ဒီလိုလုပ်ရပ်ကို လူအများစုက လက်မခံဘူးဆိုတာ သိရဲ့သားနဲ့၊ ဥပဒေနဲ့ မညီဘူးဆိုတာ သိရဲ့လားနဲ့ ဘယ်လိုအကြောင်းခံနဲ့ ပြောင်ပြောင်တင်းတင်း ပြုလုပ်ရဲခဲ့ကြသလဲ။

တကယ်တော့ ရက်ပိုင်းအတွင်းသာ သက်တမ်းရှိသေးတဲ့ အစိုးရသစ်ကို စိန်ခေါ်တဲ့သဘောရှိတဲ့ ပြဿနာ များစွာအနက်က ဒီပြဿနာဟာ တစ်ခုသော စိန်ခေါ်မှု ဖြစ်ပါတယ်။ တရားဥပဒေက ခွင့်မပြုတဲ့အပြင် ကျင့်ဝတ်အရလည်း မှားယွင်းနေတဲ့ ဒီလုပ်ရပ်ကို ဘာ့ကြောင့် ဥပဒေအရပင် ဖြေရှင်းဖို့ လက်တွန့်နေကြရသလဲ။ ဝမ်းနည်းဖွယ်လည်းကောင်း စိတ်ပူပန်ဖို့လည်းကောင်းတဲ့ ကိစ္စဖြစ်ပါတယ်။

တကယ်တော့ နှစ်ပေါင်း ၆၀ နီးပါး ယိုယွင်းပျက်စီးလာခဲ့တဲ့ အခြေအနေ အရပ်ရပ်အပေါ်မူတည်ပြီးမှ ဒီလိုပြဿနာတွေ ရှင်သန်ခွင့် ခေါင်းထောင်ခွင့် ရလာခဲ့တဲ့သဘောပါပဲ။ ကျနော်တို့ရဲ့တိုင်းပြည်မှာ အာဏာအလွဲသုံးစားပြုခြင်း၊ အဂတိလိုက်စားခြင်း၊ တာဝန်ယူမှု တာဝန်ခံမှုမရှိခြင်း၊ ကိုယ့်အကျိုးစီးပွား၊ လူတစ်စု အကျိုးစီးပွားကိုသာ ရှေ့တန်းတင်ခြင်း အစရှိတဲ့ အာဏာရှင်စနစ် ရေခံမြေခံအပေါ်မူတည်ပြီး ဥပဒေစိုးမိုးမှုမရှိခြင်း၊ မင်းမဲ့စရိုက်ပေါ်လာခြင်း၊ ကျင့်ဝတ်စည်းကမ်းများ လျှော့နည်း ကျဆင်းခြင်းနဲ့ အတူ အကြမ်းဖက်ခြင်း အစရှိတဲ့ သစ်ပင်ပန်းမာလ်တွေ ပေါက်ရောက်ရှင်သန်လာခဲ့ရတဲ့သဘောပါပဲ။

ကရင်ပြည်နယ်ထဲက ခရစ်ယာန်ဘုရားရှိခိုးကျောင်းဝင်းအတွင်း အခြား ဘာသာမတူတဲ့ လူတစ်စုက အတင်းအဓမ္မ ဝင်ရောက်ပြီး စေတီတည်ခြင်းတည်းဟူသော လုပ်ရပ်မှာလည်း နှစ်ပေါင်း ၆၀ နီးပါး ထွန်းကားခဲ့တဲ့ အာဏာရှင်စနစ်ရဲ့ ဒေါက်တိုင်များဖြစ်တဲ့ မင်းမဲ့စရိုက်နဲ့ တရားဥပဒစိုးမိုးမှု မရှိခြင်း အချက်တွေပေါ် မူတည်ပြီးမှ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။

ဒီနေရာမှာ မေးစရာမေးခွန်းရှိလာတာက ဒီလိုပြဿနာတွေကို ဖြေရှင်းလို့ မရနိုင်တော့ဘူးလား။ ဥပဒေအရပဲဖြစ်ဖြစ် ကျင့်ဝတ်စည်းကမ်းအရပဲဖြစ်ဖြစ် အရေးယူဆောင်ရွက်လို့ မရနိုင်တော့ ဘူးလားဆိုတဲ့ မေးခွန်းရှိလာပါတယ်။

တကယ်တော့ ဖြေရှင်းလို့ ရပါတယ်။ အနီးဆုံး သာဓကပြရမယ်ဆိုရင် ဒီလို အလားတူ ပြဿနာတွေကို ၁၉၆၂ ခုမတိုင်ခင် တနည်းအားဖြင့် ပြောရရင် ကျနော်တို့နိုင်ငံမှာ အာဏာရှင်စနစ် မပေါ်ပေါက်ခင်အချိန်တုန်းက နိုင်နင်းအောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သည်ဆိုတဲ့ သာဓက ရှိခဲ့ပါတယ်။ လူမျိုးရေး ဘာသာရေး ပဋိပက္ခ မဖြစ်ပွားရလေအောင် အောင်မြင်စွာ ကာကွယ်ထားနိုင်ခဲ့တဲ့ သာဓကတွေ ရှိပြီးဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာတော့ ကျနော်တို့ တိုင်းပြည် နှစ်ပေါင်းမြောက်များစွာ ရင့်သန်အားကောင်းလာခဲ့တဲ့ မင်းမဲ့စရိုက်တွေ၊ ကျင့်ဝတ်သီလ ကျဆုံးမှုတွေ၊ ဥပဒေမဲ့လုပ်ရပ်တွေက အရှိန်ကောင်းနေသေးတဲ့ အချိန်ဖြစ်ပါတယ်။ ဒါ့အပြင် ကျဆုံးစပြုတဲ့ အာဏာရှင်စနစ် ကိုယ်စားပြုသူများရဲ့ အဟန့်အတား အနှောင့်အယှက်တွေကလည်း အားကောင်းနေသေးတဲ့အတွက် အချိန်တိုတိုအတွင်းမှာတော့ ဒီလိုပြဿနာတွေကို အောင်မြင်ပြီးပြတ်အောင် ဖြေရှင်းဖို့ရာ ခက်ခဲနေဦးမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ အချိန်ယူဖြေရှင်းဖို့ လိုအပ်တဲ့ အခုလို အလားတူပြဿနာများအပေါ် စိတ်ရှည်သီးခံခြင်း၊ ပညာပေးခြင်း၊ ဝေဖန်ရှင်းပြခြင်း၊ ဥပဒေအရဆောင်ရွက်ခြင်းများဖြင့် ဖြေရှင်းဆောင်ရွက်သွားခြင်း သည်သာ အကောင်းဆုံးဖြစ်ကြောင်း အကြံပြုလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly