အတိတ်ကို ပြည်ဖုံးကားချချင်တဲ့ NLD လွှတ်တော်အမတ်

အတိတ်ကို ပြည်ဖုံးကားချချင်တဲ့ NLD လွှတ်တော်အမတ်

စစ်အာဏာရှင်ခေတ်ဆိုးကြီး တစ်စတစ်စမှေးမှိန်လာချိန်တွင် နိုင်ငံရေးအကျဉ်းသားအဖြစ် ဆယ်စုနှစ် နှစ်ခုကျော်ဖြတ်သန်းလာသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ်က အတိတ်ကိုရင်ဝယ်ပိုက်ထားခြင်း မရှိဘဲ အကောင်းမြင်သောခြေလှမ်းများဖြင့် ရှေ့ဆက်လှမ်းရန် အားသန်နေပြီဖြစ်သည်။

နေပြည်တော် (Myanmar Now)— ဘုံအဆင့်ဆင့်ဆောက်လုပ်ထားသည့် အဆောက်အဦများ၊အစိမ်းရောင် မြက်ခင်းတို့ လွှမ်းထားသောနေပြည်တော် လွှတ်တော်ဝင်းကြီးသည် နတ်ပြည်နတ်နန်းလော၊  သို့တည်းမဟုတ် မွန်းတည့်ချိန် ပြင်းထန်လွန်းသည့်   နေအပူရှိန်ကြောင့် ဖြစ်ပေါ်လာသော တံလျှပ်ခိုးများကြား သီးခြားတည်ရှိနေသော ထိုအဆောက်အအုံများသည် ငရဲပြည်လောဟု အမျိုးအမျိုး ထင်မှတ်မှားစရာ ရှိသည်။

အစိမ်းရောင်၊ အနီရောင်၊ အဝါရောင်ခြယ်ထားသော လွှတ်တော်အဆောက်အဦတစ်ခုအတွင်း သစ်သားစားပွဲကြီးတစ်ခုနောက်တွင် ပင်နီတိုက်ပုံ၊ ကချင်လုံချည်ဝတ်ဆင်ထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးသည် ၎င်း၏ ပြည်သူ့လွှတ်တော်ဆိုင်ရာ နိုင်ငံတကာဆက်ဆံရေးကော်မတီအတွင်းရေးမှှုး တာဝန်ဖြင့် အလုပ်များနေသည်။

သံရုံးဖိတ်ကြားစာများ၊ သံတမန်တို့၏တွေ့ခွင့်တောင်းဆိုမှှုများနှင့် ရင်ဆိုင်နေရသလိုရံဖန်ရံခါကော်မတီနှင့် မသက်ဆိုင်သောကိစ္စရပ်များ အကြောင်းဆွေးနွေးရန် စီးပွားရေးသမားများ၊ စီးပွားရေးအကျိုးဆောင်များ ချဉ်းကပ်လာမှှုကိုလည်း ဖြေရှင်းရကြောင်း၅၂ နှစ် အရွယ်ဦးဘိုဘိုဦးကဆိုသည်။

“ကျွန်တော်တို့နဲ့မဆိုင်တဲ့ ကိစ္စတွေအတွက် ခေါ်တွေ့လို့ဘာထူးမှာလဲ။ ကျွန်တော်တို့အလိုလိုက်လို့မရတာလေးတွေရှိတာပေါ့လေ၊ တစ်ခါတလေလည်း လူမှှုရေးအရကိုးလိုးကန့်လန့်ဖြစ်ရတယ်” ဟုသူကဆိုသည်။

လွှတ်တော်သစ်တွင် စစ်အစိုးရခေတ် နိုင်ငံရေးလှှုပ်ရှားမှှုများကြောင့် အထိန်းသိမ်းခံရသော နိုင်ငံရေးအကျဉ်းသားပေါင်း ရာနှင့်ချီပါဝင်ရာ၎င်းတို့အနက် ဦးဘိုဘိုဦးသည်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများအဖြစ် အမှောင်ခေတ်ကို ဖြတ်သန်းလာပြီး အာဏာနှင့်လုပ်ပိုင်ခွင့်များရရှိလာသည့် ယခုအချိန်တွင် ထိုအရာများ၏ ဖျက်ဆီးမှှုကိုမခံရရန် ဆင်ခြင်ရသည်မှာ စိန်ခေါ်မှှုတစ်ခုဖြစ်ကြောင်း သူကဆိုသည်။

“အကောင်းလောကဓံတွေလာနေပြီ၊ ခံနိုင်ဖို့ အရေးကြီးတယ်” ဟုသူကMyanmar Now နှင့် နေပြည်တော်တွင် မကြာသေးမီကတွေ့ဆုံစဉ် ပြောသည်။

၂ဝ၁၅ ရွေးကောက်ပွဲတွင် NLD အနိုင်ရခဲ့သည့် ရလဒ်အဖြစ် ဒီမိုကရေစီနည်းကျရွေးချယ်သည့် အရပ်သားအစိုးရသစ်ပေါ်ထွက်လာ၏။ သို့တိုင် တစ်ဖက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံရေး၊ အုပ်ချုပ်ရေးတွင် စစ်တပ်ကဆက်လွှမ်းမိုးထားဆဲဖြစ်သော်ငြားဒီမိုကရေစီကူးပြောင်းမှှုတွင် ပါဝင်လှှုပ်ရှားခဲ့သူအချို့ကတော့ စစ်အာဏာရှင်ခေတ်အမှောင်ကာလကြီးလွန်မြောက်၍ တိုင်းပြည် အနာဂတ် ဆက်လက်တိုးတက်လိမ့်မည်ဟုမျှော်လင့်နေကြသည်။

“တဖြည်းဖြည်းနဲ့တော့ ဆက်ပြီးပြောင်းနေမှာပါပဲ။ ကျွန်တော်ကတော့ တိုင်းပြည်အတွက် အကောင်းမြင်တဲ့စိတ်အပြည့်ရှိတယ်” ဟုဦးဘိုဘိုဦးကဆိုသည်။

အမှောင်ခေတ်မှ အလင်းခေတ်

စစ်အာဏာရှင်ခေတ် လူငယ်များစွာတို့ နိုင်ငံရေးလှှုပ်ရှားမှှုများကြောင့် အကျဉ်းချခံခဲ့ရပြီး ၎င်းတို့အနက် အချို့သောသူတို့မှာလူ့ဘဝ၏ အတက်ကြွဆုံးအရွယ်များကို သံတိုင်များနောက်တွင်ပင် ကုန်လွန်ခဲ့ကြရသည်။

ရန်ကုန်မြို့၏ ချမ်းသာသောမိသားစုတစ်စုတွင် ကြီးပြင်းလာသောဦးဘိုဘိုဦးလည်းထိုအုပ်စုထဲတွင် အပါအဝင်ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်တွင် အင်္ဂလိပ်စာအထူးပြုနောက်ဆုံးနှစ် တက်ရောက်နေစဉ် သူသည် ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးတွင် ပါဝင်ခဲ့ပြီးနောက်တစ်နှစ်အကြာတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

“ဖြစ်ချင်ခဲ့တာကတော့ အောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက်ပဲ။ ဒါပေမဲ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် နိုင်ငံရေးမှာပါဝင်ခဲ့တာပေါ့” ဟုသူကဆိုသည်။

သူ၏ လူငယ်ဘဝမှာရန်ကုန်ရှိအင်းစိန်ထောင်၊ စစ်အစိုးရခေတ် နိုင်ငံရေးအကျဉ်းသားများကို အနှိပ်စက်ဆုံးအကျဉ်းထောင်တစ်ခုဟု ဆိုစမှတ်ပြုသော မြင်းခြံထောင်တို့တွင် ကုန်ဆုံးခဲ့ရသည်။

ထိုမြင်းခြံထောင်တွင် ထောင်အာဏာပိုင်တို့က စည်းကမ်းထိန်း၊ တန်းစီးစသောရာထူးများတွင်  မုဒိမ်းလူသတ်မှှုများဖြင့် အကျဉ်းကျနေသောရာဇဝတ်သားတို့အား ခန့်အပ်ပြီး နိုင်ငံရေးအကျဉ်းသားများကို မျက်ခြည်မပြတ်စောင့်ကြည့်စေခဲ့ပြီး၊ မထင်ရင်မထင်သလိုရိုက်နှက်၏ ဟူသောနာမည်ဆိုးများ ယခုတိုင်ပြောစမှတ်ရှိသည်။

ဦးဘိုဘိုဦးအဖမ်းခံရစဉ်ကအသက် ၂၆ နှစ်ရှိပြီး ပြန်လည်လွတ်မြောက်လာသော ၂ဝဝ၉ ခုနှစ်တွင် သူသည် အသက် ၄၆ နှစ်ရှိပြီဖြစ်၏။

နှစ်ပေါင်း ၂ဝကျော် ထောင်နန်းစံခဲ့သောအချိန်များတွင် အစာရေစာမလုံလောက်ခြင်း၊ အကျဉ်းခန်းအတွင်းတစ်နေကုန် လှောင်ပိတ်ခံထားရခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှှု လုံလောက်စွာမရရှိခြင်းစသည့် ဒုက္ခများလွန်မြောက်၍ မြန်မာ့နိုင်ငံရေးအပြောင်းအလဲ ယခုကဲ့သို့ဖြစ်လာမည်ဟု ဘယ်သောအခါကမျှ မမျှော်လင့်မိခဲ့ကြောင်း၊ သို့သော် မြန်မာပြည်သည်   ကောင်းသည့်ဘက်သို့ ရောက်ရှိလာမည်ကို အမြဲယုံကြည်ခဲ့ကြောင်း ဦးဘိုဘိုဦးကဆိုသည်။

“ခဏခဏကျွန်တော်မေးခံရတယ်၊ ခုလို မြန်မာ့နိုင်ငံရေးအခြေအနေပြောင်းလဲတာရော၊ ကျွန်တော်လွှတ်တော်အမတ်ဖြစ်လာတယ်ဆိုတာရော ဒါတွေဖြစ်လာမယ်လို့ အရင်ကမျှော်လင့်ဖူးသလားလို့။ ကျွန်တော်တော့ တစ်ခါမှ ဒါတွေဖြစ်လာမယ်လို့ တကယ့်ကိုမတွေးမိဘူးဗျ” ဟုသူကဆိုသည်။

၁၉၉ဝပြည့်လွန်နှောင်းပိုင်းကာလလေတပ်ဦးစီးချုပ်ဖြစ်လာမည့် အဆင့်မြင့်စစ်အရာရှိတစ်ဦး၏ သမီးဖြစ်သူသူ၏ ဇနီးကသူအကျဉ်းကျနေစဉ် ကာလအတွင်းသူ့ကိုကွာရှင်းခဲ့သည်။ သူထောင်မှ မလွတ်မီ နှစ်အနည်းငယ်အလိုတွင် သူ၏ဖခင်လည်းကွယ်လွန်ခဲ့သည်။

သူ့ဇနီးကသူ့အားစွန့်ခွာခဲ့ပုံနှင့်ပတ်သက်၍မေးမြန်းရာ"ဒါဟာတော်တော်ဆိုးတဲ့ အတွေ့အကြုံပါပဲ" ဟုသူကဆိုပြီးအသေးစိတ်ကိုရှင်းပြရန် ငြင်းပယ်ခဲ့သည်။

၂ဝဝ၉  ခုနှစ် သူလွတ်မြောက်လာပြီးနောက် ဘဝသစ်တစ်ခုကို လျင်မြန်စွာတည်ဆောက်လိုက်သည်။ သူနှင့် အတူတစ်နေ့တည်း  မြန်မာနိုင်ငံအထက်ပိုင်း  မြင်းခြံထောင်မှ လွတ်မြောက်လာသူနိုင်ငံရေးအကျဉ်းသား မခင်မိုးအေးနှင့်မကြာခင် လက်ထပ်ပြီး မိုးခအမည်ရပန်းချီပြခန်းတစ်ခုကိုလည်း ရန်ကုန်တွင်ဖွင့်လှစ်ခဲ့သည်။

ထို့နောက်တွင် NLD သို့ဝင်ရောက်၍ နိုင်ငံရေးလောကကိုတစ်ဖန်ခြေစုံပစ်ဝင်ပြီး ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲမဲဆွယ်လှှုပ်ရှားမှှုများ၊ ပါတီလှှုပ်ရှားမှှုများတွင် ရန်ကုန်တိုင်း ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင် အဖြစ်လည်းကောင်း၊ စမ်းချောင်းမြို့နယ် NLD ဒုဥက္ကဋ္ဌအဖြစ်လည်းကောင်း တက်ကြွစွာပါဝင်လုပ်ဆောင်ခဲ့သည်။

၂၁၁၅ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရာအနိုင်ရရှိခဲ့ပြီး ယခုအခါလွှတ်တော်ကော်မတီတစ်ခု၏ အတွင်းရေးမှူး၊ရန်ကုန်တိုင်းဒေသကြီးNLD လွှတ်တော်အမတ်များ၏ ဆော်သြရေးမှူးအဖြစ်လည်းတာဝန်ယူထားသည်။

ဒီမိုကရေစီဖြစ်ထွန်းလာမှှု၏ တစ်စိတ်တစ်ဒေသဖြစ်သောလက်ရှိသူ၏ လွှတ်တော်အမတ်ဘဝ နှင့် စစ်အာဏာရှင်ခေတ် ယခင်ကသူ၏အကျဉ်းစံဘဝကို ပြန်ပြောင်းနှှိုင်းယှဉ်သည့်သဘောဖြင့် “အခုတော့ အကောင်းတွေချည်းဖြစ်နေတာဗျ။ ဖေဖော်ဝါရီ ၁ ရက် ကျမ်းသစ္စာကျိန်တဲ့နေ့မှာတောင် ထီတစ်သိန်းဆုပေါက်တယ်ဗျ” ဟုသူကဆိုသည်။

တစ်မိုးတည်းအောက် အမတ်များ

လွှတ်တော်နှင့် မိုင်အနည်းငယ်အကွာတွင် တည်ရှိသောစည်ပင်သာယာရိပ်သာဆိုသည်မှာ နိုင်ငံတဝန်းမှရောက်ရှိလာကြသော ပြည်ထောင်စုလွှတ်တော်အမတ်အများစု တည်းခိုသည့် နေရာဖြစ်သည်။

ကွန်ကရစ်ကြမ်းခင်း၊  ရေချိုးခန်း၊ အိမ်သာ၊တစ်ယောက်အိပ် သစ်သားခုတင် သုံးလုံးပါဝင်သောထိုအခန်းသည် အဆောင်အယောင်ကင်းမဲ့လှသော်လည်း ဦးဘိုဘိုဦးကဲ့သို့သော   နိုင်ငံရေးအကျဉ်းသားဟောင်းများ အတွက် မူထောင်ခန်းများနှင့်စာလျှင် ပိုမိုကောင်းမွန်သောနေရာထိုင်ခင်းဖြစ်နေသည်။

ပျင်းရိငြီးငွေ့စရာကောင်းလှသော နေပြည်တော်ဘဝအားလပ်ချိန်များတွင် ရေကူးခြင်း၊ စာဖတ်ခြင်းဖြင့် အချိန်ကုန်ရကြောင်းဦးဘိုဘိုဦးကဆိုသည်။

“ဒီမှာထောင်နဲ့တူတာဆိုလို့ ညဘက်တစ်ယောက်တည်း အိပ်ရတဲ့အခါမှာပေါ့။ တစ်ခါတလေညဘက် ပူလို့အိပ်မရဘူး”ဟုသူကဆိုသည်။

သူကရန်ကုန်ရှိ မိသားစုကိုခွဲခွာပြီး လွှတ်တော်တက်ရန် ရောက်နေသည့် မြို့တော်ကြီးတွင်  မိတ်ဆွေများနှင့် တွေ့ဆုံလည်ပတ်နိုင်ခြင်းမရှိဟုဆိုသည်။

ရန်ကုန် NLD လွှတ်တော်အမတ်များ၏ ဆော်သြရေးမှူးလည်းဖြစ်သောကြောင့် ထိုအမတ်များ လွှတ်တော်တက်နေသည့်ကာလအတွင်းကျန်းမာရေး၊ စားဝတ်နေရေးအဆင်ပြေစေရန်လည်းစီမံရသည်။

“ပါတီရဲ့မူဝါဒတွေနဲ့မတိမ်းမစောင်းသွားအောင် လိုက်လုပ်ရတယ်။ တစ်ခါတလေစိတ်ဓာတ်မြှင့်တင်ရေးတွေလည်း လုပ်ရတယ်။ နောက်ပြီးလာဘ်ပေးလာဘ်ယူကိစ္စဆိုတာ ပုဂ္ဂလိက အခက်အခဲကြောင့်လည်း ဖြစ်လာရတာရှိတယ်။ ဒါ့ကြောင့် ယုတ်စွအဆုံးငွေလိုရင်ပြောပါ၊ ကျွန်တော်တို့ချေးပါမယ်၊ အဲဒီလောက်ထိတောင်ပြောသွားတာ။ ဒါဟာသိပ်ကို အရေးကြီးတယ်၊ ကျွန်တော်တို့ပါတီရဲ့ အသက်ဗျ” ဟုသူကဆက်၍ဆိုသည်။

အတိတ်ကိုပြည်ဖုံးကားချရမယ်

နိုဝင်ဘာ ၈ရွေးကောက်ပွဲနေ့ ညနေခင်းမဲရေတွက်အပြီးသူအပြတ်အသတ်နိုင်သွားသဖြင့် ထောက်ခံသူမဲဆန္ဒရှင်များပြုံးပျော်နေချိန်တွင် ဦးဘိုဘိုဦးတစ်ယောက် မျက်ရည်ဝဲမတတ်ဖြစ်ခဲ့ရသည်။ သူ့ကဲ့သို့ ၁၉၈၈ ဒီမိုကရေစီသပိတ်မှစ၍ နှစ်ပေါင်း ၂ဝကျော်အတွင်းအာဏာရှင်ဆန့်ကျင်ရေးတွင် ပါဝင်ခဲ့ပြီးဖမ်းဆီးအကျဉ်းချခံရသူများထဲမှ အချို့မှာကွယ်လွန်ခဲ့ပြီဖြစ်သောကြောင့် ယခုကဲ့သို့ သမိုင်းဝင်မြင်ကွင်းကို တွေ့မြင်ခွင့်မရနိုင်တော့ပေ။

“ကျွန်တော်တို့ ရဲဘော်ရဲဘက်တွေအတွက် စိတ်မကောင်းဘူးဗျာ” ဟုသူကဆိုသည်။

သို့သော် နိုင်ငံပြန်လည်ထူထောင်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့မှာအရေးတကြီးဆောင်ရွက်ရမည့် လုပ်ငန်းများ ဖြစ်သောကြောင့်  နိုင်ငံရေးတက်ကြွလှှုပ်ရှားသူများကို ဖမ်းဆီးနှိပ်စက်ခဲ့သော ယခင်စစ်ဗိုလ်ချုပ်များအား အရေးယူရန် မလိုလားကြောင်းဦးဘိုဘိုဦးကဆိုသည်။

 “Justice (တရားမျှတမှှုပြန်လည်ရှာဖွေရေး) ကိုမစဉ်းစားသင့်တော့ဘူး။ Justiceဆိုတာလက်စားချေတာတစ်မျိုးပဲ။ သူတို့ ဗိုလ်ချုပ်တွေ ချောချောမွေ့မွေ့ Exit (နိုင်ငံရေးစင်မြင့်မှထွက်ခွာ)ဖြစ်အောင် မနည်းလုပ်နေရတယ်” ဟု မြန်မာ့နိုင်ငံရေးတွင် ဆက်လက်လွှမ်းမိုးထားသောစစ်တပ်ကဏ္ဍအားရည်ညွှန်း၍ သူကပြောလိုက်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly