ပျော်ရွှင်မှုဆိုသည်မှာ မိုဘိုင်းလ်ဖုန်းအက်ပလီကေးရှင်းတစ်ခုမဟုတ်ဟု လူငယ်များကို ပုပ်ရဟန်းမင်းကြီး သတိပေး

ပျော်ရွှင်မှုဆိုသည်မှာ မိုဘိုင်းလ်ဖုန်းအက်ပလီကေးရှင်းတစ်ခုမဟုတ်ဟု လူငယ်များကို ပုပ်ရဟန်းမင်းကြီး သတိပေး

ရောမ၊ ဧပြီ၊ ၂၄ ။           ။ ပျော်ရွှင်မှုဆိုသည်မှာ ဒေါင်းလော့ဒ်ပြုလုပ်ပြီး အသင့်ရယူနိုင်သော မိုဘိုင်းလ်ဖုန်းအက်ပလီကေးရှင်းတစ်ခုမဟုတ်ဟု ပုပ်ရဟန်းမင်းကြီးဖရစ်စစ်က လူငယ်များကို သတိပေးပြောကြားလိုက်သည်။

တနင်္ဂနွေနေ့က ရောမမြို့တွင် လူငယ်ပေါင်း ၇၀၀၀၀ ခန့်နှင့်တွေ့ဆုံစဉ်တွင် ပုပ်ရဟန်းမင်းကြီးက ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

'' လွပ်လပ်မှုဆိုတာ  ကိုယ်လုပ်ချင်တာလုပ်ခွင့်ရတာချည်းပဲ အမြဲတမ်းမဟုတ်ပါဘူး။ တကယ်တော့ လွတ်လပ်မှုဆိုတာ မှန်ကန်တဲ့လမ်းကြောင်းကို ရွေးချယ်ခွင့်ရတဲ့ ဆုလာဘ်တစ်ခုပဲ ဖြစ်ပါတယ် '' ဟု ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့သည်။

'' ပျော်ရွှင်မှုကို ဈေးနှုန်းသတ်မှတ်လို့မရပါဘူး။ ရောင်းလို့၊ ဝယ်လို့လည်းမရပါဘူး။ မိုဘိုင်းဖုန်းထဲကို ဒေါင်းလော့ဒ်လုပ် ရယူလို့ရတဲ့ အက်ပလီကေးရှင်းတစ်ခုလည်း မဟုတ်ပါဘူး။ တကယ်တော့ နောက်ဆုံးပေါ်နည်းပညာတွေကတောင် မင်းတို့ကို အချစ်မှာ ရင့်ကျက်ပြီး လွတ်လပ်လာစေဖို့အတွက် အကူအညီမပေးနိုင်ပါဘူး '' ဟု ပုပ်ရဟန်းမင်းကြီးက လူငယ်များကို ပြောကြားသည်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် စနေနေ့ကလည်း လူငယ်အချို့၏ အပြစ်ဝန်ခံမှုများကို ကြားနာပေးခြင်း နှင့် သူ၏ ဗွီဒီယိုမက်ဆေ့ချ်ကို ရော့ခ် နှင့် ရက်ပ် ဖျော်ဖြေပွဲတစ်ခုတွင် ထုတ်လွှင့်ခြင်းတို့ကိုလည်း ပြုလုပ်ခဲ့သေးသည်။

ထိုကဲ့သို့ ဂီတဖျော်ဖြေပွဲတွင် ထုတ်လွှင့်ခဲ့သည့် သူ၏ဗွီဒီယိုမက်ဆေ့ချ်တွင်လည်း ပုပ်ရဟန်းမင်းကြီးက ယနေ့ခေတ်၏ မရှိမဖြစ်အသုံးအဆောင်ဖြစ်လာနေသော မိုဘိုင်းဖုန်းနှင့် ဥပမာပေးပြီး ဘာသာရေးဆုံးမစကားတစ်ခုပြောကြားခဲ့သေး သည်။

'' သခင်ယေရှု မရှိဘဲရှင်သန်နေတဲ့ဘဝဟာ ဘာဖုန်းလိုင်းမှမမိတဲ့ဘဝမျိုး ဖြစ်နေပါလိမ့်မယ် '' ဟု ပုပ်ရဟန်းမင်းကြီးက သူ၏ iPhone ကိုလက်ကကိုင်ထားရင်းပြောခဲ့သည်ကို အဆိုပါဗွီဒီယိုမက်ဆေ့ချ်တွင် တွေ့မြင်ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly