ခက်ခဲပင် ခက်ခဲသော်ငြားလည်းပဲ

ခက်ခဲပင် ခက်ခဲသော်ငြားလည်းပဲ

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ကြရမယ်ဆိုတာ အားလုံးအသိ ဖြစ်ပါတယ်။ ဘာပြု လို့လည်းဆိုတော့ အဲဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပြည်သူလူထု ကိုယ်စားလှယ်တွေက ပြည်သူတွေကိုယ်စား ရေးဆွဲခဲ့တာ မဟုတ်လို့ပါပဲ။ ဒါ့အပြင် အရေးအကြီးဆုံးအချက်က အဲဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ စစ်အာဏာရှင်များ စိတ်တိုင်းကျ ရေးဆွဲထားတဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး ရည်ရွယ်ချက်နဲ့ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်နေတာကြောင့်လည်းပဲ ပြင်ကြရမှာ ဖြစ်ပါတယ်။ နောက်ထပ် အရေးကြီးတဲ့အချက် ရှိပါသေးတယ်။ အဲဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအပြင် ဒီမိုကရေစီ လမ်းကြောင်းများကို ရည်ရွယ်ချက်ရှိရှိ ပိတ်ပင်ဟန့်တားထားတဲ့ ဥပဒေများ ပါဝင်နေတဲ့အတွက်လည်း ပြင်ကြရမှာ ဖြစ်ပါ တယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်လို့မရနိုင်ဘူး ဒါမှမဟုတ် ပြင်ဆင်ဖို့ မလွယ်ကူဘူးလို့ ပြောတဲ့သူတွေ ရှိပါတယ်။ ဘာပြုလို့လည်းဆိုတော့ ပြင်ဆင်လို့မရအောင် ပြဌာန်းထားတဲ့ ဥပဒေတွေ ပါဝင်နေတာကြောင့် ဖြစ်တယ်လို့လည်းဆိုပါတယ်။ သေချာတာကတော့ စစ်အာဏာရှင်တွေဟာ သူတို့ ရေးဆွဲထားတဲ့ ဥပဒေတွေကို တချိန်ကြရင် လူထုက ပြင်ဆင်နိုင်ဖို့ ကြိုးပမ်းကြလိမ့်မယ်ဆိုတာ ကောင်းကောင်းကြီးကြိုသိထားခဲ့ကြပြီးဖြစ်တာကြောင့် ပြင်လို့မရအောင် ပြင်ဖို့ရာမဖြစ်နိုင်တဲ့ ဥပဒေ သတ်မှတ်ချက်တွေနဲ့ အကာအရံလုပ်ထားခဲ့တာ အထင်အရှားပါပဲ။

ဒါဆိုရင် ပြင်လို့မရတဲ့အတွက် ကျနော်တို့ ပြည်သူတွေဟာ ပြင်ဆင်ဖို့ မစဉ်းစားကြတော့ဘဲ ဒီ စစ်အာဏာရှင်စနစ် အခြေခံ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ပဲ တသက်လုံး စခန်းသွားကြတော့ မှာလား။ ဒါလည်း မဖြစ်နိုင်ပါဘူး။ သေချာတာကတော့ စစ်အာဏာရှင်တွေ ကြိုတင်တွက်ချက်ခဲ့သလို ပြည်သူတွေဟာ အခုဆိုရင် သူတို့ကို ကိုယ်စားပြုတဲ့သူတွေက တဆင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပ ဒေကို ပြင်ဆင်နိုင်ဖို့ တာစူလာကြပြီ ဖြစ်ပါတယ်။ ပြည်သူ့ကိုယ်စားလှယ်တွေဟာ ဥပဒေပြုရေးအာ ဏာရှိတဲ့ လွှတ်တော်ထဲ ဝင်ရောက်လာခဲ့ကြဖြစ်သလို ပြည်သူကို ကိုယ်စားမပြုတဲ့ သူအများစုကို လွှတ်တော်ထဲက အောင်မြင်စွာ ဖယ်ရှားပစ်လိုက်ပြီလည်း ဖြစ်ပါတယ်။

ဒီနေရာမှာ ဒီမိုကရေစီ စံချိန်စံနှုန်းနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခုဖြစ်လာဖို့ လက်ရှိ ၂၀၀၈ ဥပဒေကို ပြင်ဆိုဖို့ စဉ်းစားကြတဲ့အခါ ပထမဆုံး ကျနော်တို့ သတိပြုရမယ့်အချက်က အဲဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်အတွင်းမှာပဲ သူ့လက်နက်ကို ကိုယ့်လက်နက်ဖြစ်အောင် လုပ်လို့ရတဲ့ ဥပဒေတွေကို ဦးစွာပထမ ဆွဲထုတ်ကြရမှာ ဖြစ်ပါတယ်။ ဥပမာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကို ကိုယ့်အတွက်ဖြစ်အောင် ပါးနပ်လျင်မြန် မှန်ကန်စွာ အသုံးချနိုင်ခဲ့တာမျိုးနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာအောင် ဒီ ၂၀၀၈ ဖွဲ့စည်းပုံ ဘောင်အတွင်းကပဲ ရအောင် လုပ်ယူ သွားလို့ရတဲ့ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ လစ်ဟာချက်တွေကို ဦးစွာ လေ့လာကြရမှာ ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ လွှတ်တော်တွင်း နိုင်ငံရေးကစားကွက် ဖြစ်ပါတယ်။ ကံကောင်းတဲ့အ ချက်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ လူတစ်စုအတွက် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံဖြစ်တာမို့ သို့မ ဟုတ် ဒီမိုကရေစီမကျတဲ့ ဥပဒေဖြစ်တာမို့ လူထုအတွက် ဒီမိုကရစီနည်းကျတဲ့ ဥပဒေအဖြစ် ပြောင်းလဲ ဖို့ တောင်းဆိုတဲ့အခါ ဒီလိုတောင်းဆိုမှု တင်ပြမှုကို ကန့်ကွက်မယ့်သူတွေအတွက် ဂုဏ်သိက္ခာအရ၊ လူမှုကျင့်ဝတ်အရ အခက်အခဲတွေ ရှိလာရမှာ ဖြစ်ပါတယ်။ ဂျပိုးကို လိပ်ဖြစ်တယ်လို့ပြောခြင်းဟာ တကြိမ်ဟုတ်တယ် နှစ်ကြိမ်ဟုတ်တယ်၊ သုံးချိန်ဆိုရင်တော့ တတိုင်းပြည်လုံးရဲ့ လက်ညှိုးထိုးခြင်း ခံကြရမယ့်ဒဏ်ကို ခံကြရမှာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိ အာဏာရပါတီခေါင်းဆောင်ပြောတဲ့ စကားအရ ပြည်သူတွေ မထိခိုက်စေနိုင် တဲ့ နည်းလမ်းများနဲ့ ရှေ့ဆက်သွားမှာ ဖြစ်တယ်ဆိုတဲ့တိုင်း ပြည်သူတွေရဲ့ဆန္ဒသဘောထား၊ ပြည်သူ တွေရဲ့ အာရုံကိုင်းညွှတ်မှု ချဉ်းကပ်မှုအသစ်နဲ့ နည်းလမ်းရှာမယ်ဆိုရင် မအောင်မြင်နိုင်စရာ အကြောင်းမရှိပါဘူး။

ဒါကြောင့်မို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ရန် ခက်ခဲမယ်ဆိုတာ လက်ခံပေ မယ့် ပြင်လို့မရတဲ့ အရာဆိုတာကိုလည်း ငြင်းပယ်ကြရမှာပါ။ ပြင်လို့ရတဲ့နည်းလမ်းတွေ ရှာကြရပါ မယ်။ ပြင်ချင်တဲ့စိတ် တနည်းအားဖြင့် အာဏာရှင် အတွေးအခေါ်ကို စွန့်ပြီး ဒီမိုကရေစီ အတွေးအခေါ် ထွန်းကားကျယ်ပြန့်လာအောင် စည်းရုံးဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ တချိန်တုန်းက ဒေါ်ဆောင်စု ကြည် ပြောဖူးတဲ့ စကားလိုပါပဲ။ လွှတ်တော်ထဲ လူထုကိုယ်စားလှယ်မဟုတ်သူ ၂၅ ရာခိုင်နှုန်းကို လွှတ်တော်ထဲက ထွက်သွားအောင် လုပ်ဖို့မလိုဘူး ဒီမိုကရေစီဘက် ပါလာအောင်လုပ်ဖို့ပဲ လိုတာပါဆို တဲ့စကားအတိုင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး နည်းလမ်းများကို ရှာဖွေနိုင်ကြဖို့ မဇ္ဈိမ က တိုက်တွန်းလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly