လူကုန်ကူးခံရသူများအား စောင့်ကြည့်ကူညီနိုင်ရန် အာဆီယံ ရန်ပုံငွေထူထောင်မည်

လူကုန်ကူးခံရသူများအား စောင့်ကြည့်ကူညီနိုင်ရန် အာဆီယံ ရန်ပုံငွေထူထောင်မည်
ဓာတ်ပုံ - Mohd Yusni Ariffin

ဇူလိုင် ၂ ရက်။    ။ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား လူကုန်ကူးခံရသူများအား စောင့်ကြည့်ကူညီနိုင်ရန် အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ရန်ပုံငွေတရပ်ထူထောင်ရန် ဇူလိုင် ၂ ရက်နေ့၌ သဘောတူလိုက်ကြသည်။

မလေးရှားနိုင်ငံတွင် ဇူလိုင် ၂ ရက်နေ့က ကျင်းပသည့် အရှေ့တောင်အာရှဒေသတွင်း ပုံမှန်မဟုတ်သည့် ရွှေ့ပြောင်းသွား လာခြင်းနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုကျူးလွန်ခြင်းဆိုင်ရာ အာဆီယံဝန်ကြီးများ အရေးပေါ်အစည်းအဝေးမှ ယင်းသို့ ဆုံးဖြတ်ခြင်းဖြစ်သည်ဟု မလေးရှားပြည်ထဲရေးဝန်ကြီး Datuk Seri Dr Ahmad Zahid Hamidi က ပြောသည်။

မည်မျှထည့်ဝင်သင့်သည်ကို ဆုံးဖြတ်ကြခြင်း မရှိသေးသော်လည်း အစည်းအဝေးအား ဦးဆောင်သူ ဝန်ကြီး Zahid က အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တစ်နိုင်ငံလျင် အမေရိကန်ဒေါ်လာ တစ်သိန်းစီထည့်ဝင်ရန် အကြံပြုခဲ့ပြီး၊ လူကုန်ကူးခံရသူများ အတွက် နေစရာနှင့် အခြားကုန်ကျစရိတ်များအတွက် အသုံးပြုရန်ဖြစ်သည်ဟု New Straits Times သတင်းစာကဖော်ပြသည်။

"စင်ကာပူနိုင်ငံကတော့ အမေရိကန်ဒေါ်လာ နှစ်သိန်းထည့်ဝင်မယ်လို့ ကတိကဝတ်ပြုထားပါတယ်။" ဟု ၁၂ နိုင်ငံပါဝင်သည့် အစည်းအဝေးအပြီး သတင်းစာရှင်းပွဲတွင် ၎င်းကပြောသည်။

ရိုဟင်ဂျာခေါ် ဘင်္ဂါလီများ လူကုန်ကူးခံရမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံကလည်း အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly