အစိုးရ စစ်တပ်နှင့် DKBA တို့ တိုက်ပွဲဖြစ်ပွား၊ ငြိမ်းချမ်းရေးဖြစ်စဉ် ထိခိုက်မည်ကို စိုးရိမ်ဟုဆို

အစိုးရ စစ်တပ်နှင့် DKBA တို့ တိုက်ပွဲဖြစ်ပွား၊ ငြိမ်းချမ်းရေးဖြစ်စဉ် ထိခိုက်မည်ကို စိုးရိမ်ဟုဆို

ရန်ကုန်၊ ဇူလိုင် ၂ ။      ။ အစိုးရ စစ်တပ်နှင့် ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA)တို့ ဇူလိုင်လ ၂ ရက် က အာရှလမ်းမကြီးနှင့် မြဝတီ ကော့ကရိတ်မြို့ကြား လမ်းပိုင်း ကော့နွဲ့ရွာနှင့် တစ်မိုင်ခန့်အကွာတွင် တိုက်ပွဲများဖြစ်ပွားခဲ့သည့် အတွက် ငြိမ်းချမ်းရေးဖြစ်စဉ် ထိခိုက်မည်ကို စိုးရိမ်သည်ဟု DKBA က ဗိုလ်မှူးကြီး စောဆန်းအောင်က မဇ္ဈိမကိုပြောသည်။

ဇူလိုင်လ ၂ ရက် မနက် ၅ နာရီခွဲအချိန်က အစိုးရ စစ်တပ်က လက်နက်ကြီးများဖြင့် စတင်ပစ်ခက်ခဲ့ပြီး မနက် ၉ နာရီအချိန်ထိ ပစ်ခတ်မှုများ ဆက်လက်ပြုလုပ်နေကာ DKBA အဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့သည့်အတွက် နံနက် ၉နာရီ အချိန်တွင်ပြန်လည် ပစ်ခတ်မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဗိုလ်မှူးကြီးစောဆန်းအောင်က “သေနတ်သံကြားတယ်။ လက်နက်ကြီးပစ်တဲ့အသံကြားတယ်။ ကြားတော့ မတော်တဆဖြစ်တာ လား။ တမင်သက်သက် လုပ်တာလားပေါ့။ နောက်တော့ လက်နက်ကြီးသံ ဆက်တိုက်ကြားရတယ်။ တစ်မနက်လုံး ပစ်တယ်။ လေးငါးဆယ်ချက်မကဘူး အချက် လေးငါးဆယ်လောက်ကို ပစ်တယ်။” ဟုပြောသည်။

အစိုးရ စစ်တပ် တပ်ရင်း ၂၃၀၊ ၂၃၁ နှင့် ဒီကေဘီအေတို့ တိုက်ပွဲဖြစ်နေခြင်းဖြစ်ပြီး အာရှလမ်းမကြီး မြဝတီ-ကော့ကရိတ်မြို့ကြား လမ်းပိုင်းရှိ ဒီကေဘီအေ တပ်များကို အစိုးရစစ်တပ်က ဖယ်ရှားခိုင်းရာမှ တိုက်ပွဲများဖြစ်ပွားခြင်းဖြစ်ပြီး အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာငြိမ်ချမ်းရေးစင်တာ (MPC)၏ တာဝန်ရှိသူထံသို့ DKBA၏ ဆက်ဆံရေးရုံး တာဝန်ရှိသူထံမှတစ်ဆင့် အကြောင်းကြားထားသည်ဟု ၎င်းကဆိုသည်။

ဇူလိုင်လ ၂ ရက် မနက် ၅နာရီခွဲ အချိန်က စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများသည် ညနေ ၄ နာရီခန့် အချိန်ထိ ဖြစ်ပွားနေစဲဖြစ် သည်ဟု ဗိုလ်မှူးကြီးစောဆန်းအောင်က ညနေ ၄နာရီခွဲအချိန်က မဇ္ဈိမကို အတည်ပြုပြောကြားသည်။

DKBA ဘက်က စတင်တိုက်ခိုက်ခြင်းမဟုတ်ဘဲ စစ်တပ်ဘက်က စတင်တိုက်ခိုက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံငြိမ်းချမ်းရေး ဖော်ဆောင်နေသည့် ကာလတွင်း ဖြစ်ခဲ့ခြင်းဖြစ်သဖြင့် လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်များအပေါ် စိုးရိမ်မိသည်ဟုလည်း ၎င်းကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags