ကြားရသမျှ နားဝမှာ တကယ်ချို

ကြားရသမျှ နားဝမှာ တကယ်ချို
ဓာတ်ပုံ-မင်းမင်း
 

ယခုတလော မိုးသီးတွေကြွေလို့ ဘုရားကျောင်းကန်၊ အိုးအိမ်တချို့ ပျက်စီးရတဲ့သတင်းများကို စိတ်မကောင်းခြင်းကြီးစွာ ဖတ်ကြရပါတယ်။ ဒီကြားထဲ ကရင်ပြည်နယ်ထဲက ဘာသာရေးပဋိပက္ခဖြစ် အောင် ဖန်တီးသလိုဖြစ်စေတဲ့ သတင်းတွေကို ကြားကြရပါသေးတယ်။

မှတ်မိကြဦးမှာပါ။ အစိုးရအဖွဲ့အသစ် မပြောင်းသေးခင်စပ်ကြား လပိုင်းရက်ပိုင်းအတွင်း ဖြစ်ခဲ့ ပျက်ခဲ့တဲ့ အဖြစ်အပျက်တချို့ဆိုရင် လူတွေ အံ့သြမဆုံး ယူကျုံးမရလို့ အဆုံးရှိခဲ့တဲ့ သတင်းတွေ ဖြစ်ခဲ့ ကြပါသေးတယ်။ ဥပမာ ဖားကန့်မှာ ကမ္ဘာကြီးတစ်ခုလုံး မြင်အောင် ပြောင်ပြောင်တင်းတင်းပဲ အဖိုးတန် တိုင်းပြည်ရတနာမြေတွေကို တိုင်းတပါးသားတွေ ထင်သလိုတူးဆွယ်သယ်ယူနေခဲ့ကြတာတွေ၊ တခါ မြေစာပုံပိလို့ မြေစာပုံကိုလက်နဲ့ယက်ပြီး ဘ၀၀မ်းကျောင်းရတဲ့သူတွေ အစုအပြုံလိုက် မြေပိပြီး သေဆုံး ကြရတာတွေ၊ အစိုးရသစ်ပြောင်းလဲဖို့ လေးငါးဆယ်ရက်အတွင်း နှစ်ရှည်နှစ်တို စီမံကိန်းတွေကို တက်သုတ်ရိုက် လုပ်ငန်းလုပ်ကွက် ချပေးလိုက်တဲ့သတင်းတွေ။ ဒီလိုသတင်းတွေနဲ့ ခေါင်းတွေမူး နောက်ရလောက်အောင် ဖြစ်ခဲ့ကြရတဲ့ ကျနော်တို့ပြည်သူတွေဟာ အစိုးရသစ်ပြောင်းလဲပြီးတဲ့ ရက်ပိုင်း အထိ ဘာသာရေး၊ လူမျိုးရေး ပြဿနာတွေ ခေါင်းထောင်ထ လာပြန်ဦးမလားဆိုတဲ့စိတ်နဲ့ စိတ်ချ လက်ချ အိပ်မပျော်နိုင်လောက်အောင် စိတ်ပူပန်နေကြရပြန်ပါတယ်။

ဒီလိုအခြေအနေတွေကြားကပဲ ကျနော်တို့အားလုံး ဧချမ်းပြီး ရှင်းလင်းတိကျတဲ့ စကားတချို့ကို ကြားကြရပြန်ပါတယ်။ အဲဒီစကားတွေကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်   ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာပါ။

လွန်ခဲ့တဲ့ မြန်မာ နှစ်ဆန်းတစ်ရက်နေ့က ဖြစ်ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်ကို နှုတ်ခွန်းဆက်စကားပြောရာမှာ ပြည်သူတွေကို မေတ္တာခြုံ လုံပါစေ တိုင်းပြည်အပေါ် သစ္စာဆောင် အောင်မြင်ပါစေဆိုတဲ့စကားနဲ့ သူ့မိန့်ခွန်းကို နိဂုံးချုပ်ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲမပေးတဲ့သူတွေအတွက် အဖွဲ့ချုပ်က တာဝန်ယူမယ့်အ ကြောင်းကိုလည်း မမေ့မလျော့ ထည့်သွင်းပြောသွားခဲ့ပါတယ်။

ဒီနေရာမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ဝန်းကျင်အတွင်း ကျနော်တို့ ဖြတ်သန်းလာခဲ့ရတဲ့ အတိတ် သမိုင်းမှာ အုပ်စိုးသူအဆက်ဆက်ဟာ တရားရုံးတွေ၊ အကျဉ်းထောင်တွေ၊ လက်နက်ကိုင်တပ်ဖွဲ့တွေအ ပြင် ဓနအင်အား၊ လုပ်ပိုင်ခွင့်အင်အားတွေကို အသုံးပြုပြီး ပြည်သူတွေအပေါ် ဖိနှိပ်အနိုင်ကျင့်ခဲ့ကြ တယ်ဆိုတာ မငြင်းနိုင်တဲ့ အချက်ဖြစ်ပါတယ်။ အတိုချုံးပြီးပြောရရင် အုပ်စိုးသူ အဆက်ဆက်ဟာ   ပြည်သူတွေကို ရက်ရက်စက်စက် ဆက်ဆံသွားခဲ့ကြတယ်လို့ ပြောရမှာပါ။ ခုတော့ တိုင်းပြည်ရဲ့ အမြင့်ဆုံး ခေါင်းဆောင်က မေတ္တာခြုံလုံပါစေလို့ ပြည်သူတွေကို အာမခံချက်ပေး ရင်ဖွင့်ပြောဆိုသွား လို့ ကျနော်တို့ပြည်သူတွေ ရေထိပန်းလို စိတ်တွေလန်းဆန်း အေးချမ်းကြရတဲ့သဘော ဖြစ်လာရပါ တယ်။

နောက်တခါ မြန်မာပြည်ဆိုင်ရာ နိုင်ငံတကာ သံရုံး တာဝန်ရှိသူများကို ဒေါ်အောင်ဆန်းစုကြည် က နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ဖိတ်ကြားတွေ့ဆုံပြီး အချီးစကားပြောရာမှာ ကျနော်တို့နိုင်ငံကို အင်အားတောင့်တင်းတဲ့ နိုင်ငံတနိုင်ငံဖြစ်လာအောင် လူထုအင်အားကို အခြေပြုဆောင်ရွက်မယ့်အ ကြောင်း ပြောပါသေးတယ်။ ဒါ့အပြင် နိုင်ငံတကာနဲ့ ဆက်ဆံတဲ့အခါ ပြည်သူအချင်းချင်း ဆက်ဆံရေး အခြေခံပေါ်မှာ ဆက်ဆံသွားမှာ ဖြစ်ကြောင်းကိုလည်း ထည့်သွင်း ပြောဆိုသွားပါသေးတယ်။ ဒါက ဘာကို ညွှန်းဆိုသလည်းဆိုရင် တချိန်တုန်းက အုပ်စိုးသူ လူတစ်စုအချင်းချင်းသာ ဆက်ဆံရေးအ ခြေခံအပေါ်မှာ နိုင်ငံတကာနဲ့ ဆက်ဆံခဲ့တာဖြစ်လို့ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ ကျင့်ဝတ်သိက္ခာမဲ့တဲ့ သဘောတူညီချက်များဖြစ်ခဲ့ရခြင်းအဖြစ်မျိုး ထပ်မံဖြစ်ပွားစရာအကြောင်း မရှိတော့ဘူးဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

ဒီစကားတွေဟာ နှစ်ပေါင်း ဆယ်စုများစွာ ခံစားခဲ့ရတဲ့ ကျနော်တို့ပြည်သူတွေရဲ့ သောကနဲ့ စိုးရိမ်စိတ်တွေကို ပြေလျော့စေတာ အမှန်ပါပဲ။ ကျနော်တို့ပြည်သူများ နေပူအောက်မှာ ရပ်နေရသေး ပေမယ့် ရင်ကိုအေးစေ နားဝင်ချိုစေတာကတော့ အမှန်ပါပဲ။

ဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည်ပြောဆိုခဲ့တဲ့ မေတ္တာခြုံလုံတဲ့ခေတ် သစ္စာဆောင်အောင်တဲ့ ခေတ် အမြန်ရောက်အောင် ဝိုင်းဝန်းဆောင်ရွက်ဖို့ အရေးကြီးကြောင်း မဇ္ဈိမက ဆော်သြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly