ဘူးသီးတောင်မြို့နယ်အတွင်းမှ စစ်ဘေးရှောင်ဒုက္ခသည်များ ကျန်းမာရေးစောင့်ရှောက်မှုများလိုအပ်နေ

ဘူးသီးတောင်မြို့နယ်အတွင်းမှ စစ်ဘေးရှောင်ဒုက္ခသည်များ ကျန်းမာရေးစောင့်ရှောက်မှုများလိုအပ်နေ

ဧပြီ ၂၅ ။              ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် ဧပြီလအတွင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဘူးသီးတောင်မြို့နယ် အတွင်းသို့ နေရပ်စွန့်ခွာလာခဲ့ကြသည့် စစ်ဘေးရှောင် ဒုက္ခသည်များမှာ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေကြောင်း သိရသည်။

သြင်္ကန်ကာလအတွင်းကရသေ့တောင်မြို့နယ်အတွင်း ရခိုင်တပ်မတော်(AA)နှင့် မြန်မာအစိုးရတပ်တို့ ထိတွေ့ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံများမှာကြောက်ရွံ့ကာ   ယခုကဲ့သို့ ထွက်ပြေး တိမ်းရှောင် လာနေကြခြင်းဖြစ်ကြောင်း၊ ယင်းဒုက္ခသည်များအား ဘူးသီးတောင်မြို့နယ်အတွင်းရှိ စည်တောင်ကျေးရွာနှင့် သရက်ပြင်ကျေးရွာတို့တွင် ဒုက္ခသည်ပေါင်း ၄၀၃ဦးတို့အား ယာယီနေထိုင်ခွင့်ပေးထားကြောင်း သိရသည်။

“စစ်ဘေးရှောင်လာကြတဲ့ ရွာသားတွေကတော့ မနေ့ကအထိ တိုးလာနေတာရှိပါတယ်။ဒီနေ့တော့လောလောဆယ်မှာ မရှိသေးပါဘူး။ အခု သူတို့ကိုကျေးရွာနှစ်ရွာမှာ ထားပါတယ်။ စည်တောင်ရွာမှာက ၃၉၈ ယောက်။ သရက်ပြင်ရွာမှာ ၇၅ ယောက်ရှိနေပါပြီ။ တိုက်ပွဲအခြေအနေအပေါ်မှာ မူတည်ပါတယ်။ တိုက်ပွဲပြင်းထန်ရင်တော့ ထပ်ရောက်လာမှာပါပဲ။ "ဟု ဘူးသီးတောင်မြို့နယ်   ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းကပြောသည်။

စားသောက်ရေးကိစ္စများအတွက် ဘူးသီးတောင်ရှိ အဖွဲ့အစည်းများနှင့် ရသေ့တောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များက ကူညီပေးထားကြောင်း ဧပြီ ၂၂ရက်နေ့တွင်   ထောက်ပံ့ကူညီရေးအဖွဲ့တစ်ဖွဲ့ကိုဖွဲ့စည်းလိုက်ကြောင်း ၎င်းကရှင်းပြသည်။

စစ်ဘေးရှောင်များ ယာယီခိုလှုံနေကြသည့် ကျေးရွာမျာမှာရသေ့တောင်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့သည့်နေရာနှင့် နီးကပ်စွာတည်ရှိနေသည့်အတွက် လုံခြုံမှုမရှိနိုင်ကြောင်း၊ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာပါက အဆိုပါကျေးရွာများမှ ထပ်မံ၍ တိမ်းရှောင်မှုများပြုလုပ်ရနိုင်ကြောင်း တိုက်ပွဲများဆက်လက်ဖြစ်ပွားမှုအပေါ်မှာ မူတည်နေကြောင်း ၎င်းကဆိုသည်။

“တိုက်ပွဲဖြစ်တာက ဘယ်အချိန် ရပ်မလဲဆိုတာကို ကျွန်တော်တို့မသိဘူး။ဘယ်လောက်ထိရေရှည်သွားမလဲဆိုတဲ့အပေါ်မှာ မူတည်တယ်။ အဲဒီကာလအတောအတွင်းမှာသောက်သုံးရေ လုံလောက်မှုကတော့ အားနည်းမှာပါပဲ။ အခုကပူတဲ့ရာသီဖြစ်နေတော့ ကလေးတွေရဲ့ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်မှာကို စိုးရိမ်ရပါတယ်။ရေပြဿနာကြောင့် ကူးစက်ရောဂါတွေ၊
ဝမ်းပျက် ဝမ်းလျှောရောဂါတွေဖြစ်လာနိုင်ပါတယ်။” ဟုဦးထွန်းအောင်သိန်းကပြောသည်။

ရခိုင်ပြည်နယ်သည် တစ်နှစ်ထက် တစ်နှစ်သောက်သုံးရေရှားပါးမှုနှင့်ရင်ဆိုင်ကြုံတွေ့နေကြရသည့်ဒေသတစ်ခုဖြစ်ရာ ယခုကဲ့သို့ အပူဒါဏ်ပြင်းထန်သည့် ရာသီအချိန်တွင် ထွက်ပြေးတိမ်းရှောင်လာကြသည့်  ကျေးရွာသာများ၊ကလေးသူငယ်များအတွက် ဝမ်းရောဂါမဖြစ်ပွားရအောင်ကြိုင်ကာကွယ်မှုများ ပြုလုပ်ပေးရန်   လိုအပ်နေကြောင်းလည်းသိရသည်။

“စစ်ဘေးဒုက္ခသည်တွေရှိနေတဲ့နေရာမှာကျန်းမာရေးဌာနအနေနဲ့ အနီးကပ်ပြုစုစောင့်ရှောက်နိုင်ဖို့ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီနေရာနဲ့ အနီးဆုံးဖြစ်တဲ့  သပြေဆိပ်ကျေးရွာမှာ ဘဲ ကျေးလက်ဆေးပေးခန်း တစ်ခုပဲရှိပါတယ်။ အဲဒီဆေးခန်းမှာလဲ သူနာပြုဆရာမ တစ်ယောက်ပဲရှိပါတယ်။ တစ်ယောက်တည်းနဲ့တော့ လုံလောက်မှုမရှိနိုင်ဘူး။သင့်လျော်တဲ့ ကျန်းမာရေးမှူး တစ်ယောက်ယောက်လောက်နဲ့ဝန်ထမ်းတွေကို ယာယီအနေနဲ့ ချပေးထားစေချင်ပါတယ်။”ဟု သူကဆိုသည်။

ရာသီဥတု အခြေအနေမှာလည်း မိုးနှင့်နီးလာနေပြိဖြစ်သည့်အတွက်ထွက်ပြေး တိမ်းရှောင်လာကြသူများမှာ အခက်အခဲရှိနေကြောင်း၊ စစ်ဘေးရှောင်များအား ယာယီနေထိုင်ရန်အတွက်  စာသင်ကျောင်းများတွင် ထားရှိပြီးကျောင်းဖွင့်ချိန်နှင့် နီးကပ်လာသည့်အတွက် ယင်းစစ်ဘေးရှောင်များအားနေထိုင်ရန် ယာယီတဲများဆောက်လုပ်ထားသင့်ကြောင်းဒေသအခြေအနေ တည်ငြိမ်မှုမရှိဘဲ ပြန်လည်ထွက်ခွာသွားရန်အတွက် အတင်းနှင်ထုတ်ခြင်းများမပြုလုပ်ဖို့လိုအပ်ကြောင်းကိုလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly