နိုင်ငံခြားသားအလုပ်သမားများ ပိုမိုဝင်ရောက်လာနိုင်ရန် ဂျပန်အာဏာပိုင်များ နည်းလမ်း ရှာဖွေ

နိုင်ငံခြားသားအလုပ်သမားများ ပိုမိုဝင်ရောက်လာနိုင်ရန် ဂျပန်အာဏာပိုင်များ နည်းလမ်း ရှာဖွေ

တိုကျို၊ ဧပြီ၊ ၂၆ ။             ။ သက်ကြီးရွယ်အိုလူဦးရေအလျှင်အမြန်မြင့်တက်လာသည့် ပြဿနာနှင့်ရင်ဆိုင်နေရသော ဂျပန်အာဏာပိုင်များသည် ယခုအခါတွင် တိုင်းပြည်အတွင်းသို့   နိုင်ငံခြားသားအလုပ်သမားများ ပိုမိုဝင်ရောက်လာနိုင်မည့် နည်းလမ်းများကို ရှာဖွေလာခဲ့ပြီ ဖြစ်သည်။

ထိုကဲ့သို့ နိုင်ငံခြားသားအလုပ်သမား ပိုမိုဝင်ရောက်နိုင်မည့်နည်းလမ်းများကို ရှာဖွေရာ၌ တိုင်းပြည်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒများကို မထိခိုက်စေမည့်နည်းလမ်းများကို ဂျပန်လွှတ်တော်အမတ်များက အဓိကထားရှာဖွေလျှက်ရှိသည်။

တစ်နိုင်ငံလုံး တူညီသည့် ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်း ရှိသော ဂျပန်နိုင်ငံတွင် လူဝင်မှုကြီးကြပ်ရေးမူဝါဒများမှာ အထူးတင်းကျပ်ပြီးပြောင်းလွယ်၊ ပြင်လွယ်မရှိသလို   နိုင်ငံရေးသမားများကလည်း   နိုင်ငံခြားသားအလုပ်သမားများကို အလွယ်တကူဝင်ရောက်ခွင့်ပြုခြင်းဖြင့် ဂျပန်နိုင်ငံသား အလုပ်သမားများ၏ ထောက်ခံမှုကျဆင်းသွားမည်ကို စိုးရိမ်လျှက်ရှိသည်။

သို့သော်လည်း အလုပ်သမားဈေးကွက်အတွင်း အလုပ်သမားရှားပါးလာပြီး လုပ်အားနှုန်းကျဆင်းလာမှုများကြောင့် ဝန်ကြီးရှင်ဇိုအာဘေး၏ မူဝါဒရေးရာအဖွဲ့နှင့် လွှတ်တော်အမတ်များသည်   နိုင်ငံရေးအရအငြင်းပွားစရာများ ရှိလာနိုင်သည် ကိုသိသော်လည်း နိုင်ငံခြားသားအလုပ်သမားများ ဝင်ရောက်လာနိုင်စေမည့် နည်းလမ်းများကိုရှာဖွေရန်စဉ်းစားလာရခြင်း ဖြစ်သည်။

ဂျပန်နိုင်ငံ၏အာဏာရပါတီဖြစ်သော လစ်ဘရယ်ဒီမိုကရက်တစ်ပါတီသည် နိုင်ငံခြားသားများကို လျှောက်ထားခွင့်ပြုသည့် အလုပ်အကိုင်အမျိုးအစားများကို ယခုအပတ်အတွင်းမှာပင် တိုးချဲ့သွားဖွယ်ရှိနေပြီး ယခုနှစ်အတွင်းမှာပင် တိုင်းပြည် အတွင်းရှိ နိုင်ငံခြားသားအလုပ်သမားအရေအတွက်ကို ၁ သန်းအထိရောက်ရှိရန်မျှော်မှန်းလျှက်ရှိသည်။

ဂျပန်နိုင်ငံတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပတ်သတ်၍ မူဝါဒအပြောင်းအလဲနည်းပါးခဲ့ပြီး ထိုအချက်ကြောင့်ပင် လူမျိုးနှင့် ယဉ်ကျေးမှု အမျိုးအစားစုံလင်မှုမှာ ဂျပန်နိုင်ငံအတွက် အခြားသောနိုင်ငံများထက်ပိုပြီး ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လျှက်ရှိသည်။

လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ၏ လွှတ်တော်အမတ်များသည် လွန်ခဲ့သည့် ဆယ်နှစ်လောက်ကတည်းက လူဝင်မှုကြီးကြပ်ရေးမူဝါနှင့်ပတ်သတ်ပြီး ပြုပြင်ပြောင်းလဲရမည့်အချက်များကို တင်ပြခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။

သို့သော် ထိုကာလမှစတင်ပြီး ဂျပန်နိုင်ငံတွင် အလုပ်သမားရှားပါးမှုပြဿနာမှာ ပိုမိုဆိုးရွားလာခဲ့ကာ ကိန်းဂဏန်းအချက် အလက်များအရ ယခုထက်ပိုမိုဆိုးရွားလာဖွယ်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly