ဖိလစ်ပိုင်အစ္စလာမ်သူပုန်အဖွဲ့ ပြန်ပေးငွေ မပေး၍ ကနေဒါဓားစားခံအား သတ်ဖြတ်

ဖိလစ်ပိုင်အစ္စလာမ်သူပုန်အဖွဲ့ ပြန်ပေးငွေ မပေး၍ ကနေဒါဓားစားခံအား သတ်ဖြတ်

မနီလာ၊ ဧပြီ ၂၆ ။            ။ ဖိလစ်ပိုင်နိုင်ငံတွင် လများစွာ ဓားစားခံပြန်ပေးဆွဲထားသည့် ကနေဒါနိုင်ငံသားအား အစ္စလာမ်အစွန်းရောက်အဖွဲ့က သတ်ပစ်လိုက်သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက အဘူဆေယတ်ဖ်အစွန်းရောက်အဖွဲ့က ကမ္ဘာလှည့်ခရီးသွားအပန်းဖြေရာနေရာမှ အသက် ၆၈ နှစ်ရှိ ကနေဒါသား ဂျွန်ရိုက်ဒယ်ကို အခြားသူသုံးဦးနှင့်အတူ ပြန်ပေးဆွဲသွားခြင်းဖြစ်သည်။

ပြန်ပေးငွေမပေးပါက ဓားစားခံများမှ အမျိုးသားတစ်ဦးဦးကို ဧပြီ ၂၅ ရက်တွင် သတ်ပစ်မည်ဖြစ်ကြောင်း ယင်းအဖွဲ့က ကြေညာထားခဲ့ခြင်းဖြစ်သည်။

ဂျွန်အသတ်ခံရခြင်းကို အတည်ပြုလျက် ကနေဒါဝန်ကြီးချုပ်က ယင်းသတ်ဖြတ်မှုသည် သွေးအေးသည့် သတ်ဖြတ်မှုဖြစ်ကြောင်း ပြောဆိုလိုက်သည်။

ဂျွန်သည် ဒါဗာအိုမြို့အနီးမှ အခြားသော ကနေဒါတစ်ဦး၊ နော်ဝေတစ်ဦးနှင့် ဖိလစ်ပိုင်အမျိုးသမီးတစ်ဦးတို့နှင့်အတူ ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်သည်။

၎င်းတို့ကို မိုင် ၃၀၀ အကွာ ဂျိုလိုကျွန်းအထိ ခေါ်ဆောင်သွားခဲ့သည်။ ဓားစာခံများအား လွှတ်ပေးလိုလျှင် အမေရိကန်ဒေါ်လာ သန်း ၈၀ ပေးရမည်ဟု နိုဝင်ဘာလအတွင်းက ယင်းအဖွဲ့က ဗီဒီယိုထုတ်လွှင့်ခဲ့သည်။

အဆိုပါ ပြန်ပေးငွေအား မပေးဆောင်ပါက ဂျွန်ကို သတ်ပစ်မည်ဟုလည်း နောက်ပိုင်းတွင် ခြိမ်းခြောက်ပြောဆိုထားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly