“စစ်ပွဲများက အဖြေမှန်ကို မပေးနိုင်ပါ”

“စစ်ပွဲများက အဖြေမှန်ကို မပေးနိုင်ပါ”

မနေ့တုန်းက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့နှဲရွာအနီး အာရှလမ်းသစ်ကြီးပေါ်မှာ ကရင်လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့နဲ့ အစိုးရစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုတဲ့ သတင်းကို အင်တာနက် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဖတ်ရပါတယ်။

အခုလို တိုက်ပွဲမျိုးတွေကတော့ ကရင်ပြည်နယ်မှာ သိပ်ပြီး မထူးဆန်းတော့တဲ့ သတင်းလို့ တောင်မှ ပြောလို့ရမယ် ထင်ပါရဲ့။ ဒီတခါ ဘာ့ကြောင့် တိုက်ပွဲဖြစ်ကြရပြန်တာလဲဆိုတဲ့ ထင်မြင်ယူဆ ချက်တွေကတော့ အမျိုးမျိုးပါပဲ။ အဲဒီ အာရှလမ်းမကြီးပေါ်မှာ လက်နက်ကိုင်တွေက ဂိတ်တွေ ဖွင့်ပြီး ကားတွေဆီက ဂိတ်ကြေးတောင်းနေတဲ့ကိစ္စ အစိုးရက ဖျက်သိမ်းဖို့ လုပ်လို့ တိုက်ပွဲဖြစ် တယ် ဆိုတဲ့ သတင်း၊ အစိုးရတပ် တိုင်းမှူး လာမှာဖြစ်လို့ ဂိတ်တွေဖယ်ပေးဖို့ တောင်းဆိုရာက ဖယ်မပေးချင်တဲ့ အဲဒီ ကရင်လက် နက်ကိုင်တပ်နဲ့ တိုက်ပွဲဖြစ်တာလို့လည်း ကြားရပါတယ်။

ဘယ်လိုပဲဖြစ်စေ လက်နက်ကိုင် ပဋိပက္ခရယ်လို့ ဖြစ်လာတဲ့အခါ အဲဒီဒေသက ဒေသခံပြည်သူ တွေရဲ့ လုံခြုံအေးချမ်းရေးဟာ အာမခံချက် မရှိ ဖြစ်ရတော့တာပါပဲ။ ခရီးသည်တွေ၊ ဈေးရောင်း ဈေးဝယ်တွေ အားလုံး ခရီးစဉ်တွေပျက်၊ ဈေးရောင်း ဈေးဝယ် လုပ်ငန်းရပ် အစရှိတဲ့ အကျိုးဆက်တွေ ကလည်း ချက်ချင်းဖြစ်လာရတာပါပဲ။ အနှစ်သာရကတော့ အဲဒီဒေသ ဟာ တိုက်ပွဲတွေ အချိန်ကြာရင် ကြာသလောက် ငြိမ်းချမ်းရေး ပျက်ပြားပြီး လူထုအားလုံး နစ်နာကြရတဲ့ အဖြေကပဲ အနိဋ္ဌာရုံ အနှစ်သာရကို လက်ခံကြရတော့တာပါပဲ။

မိမိတို့ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှုဖြစ်စဉ်တွေကို ပြန်ကြည့်ရင် တချို့ကတော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး မရရှိနိုင်တာဟာ သက်ဆိုင်သူအားလုံးက စစ်မှန်တဲ့ ငြိမ်းချမ်းရေး လိုလားတဲ့ စိတ် မရှိကြလို့သာ ဖြစ်တယ်လို့ ဝေဖန်ကြတာလည်း ရှိပါတယ်။ တချို့ကလည်း နှစ်ပေါင်း ခြောက်ဆယ်ကျော် ဖြစ်ပွားလာတဲ့ စစ်ပွဲတွေကို နေ့ချင်း ညချင်း ရပ်တန့်အောင် လုပ်ဖို့ဆိုတာ စိတ်ကူး ယဉ်လွန်းရာ ကျတယ်လို့လည်း ယူဆကြ ပါတယ်။

တချို့ကတော့ အစိုးရဘက်က ချမှတ်ထားတဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှု မူအချက်အလက် တချို့ဟာ တခြားလက်နက်ကိုင် အင်အား စုတွေ ဘယ်လိုနည်းနဲ့မှ လက်မခံနိုင်တဲ့ အချက်တွေ ပါနေတယ်လို့လည်း ဆိုကြပါတယ်။ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့အဖွဲ့ တာဝန်ရှိသူတစ်ဦး ကတော့ ဒီတစ်ခါ ငြိမ်းချမ်းရေး သဘောတူညီချက်၊ အပစ်အခတ်ရပ်စဲရေးကို လက်မှတ် မထိုးနိုင်ဘူး ဆိုရင် သမိုင်းမှာ ဒီလိုအခွင့်အရေးမျိုး နှစ်ခါ ပြန်မရနိုင်လောက်အောင် ငြိမ်းချမ်းရေးနဲ့ ဝေးသွားနိုင် တယ်ဆိုတဲ့ အဓိပ္ပာယ်ဆောင်တဲ့ စကားကိုတောင်မှ ထုတ်ဖော်ပြောကြား တောင်းဆိုလာရတဲ့အထိ ဖြစ်လာပါတယ်။

မနေ့တုန်းက ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခကို ကြည့်ရင် အများထင်မြင်ယူဆချက်တွေ အပေါ် မူတည်ပြီး သုံးသပ်မယ်ဆို ရင် မိမိတို့ တိုင်းပြည်မှာ လက်နက်ကိုင် ပဋိပက္ခတစ်ခု ဖြစ်ဖို့ဆိုတာ ထမင်းစား ရေသောက် သဘောတောင်မှ သက်ရောက်နေ သလားလို့ပင် စိတ်ပူမိပါတယ်။ လူအချင်း ချင်း သတ်ဖြတ် တိုက်ခိုက်ရတဲ့ အလုပ်ဆိုတာမျိုးက ဒီလို အလွယ်တကူ အချိန် မရွေး ဖြစ်လာနိုင်တယ်၊ ဖြစ်လာနေကြတယ် ဆိုတဲ့ အခြေအနေမျိုးမှာ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်လို့ ရနိုင်ပါ့ မလားဆိုတဲ့ စောဒကတွေ လည်း ပေါ်ပေါက်လာရပါတယ်။

စစ်ပွဲတွေဟာ နိုင်ငံရေးရဲ့အဆက် ဖြစ်တယ်။ နိုင်ငံရေးအရ ဖြေရှင်းလို့ မရလို့ စစ်ပွဲနဲ့ ဖြေရှင်းရတာ ဖြစ်တယ်လို့ တချို့က ယူဆ ကြတာ ရှိပါတယ်။ ဒါပေမယ့် နောက်ဆုံးမတော့ ကမ္ဘာ့သမိုင်းကို ပြန်ကြည့်ရင် ပြဿနာတွေဟာ ဘယ်လောက်ပဲ စစ်ပွဲတွေ နဲ့ ဖြေ ရှင်းသည်ဖြစ်စေ စစ်မှန်စွာ ပြီးပြတ်သွားတာမျိုး မရှိဘဲ နိုင်ငံရေးအရ ဖြေရှင်းတဲ့ အချိန်ကာလတစ်ခုဆီ ပြန်သွားပြီး နိုင်ငံရေးအရပဲ စစ်ပွဲတွေကို နိဂုံးချုပ်စေခဲ့တာ အထင်အရှား ရှိပါတယ်။

ဒါကြောင့်မို့ မိမိတို့ တိုင်းပြည် ကံမကောင်း အကြောင်းမလှစွာ လက်နက်ကိုင် အဖွဲ့အစည်း ပေါင်းစုံ ဘယ်လောက်ပင် များပြား စွာ ပေါ်ပေါက်နေခဲ့သည် ဖြစ်ပစေ လူထုမျက်နှာ တိုင်းပြည်မျက်နှာ ကြည့်ပြီး ကိုယ့်ရပ်ကိုယ့်ဒေသ ပြည်သူတွေကို ငဲ့ပြီး ကိုယ့် မိသားစု လုံခြုံအေးချမ်းစွာ နေထိုင်နိုင်ရေးကို ထည့်သွင်း စဉ်းစားပြီး ပြဿနာများကို လက်နက်နဲ့ စကားမပြောကြဘဲ တွေ့ဆုံဆွေးနွေး ဖြေရှင်းကြဖို့ ကိုသာ တိုက်တွန်းချင်ပါတယ်။

တကယ်တော့ စစ်ပွဲတွေဟာ ပြဿနာရဲ့အဖြေမှန်ကို ရှာမပေးနိုင်ဘဲ ပြည်တွင်းစစ် မီးလျှံကြီး ပေါ် ဓာတ်ဆီ ထပ်လောင်း သလိုသာ ဖြစ်နေမှာ အသေအချာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly