ပြည်သူဆန္ဒရှိပါက သမ္မတဒုတိယသက်တမ်းလုပ်ရန် စဉ်းစားမည်ဖြစ်ပြီး ပါတီလုပ်ငန်းထက် အမျိုးသားနိုင်ငံရေး လုပ်မည်ဟု သမ္မတပြော

ပြည်သူဆန္ဒရှိပါက သမ္မတဒုတိယသက်တမ်းလုပ်ရန် စဉ်းစားမည်ဖြစ်ပြီး ပါတီလုပ်ငန်းထက် အမျိုးသားနိုင်ငံရေး လုပ်မည်ဟု သမ္မတပြော

သမ္မတဦးသိန်စိန်က လာမည့်အစိုးရသက်တမ်းတွင် ပါတီလုပ်ငန်းထက် အမျိုးသားနိုင်ငံရေးဖြစ်သည့် ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဖောင်ဆောင်ရန် ကြိုးပမ်းသွားမည်ဟု NHK သတင်းဌာန နှင့် တွေ့ဆုံ ပြောကြားလိုက်သည်။

သမ္မတ ဦးသိန်းစိန်အား ဂျပန်နိုင်ငံ NHK သတင်းဌာနက ဇူလိုင် ၂ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီခွဲ တွင် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ခေတ္တ တည်းခိုသည့် Hotel New Otani ၌ တွေ့ဆုံမေးမြန်းခဲ့ခြင်းဖြစ်သည်။

လက်ရှိကာလတွင် အမျိုးသားအကျိုးစီးပွားအတွက် အကောင်အထည် ဖော်နိုင်သည်များကို ပြီးပြတ်အောင် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ဒုတိယသက်တမ်းနှင့် ပတ်သက်ပြီး တိုင်းပြည်အခြေအနေ၊ ပြည်သူများ၏ ဆန္ဒ အပေါ် မူတည်ပြီး ဆုံးဖြတ်သွားမည်ဟု သမ္မတဦးသိန်းစိန်က ၎င်းအား သမ္မတအဖြစ် နောက်ထပ်သက်တမ်းတစ်ခု ဆက်လုပ်ရန် ရှိမရှိဟူသည့် မေးခွန်းကို ပြန်လည် ဖြေကြားခဲ့သည်။

"ပြည်သူများက ဆန္ဒရှိခဲ့ လျှင် အလေးအနက်ထား စဉ်းစားမည်"ဟု ၎င်းက ပြောကြားခဲ့သည်။

သမ္မတ ဒုတိယသက်တမ်းအတွက် ဆက်လက်ဆောင်ရွက်မည့် ကိစ္စများနှင့် ပတ်သက်ပြီး မေးမြန်းရာတွင် သမ္မတက မည်သူ တာဝန်ယူ သည်ဖြစ်စေ ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်ရန်၊ မြန်မာနိုင်ငံကို ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ (LDC) အဖြစ်မှ လွတ်မြောက်ရန်နှင့် မြန်မာနိုင်ငံကို တစ်ဦးချင်း ဝင်ငွေ အလယ်အလတ်အဆင့်ရှိ နိုင်ငံအဖြစ်သို့ ရောက်ရှိစေရန် တို့ကို ဦးစားပေးဆောင်ရွက်သွားမည်ဟု မျှော်လင့် ကြောင်း စသည်ဖြင့် ဖြေကြားခဲ့သည်။

ယင်းအပြင် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုပိုင်းနှင့် စပ်လျဉ်း၍ လက်ရှိတွင် ဂျပန်နိုင်ငံ၏ မြန်မာတွင် လာရောက်ရင်းနှီးမြှုပ်နှံမှုမှာ အဆင့် ၁၂တွင်သာ ရှိသည့်အတွက် အဆောက်အအုံ၊ စက်မှု၊ လျှပ်စစ်၊ ရေနံ နှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍများ၌ ပိုမိုရင်းနှီးမြှုပ်နှံလိုသည်ဟု သမ္မတက ကမ်းလှမ်းခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags