မြောက်ကိုရီးယား၏ နျူကလီးယားကမ်းလှမ်းချက် အိုဘားမား ပယ်ချ

မြောက်ကိုရီးယား၏ နျူကလီးယားကမ်းလှမ်းချက် အိုဘားမား ပယ်ချ

ဝါရှင်တန်၊ ဧပြီ ၂၅ ။                  ။ တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အမေရိကန်က ရပ်ပစ်ပါက ၎င်း၏ နျူကလီးယားစမ်းသပ်မှုများအား ရပ်ဆိုင်းထားမည်ဟု မြောက်ကိုရီးယားနိုင်ငံ၏ ကမ်းလှမ်းပြောဆိုမှုကို အမေရိကန်သမ္မတ ဘားရတ်အိုဘားမားက ပယ်ချလိုက်သည်။

ထိုကဲ့သို့သော အဆိုပြုမှုမျိုးကို အမေရိကန်အနေဖြင့် အလေးအနက်ထား မမှတ်ယူကြောင်း၊ မြောက်ကိုရီးယားနိုင်ငံက ထိုထက်ပို ကောင်းမွန်သည့် နည်းလမ်းများကို လုပ်ဆောင်ရလိမ့်မည်ဖြစ်ကြောင်း သတင်းထောက်များအား အိုဘားမားက ပြောသည်။

မြောက်ကိုရီးယားနိုင်ငံ၏ အဆိုပါ ရှားရှားပါးပါး ကမ်းလှမ်းမှုကို နိုင်ငံခြားရေးဝန်ကြီး ရီဆူယွန်က အင်တာဗျူးတစ်ရပ်တွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့၏ နှစ်စဉ်ပူးတွဲစစ်ရေးလေ့ကျင့်မှုများက မြောက်ကိုရီးယားနှင့် တင်းမာမှုများဖြစ်စေသည့် အဓိကရေခံမြေခံဖြစ်နေသည်။

မြောက်ကိုရီးယားနိုင်ငံက အရှေ့ဖက်ကမ်းခြေတွင် ရေငုပ်သင်္ဘောမှ ဖျက်အားပြင်း ဒုံးကျည် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်လိုက်ချိန်တွင် နိုင်ငံခြားရေးဝန်ကြီး ရီဆူယွန်၏ ကမ်းလှမ်းချက် ထွက်ပေါ်လာခဲ့ခြင်းလည်းဖြစ်သည်။

အဆိုပါ စမ်းသပ်မှုအား ကုလသမဂ္ဂက ပြစ်တင်ရှုတ်ချလိုက်ပြီး မြောက်ကိုရီးယား၏ နျူကလီးယားရည်ရွယ်ချက်များကို တားဆီးနိုင်ရေးအတွက် ကန့်သတ်ချက်များ ချမှတ်ထားခြင်းကို လွန်လွန်ကဲကဲ ချိုးဖောက်လိုက်ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly