မိုးသီးကြွေကျမှုကြောင့် မန္တလေးတွင် စိုက်ပျိုးသီးနှံဧကတစ်သောင်းကျော်ပျက်စီး

မိုးသီးကြွေကျမှုကြောင့် မန္တလေးတွင် စိုက်ပျိုးသီးနှံဧကတစ်သောင်းကျော်ပျက်စီး
ဓာတ်ပုံ-ဘိုဘို မဇ္ဈိမ

မန္တလေး၊ ဧပြီ ၂၆ ။           ။ မန္တလေးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်မှု၊ မိုးသီးကြွေကျမှုနှင့်လေပြင်းများတိုက်ခတ်ခဲ့ကြောင့် စိုက်ပျိုးဧက ၁၂၈၁၅ ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည်ဟု မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနကသိရသည်။

နွေစပါး ၄၀၉ ဧက၊ နွေနှမ်း ၄၅၅၄ ဧက၊နွေပဲတီစိမ်း ၂၈၈၉ ဧက၊ ငရုတ် ၁၆၃၀ ဧက၊ သရက် ၂၂၃၁ ဧက၊ ငှက်ပျော ၈၆၆ ဧက၊ သံပုရာ ၁၅၉ ဧက၊ ကွမ်း ၂၁ ဧက၊ ပြောင်း ၄၁ ဧက၊ခရမ်းချဉ်သီး ၄ ဧက၊ သင်္ဘော ၃ ဧက၊နေကြာ ၅ ဧကနှင့်သပြေ ၆ ဧက တို့ပျက်စီးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး၊စိုက်ပျိုးရေးဦးစီးဌာနမှ ကောက်ယူထားသောစာရင်းအရသိရသည်။

"ပျက်စီးသွားတဲ့ စိုက်ပျိုးဧကထဲက အစားထိုးအဖြစ် ထပ်မံစိုက်ပျိုးသွားမယ့် နေရာတွေမှာ မျိုးစေ့တွေ အလွယ်တကူရရှိအောင် ဆောင်ရွက်ပေးသွားမယ်။ အစားထိုးစိုက်ပျိုးတယ်ဆိုတာ   နွေနှမ်းစိုက်ခင်းပျက်စီးသွား တယ်ဆိုရင် နွေပဲတီစိမ်းနဲ့ အစားထိုးစိုက်ပျိုးတာတို့ လုပ်နိုင်တယ် ။ နွေပဲတီစိမ်း က စိုက်ပျိုးချိန် နှစ်လလောက်ပဲ ကြာတယ်ဆိုတော့ မိုးမှာ စိုက်ပျိုးမယ့်သီးနှံအတွက် အချိန်မီတယ်။ ဒီလိုစိုက်ပျိုးဖို့ကိုလည်း စာရင်းကောက်နေပါတယ်။"ဟု မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦး က ပြောသည်

အဆိုပါပျက်စီးဆုံးရှုံးမှုစာရင်းမှာ ဧပြီ ၂၅ ရက်အထိ ကောက်ခံထားသောစာရင်းဖြစ်ပြီး ဆက်လက်ကောက်ခံ နေဆဲဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနကသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly