ဦးရွှေမန်း၏ ထုတ်ပြန်ချက် တပ်မတော် ပြိုကွဲရေးကို ဦးတည်ဟု တုန့်ပြန်

ဦးရွှေမန်း၏ ထုတ်ပြန်ချက် တပ်မတော် ပြိုကွဲရေးကို ဦးတည်ဟု တုန့်ပြန်

ဦးရွှေမန်း၏ တပ်မတော်သားများနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်တစ်ခုကို မြဝတီ မီဒီယာ၏ အင်တာနက် စာမျက်နှာတွင် ထုတ်ပြန်ချက်တစ်ခုဖြင့် ပြန်လည် တုန့်ပြန်ထားပြီး တပ်မတော် ပြိုကွဲရေးကို ဦးတည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ ထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

 

 

“သူရဦးရွှေမန်း၏ စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၁) ၏ (၄၇)နှစ်မြောက် ကျောင်းဆင်းပွဲနေ့ မေတ္တာမွန်” စာလွှာပါ ဖော်ပြမှုအပေါ် ထုတ်ပြန်ချက်

၁။ ဧပြီ ၂၃ ရက်နေ့တွင် ကျရောက်သည့် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၁)၏ (၄၇)နှစ်မြောက် ကျောင်းဆင်းပွဲနှစ်ပတ်လည် အထိမ်းအမှတ် မေတ္တာမွန်စာလွှာကို ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်း၏ တရားဝင် အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့သလို ၎င်း မေတ္တာမွန်စာလွှာ အပေါ်မူတည်၍ သတင်းစာ၊ ဂျာနယ်အချို့တွင် ထပ်မံထည့်သွင်းရေးသား ဖော်ပြခဲ့ကြပါသည်။

၂။ အဆိုပါစာပါ ညီနောင်များ(အမေ့သား)သည် စစ်တက္ကသိုလ်ကျောင်းဆင်းများကိုသာ သီးသန့်ရည်ညွှန်းသည့် သဘော သက်ရောက်စေသည့်အတွက် လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိများ၊ အငြိမ်းစားယူပြီးကြသော တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိများနှင့် စစ်မှုထမ်း(လက်ရှိ/အငြိမ်းစား) များအားလုံးအတွက် သွေးကွဲစေပြီး တပ်မတော်ပြိုကွဲရေးကိုပါ ဦးတည် သက်ရောက်စေသည်ကို တွေ့ရှိရပါသည်။

၃။ ပြည်သူများက ရွေးချယ်တာဝန်ပေးအပ်ထားသော အစိုးရအဖွဲ့က တာဝန်ယူ၊ တာဝန်ခံဆောင်ရွက်နေပြီး ထိုအစိုးရအဖွဲ့သည် နိုင်ငံတော်ကောင်းအောင် ပြည်သူ့အကျိုးစီးပွား ဖြစ်ထွန်းအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြချက်သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် သမိုင်းကြောင်းအရ ပေါ်ပေါက်ခဲ့သော ရွေးချယ်တင်မြောက်ခံ အစိုးရများအပါအဝင် အစိုးရအဆက်ဆက် လက်ထက်တွင် နိုင်ငံတော်နှင့် ပြည်သူ့အတွက် မည်သည့်အကျိုးစီးပွားကိုမျှ ဖော်ဆောင်လုပ်ကိုင်ပေးခဲ့ခြင်း မရှိသည့်သဘော သက်ရောက် စေသည်ကို တွေ့ရှိရပါသည်။

၄။ တို့ညီနောင်များကလည်း ဝမ်းမြောက်ဝမ်းသာ မုဒိတာတရားဖြင့် ပူးပေါင်းဆောင်ရွက်ရမည့် အချိန်အခါ ကောင်းဖြစ်ပါသည် ဟူသော ဖော်ပြချက်၌ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ မကျင်းပမီကာလနှင့် ရွေးကောက်ပြီး အစိုးရအဖွဲ့ဖွဲ့စည်းသည့် ကာလတစ်လျှောက်တွင် တပ်မတော်သည် ပြည်သူများက ရွေးချယ်သော အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု အစဉ်တစ်စိုက် ပြောဆို လုပ်ဆောင်ခဲ့သည် များကို လစ်လျူရှုလျက် တပ်မတော်က ပူးပေါင်းဆောင်ရွက်မှု မရှိသယောင် မြှောက်ပင့်ပေးသည့် သဘောထားကို သက်ရောက်စေကြောင်း တွေ့ရှိရပါသည်။

၅။ သို့ဖြစ်ပါ၍ သူရဦးရွှေမန်း၏ တရားဝင် အင်တာနက်လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားဖော်ပြချက် များနှင့် သတင်းစာ၊ ဂျာနယ်အချို့တွင် ထပ်ဆင့်ရေးသား ဖော်ပြချက်များသည် နိုင်ငံနှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်ခြင်းမရှိဘဲ တပ်မတော်ပြိုကွဲရေး၊ အစိုးရအဆက်ဆက်၏ နိုင်ငံတော်အတွက် လုပ်ဆောင်ချက်များနှင့် တပ်မတော်၏ ရပ်တည်ချက်၊ လုပ်ဆောင်ချက်များအပေါ် ပြည်သူများက အထင်မှား အမြင်မှား ဖြစ်စေနိုင်ပြီး အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ရည်မှန်းချက်ကို ထိခိုက်စေနိုင်သည့်အတွက် ကန့်ကွက်ပါကြောင်း ဖော်ပြအပ်ပါသည်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့

၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၆ ရက်

 

ဦးရွှေမန်း၏ ဧပြီ ၂၃ ရက် လူမှုကွန်ယက်တွင် ဖေါ်ပြချက်

 

စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၁)၏ (၄၇)နှစ်မြောက် ကျောင်းဆင်းပွဲနေ့ မေတ္တာမွန် နိုင်ငံနှင့် ပြည်သူများအကျိုးကို မေတ္တာ၊သစ္စာဖြင့် အုပ်ချုပ်မည့်သူများကို မုဒိတာဖြင့် ပါဝင်ကူညီဆောင်ရွက်နိုင်ကြပါစေ။

ညီနောင်များ(အမေ့သား)  ပြည်သူတွေဘာလိုချင်တာလဲ၊ ဘာဖြစ်ချင်တာလဲဆိုတာ၊ သိကြရပြီ။ တို့တစ်တွေကို အဖေ၊အမေက မွေးမြူပြုစုခဲ့တာ (၁၇/၁၈)နှစ်သား အထိသာ။  ဒီနောက်တော့ ပြည်သူနှင့် တိုင်းပြည်က 
ကျွေးမွေးစောင့်ရှောက် မြေတောင်မြှောက်ပေးခဲ့တယ်။ ဒီတာဝန်ကို တပ်မတော်က တာဝန်ယူ၊ တာဝန်ခံဆောင်ရွက်ပေးခဲ့တယ်။ တို့တစ်တွေသည်- ငါတို့သည် နိုင်ငံတော်မှ ကျွေးသော ထမင်းများကိုစား၍ နိုင်ငံတော်၏ သစ္စာကို စောင့်သိရိုသေပါမည်။ ငါတို့သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရိုသေ ပါမည်ဟု သစ္စာပြုထားသူများ ဖြစ်ပါသည်။ တို့တစ်တွေ သိတဲ့အတိုင်း ပြည်သူများက
ရွေးချယ်တာဝန် ပေးအပ်ထားသော အစိုးရအဖွဲ့က တာဝန်ယူ၊ တာဝန်ခံ ဆောင်ရွက်နေပြီ ဖြစ်ပါသည်။ ထိုအစိုးရအဖွဲ့သည် နိုင်ငံတော်ကောင်းအောင်၊
ပြည်သူအကျိုးစီးပွား ဖြစ်ထွန်းအောင် မေတ္တာ သစ္စာဖြင့်
နိုင်ငံနှင့် ပြည်သူ့အတွက် ဆောင်ရွက်မည်ဖြစ်ကြောင်း ကြားသိနေပါသည်။ တို့ညီနောင်များကလည်း ဝမ်းမြောက်ဝမ်းသာ မုဒိတာ တရားဖြင့် ပါဝင် ပူးပေါင်း ဆောင်ရွက်ရမည့် အချိန်အခါကောင်းဖြစ်ပါသည်။ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသော၊ တာဝန်ကျေသူ အဖြစ် ဆောင်ရွက်နိုင်ကြပါစေ။

မေတ္တာဖြင့်

သူရရွှေမန်း

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly