တစ်နိုင်ငံလုံးအပစ်ရပ်ရေး အဆင့်မြှင့် ညှိနှိုင်းရေးအဖွဲ့ ဒုတိယအကြိမ် အကြိုအစည်းအဝေးကျင်းပ

တစ်နိုင်ငံလုံးအပစ်ရပ်ရေး အဆင့်မြှင့် ညှိနှိုင်းရေးအဖွဲ့ ဒုတိယအကြိမ် အကြိုအစည်းအဝေးကျင်းပ

ချင်းမိုင်၊ ဇူလိုင် ၂ ။      ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အသစ်ဖွဲ့စည်းလိုက်သော တစ်နိုင်ငံလုံး အပစ်အခတ်ရပ် စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေးအဖွဲ့၏ အကြိုအစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇူလိုင် ၂ရက်က ကျင်းပခဲ့သည်။

ထိုအစည်းအဝေးသို့ အဖွဲ့ခေါင်းဆောင် ပဒိုနော်စီဖိုးရာစိန်၊ ဒုတိယ ခေါင်းဆောင် ဒေါက်တာလဂျာ၊ ဒုတိယအဖွဲ့ ခေါင်းဆောင် (၂) ပူးဇင်ကျုံးတို့ အပါအဝင် အဖွဲ့ဝင် ၁၀ ဦးကျော် တက်ရောက်၍ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် ဆက်လက် ဆွေးနွေး ရန် အကြိုညှိနှိုင်းဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

“မနက်ဖြန် တွေ့မယ့်ကိစ္စတွေပါပဲ။ တခြားကိစ္စတွေလည်း ပါပါတယ်”ဟု တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အဖွဲ့ခေါင်းဆောင်နိုင် ဟံသာက ပြောသည်။  

ဇူလိုင် ၃ရက်တွင် အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒု-ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သည့် အဖွဲ့နှင့် တိုင်းရင်းသားခေါင်းဆောင်များ ချင်းမိုင်မြို့တွင် အလွတ်သဘော တွေ့ဆုံကာ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို အစိုးရက လက်ခံ၊ မခံ ဆွေးနွေးမည်ဖြစ်သည်။

ဝန်ကြီး ဦးအောင်မင်း၊ ဝန်ကြီး ဦးခင်ရီ အပါအဝင် MPC မှ အလုပ်အဖွဲ့များဖြစ်သော ဦးလှမောင်ရွှေ၊ ဦးညိုအုန်းမြင့်တို့ အပါအဝင် ၇ ဦးသည် ဇူလိုင် ၂ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ဦးလှမောင်ရွှေ့က ပြောသည်။

အဓိကအားဖြင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် မူကြမ်းအား ဆက်လက်ဆောင်ရွက်နိုင်ရေးဆွေးနွေးသွား မည် ဖြစ်ကြောင်း သူက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်ကလည်း အဆင့်မြင့် ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့၏ ပထမဆုံးအကြိမ် အစည်းအဝေး ကျင်းပ ၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် အမြန်ဆုံး တွေ့ဆုံ ဆွေးနွေးနိုင်ရန် ကိုယ်စား လှယ် သုံးဦးရွေးချယ်ခဲ့သည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မူကြမ်း (NCA) အပေါ် တိုင်းရင်းသား ခေါင်းဆောင်များ ပြင်ဆင်ဖြည့်စွက်ထားသော အချက် ၁၂ ချက်ကို ဆက်လက် အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းကိုယ်စားလှယ် သုံးဦသည် ၁၅ ဦးပါဝင်သော အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းခြင်း အကြောင်းနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်းအပေါ် ဆက်လက် တွေ့ဆုံညှိနှိုင်းနိုင်ရေးအတွက် ဇွန်လ ၂၂ ရက်က တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly