ဒုံးအက၊ မဲဇလီဖူးဆန်ပြုတ်နဲ့ ဘုရားလုံဘုရားပွဲတော်

23 April 2016
ဒုံးအက၊ မဲဇလီဖူးဆန်ပြုတ်နဲ့ ဘုရားလုံဘုရားပွဲတော်

မြန်မာနိုင်ငံအတွင်းမှီတင်းနေထိုင်နေကြတဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ ရိုးရာအစဉ်အလာတိုင်းမှာ အနုပညာအရဖန်တီးပုံဖော်ကပြကြတဲ့ ရိုးရာအကတွေ ကိုယ်စီရှိနေကြပါတယ်။ ဒီအထဲက ကရင်တိုင်းသားတွေမှာလည်းထူးခြားတဲ့ ဒုံးယိမ်းအကဆိုတာရှိနေပါတယ်။ တကယ်တော့ ဒုံးယိမ်းအကဟာကရင်တိုင်းရင်းသားတွေရဲ့ သင်္ကေတတခုလို့ ပြောရလောက်အောင် ထင်ရှားကျယ်ပြန့်တဲ့ အစဉ်အလာတခုဖြစ်ပါတယ်။ ဒုံးယိမ်းအကနဲ့ ကရင်လူမျိုးဟာ ခွဲခြားလို့မရတဲ့အရာအဖြစ် ရှိလာခဲ့ပါတယ်။

ဒီအကနဲ့ ပက်သက်ပြီး ပထမဆုံးပြောပြချင်တာကတော့ တချိန်က ကြားသိထားရတဲ့ ဒုံးယိမ်းအကဆိုတဲ့ အမည်ဟာအခုတော့ ပြောင်းလဲသွားခဲ့ပါပြီ။ သာယာငြိမ့်ညောင်းတဲ့ ယိမ်းနွဲ့ကဟန်အဖြစ် ယိမ်းဆိုတဲ့ စကားလုံးနဲ့ တွဲဖက်ထားရာကနေအခုတော့ ဒုံးအကလို့သာ ကရင်တိုင်းရင်းသားတို့ကသတ်မှတ်ခေါ်ဆိုကြပါတယ်။

ကရင်တို့ရဲ့ ဒုံးအကနဲ့ပတ်သက်ပြီး ကရင်စာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်း၊ ဥက္ကဌ ဦးစောသန့်စင်လွန်းက အခု စတင်ရှင်းပြပါတယ်။ “အခြေခံအားဖြင့် ပြောရမယ်ဆိုရင် ကရင်ရိုးရာဒုံး အကဟာအမာအားနဲ့ အပျော့အားကိုမူတည်ပြီးတော့ နှစ်ခုဒွန်တွဲပြီးအနုပညာမြောက်စွာတင်ဆက်ထားတဲ့ ကဟန်လေးတစ်ခုပေါ့။ မိန်းကလေးဆိုလည်းညင်ညင်သာသာရှိရမယ်။ ယောက်ျားလေးသည် အားပြည်မာန်အပြည့်နဲ့ အမာအားနဲ့ အပျော့အားကို နှစ်ခုဒွန်တွဲပြီးဖော်ဆောင်ထားတဲ့ ရိုးရာယဉ်ကျေးမှု ကဟန်လေးတစ်ခုပေါ့။

ဆိုတော့ အဲဒီမှာယိမ်းလို့ သမုတ်ခြင်းအားဖြင့် ရိုးရာကအခြားရိုးရာနဲ့ နွယ်ပြီးတော့ သွားသက်ရောက်နေတဲ့အတွက် အခုနောက်ပိုင်းတွေကြတော့ လူကြီးတွေကသတ်မှတ်တယ်။ ကရင်ရိုးရာဒုံးလို့ ခေါ်   ဆိုပါ အလားတူပဲခေတ်ဟောင်းကိုလည်းမပစ်ပယ်နဲ့ ခေတ်သစ်ကိုလည်းတီထွင်ပါဆိုပြီးတော့ ကရင်ရိုးရာဒုံးကိုဆိုရှယ်လစ်ခေတ်ကစပြီးတီထွင်တာ ဖြစ်ပါတယ်။ ” နှစ်စဉ် နိုဝင်ဘာလ ၇ ရက်နေ့ဟာက ရင်တိုင်းရင်းသားတို့ရဲ့ အကြီးမားဆုံးပွဲတော်တခုဖြစ်တဲ့ ကရင်ပြည်နယ်ကရင်ပြည်နယ်နေ့ဖြစ်ပါတယ်။ အဲဒီနေ့ဟာ  ကျွဲချိုသံဖားစည်သံတွေ နဲ့အတူ မြူးကြွတဲ့ ကရင်းဒုံးအကတွေကိုတွေ့ကြရမှာဖြစ်ပါတယ်။ ကရင်တိုင်းရင်းသားတို့ အလေးမြတ်ထားကြတဲ့ ဒုံးအကဟာရှေးခေတ် ဘိုးဘွားလက်ထက်တွေကနေဒီနေ့အထိလက်ဆင့်ကမ်းသယ်ဆောင်လာရင်းထင်ရှားတဲ့ ရိုးရာအကအဖြစ် ရှိနေတာဖြစ်ပါတယ်။

ကရင်တိုင်းရင်းသားတို့ရဲ့ ရိုးရာဒုံးအကဟာရိုးရာတီးမှုတ်ဖျော်ဖြေပွဲတွေအပြင် ပြိုင်ပွဲကြီးတွေအဖြစ်ပါ တီးမှုတ်ကပြရလောက်အောက် ထင်ရှားတဲ့ အက ဖြစ်ပါတယ်။ ဒါကိုလည်း ဦးသန့်စင်လွန်းကပဲ ဆက်ပြီး ရှင်းပြပါတယ်။

“ဘယ်လောက်ထိအရေးပါလဲဆိုရင် ကိုယ့် ကရင့်တိုင်းရင်းသားတွေ စည်းလုံးညီညွတ်မှုကိုဖော်ဆောင်တဲ့နေရာမှာအခုလက်ရှိကာလမှာတင် စာပေတွေကအသီးသီကွဲပြားနေတယ်။ ကွဲပြားနေတော့ စာပေတစ်ခုကွဲရင် ကိုယ့်လူမျိုးတွေကလည်းနည်းနည်းကွဲတယ်။ ဒါပေမယ့် စုစည်းမှုကိုတည်ဆောက်တဲ့ အခါမှာဒီဒုံးအကနဲ့ပဲယဉ်ကျေးမှုကိုတည်ဆောက်တဲ့အတွက် ဒုံးအကသည် အရေးပါတဲ့နေရာ မှာတည်ရှိနေတာပေါ့။ ”

ကရင်တိုင်းရင်းသားတွေအတွက် ရှေးပဝေသဏီ မိဘဘိုးဘွားတွေ သမိုင်းစဉ်ဆက် ထားရစ်ခဲ့တဲ့ ရိုးရာဓလေ့တွေကတော့ အများအပြားရှိနေပါတယ်။ အဲဒီထဲကမှ ဒုံးအကဟာကရင် တိုင်းရင်းသားတို့ အတွက် စုပေါင်းညီညာမှု၊ ဓလေ့ရိုးရာနဲ့ ယဉ်ကျေးမှုတွေကိုဖော်ဆောင်ရာစတဲ့ အကြောင်းတွေပေါင်းစပ်ထားတဲ့ အကလည်း ဖြစ်ပါတယ်။

ကရင် ဒုံးအကရဲ့ နောက်ထပ်စိတ်ဝင်စားစရာ အကြောင်းတွေကိုလည်း ဦးစောသန့်စင်လွန်းကပဲ အခုလို အနည်းငယ်ဖြည့်စွက်ရှင်းပြပါတယ်။ “ အဓိက ကကြိုး တွေမှာမောင်ရို့ဆိုတဲ့ အသုံးနှုန်းလေး တစ်ခုပေါ့နော်။ အဲဒီမောင်ရို့ မောင်ရို့လေလေအဲဟာလေးကတော့ မဖြစ်မနေပါရမယ်ပေါ့။ ”

ဒီနေ့ခေတ်ရဲ့ ကရင်ရိုးရာဒုံးအကကိုလူသိများလာတဲ့အထဲမှာတော့ ပြိုင်ပွဲကြီးတွေအဖြစ် ကပြကြတဲ့အချက်ပဲဖြစ်ပါတယ်။ နှစ်စဉ် နိုဝင်ဘာလ ၇ ရက်နေ့မှာကျရောက်တဲ့ ကရင်ပြည်နယ်နေ့ကိုရောက်ပြီ ဆိုရင်တော့ သံလွင်မြစ် အရှေ့ဘက်ကကရင်ဒေသမှာဖားစည်သံတွေ ဆူညံနေပြီးကရင်မောင်မယ်တွေရဲ့ အင်ပြည့် အားပြည့် ကခုန်သံတွေကို ကြားကြရမှာဖြစ်ပါတယ်။၁၉၅၅ ခုနှစ် ကာလကနေ နှစ်စဉ် ကျင်းပလာခဲ့တဲ့ ကရင်ပြည်နယ်နေ့ဟာအခုဆိုရင် အကြိမ်ပေါင်း ၆၀ ပြည့်ခဲ့ပါပြီ။ ကရင်ပြည်နယ်နေ့ရောက်တိုင်းရိုးရာဒုံးအကပြိုင်ပွဲကြီးကိုကျင်းပကြလေ့ရှိပါတယ်။

ပြိုင်ပွဲဝင်ဒုံးနဲ့ပါတ်သက်ပြီးလည်း ဦးသန့်စင်လွန်းက အခုလို ရှင်းပြပါတယ်။

“အခုကတော့ ဒါ ပြိုင်ပွဲဝင်ဒုံးလို့ပဲ သတ်မှတ်ထားတယ်ပေါ့နော်။ ဒီပြိုင်ပွဲဝင်ဒုံးဆိုတာဆိုရှယ်လစ်ခေတ်မှာပဲဆင့်ကဲဆင့်ကဲပြောင်းသွားတဲ့ ဒုံးပေါ့။ သူအရင်မှာဒုံးအမျိုးစားအများကြီးရှိခဲ့တယ်။ ဥပမာပြောရရင် ရှလစ်ပလွန်ဒုံးအဲဒုံးဆိုတာအသက်ကြီးတဲ့ လူကြီးတွေ ကပြတဲ့ ဒုံးကိုရှလပလွန် ဒုံးလို့လဲခေါ်တယ်။ သူကတော့ အရင်ရိုးရာကိုထိန်းသိမ်းထားတဲ့ ဒုံးပေါ့နော်။ အဲဒုံးသည် အဖိုးကြီးသပ်သပ် လူကြီးသပ်သပ် ကတဲ့ ဒုံး။ အဲဒီမှာမိုနရှာဒုံးဆိုတာတစ်ခုရှိတယ်။ သူကြတော့ အဖွားကြီးသပ်သပ် အမျိုးသမီးကြီးတွေ ကတဲ့ သပ်သပ် ဒုံး။ အလားတူပဲတုန်ချောင်တယ်ဆိုပြီးတော့ ဒုံးတစ်မျိုးလည်းရှိတယ်။

နောက် ကရင်ရိုးရာယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ ဒုံးအသီးသီးရှိတယ်။ အခုလက်ရှိစင်ပေါ်မှာကတဲ့ ဒုံးကလူငယ်မောင်ငယ်  ဒုံးလို့ ခေါ်တယ်။ နောက်ပြီးဆိုရှယ်လစ် ဒုံးလို့လဲခေါ်တယ်။ အကများတဲ့ ဒုံးကတော့ လက်ရှိလူငယ်မောင်မယ်ဒုံး၊ ရှလွတ်ပလွန်ဒုံး၊ မိုနာရှာဒုံး ၊ဒါတွေကတော့ ခတ်ကာလနေရာဒေသတော်တော်များများမှာကပြတဲ့ ဒုံးတွေ ဖြစ်ပါတယ်။ ကျန်တဲ့ဒုံးတွေကတော့ လက်ရှိကာလမှာမှေးမှိန်ပျောက် ကွယ်နေတဲ့ အနေအထားမှာလည်းရှိပါတယ်။

ပြိုင်ပွဲဝင်အဆင့် ယှဉ်ပြိုင်ကပြကြတဲ့ ဒုံးအဖွဲ့မှာတော့ ရှေ့မှာကပြသူယောက်ကျားလေး ၁၆ ဦးနဲ့ မိန်းကလေး ၁၆ ဦးစုစုပေါင်း ၃၂ ဦး ပါဝင်မှာဖြစ်ပါတယ်။ အဲဒီအပြင် ကပွဲမစတင်မီဆုတောင်းပဌနာပြုပြီး သီဆိုသူတစ်ဦးလည်းမဖြစ်မနေ ပါဝင်ရမှာဖြစ်ပါတယ်။အဲဒီနောက်မှာတော့ တူရိယာ ၇ မျိုးကိုတီးခတ်ကြမယ့် တီးဝိုင်းအဖွဲ့နဲ့ တေးသီချင်းသီဆိုကြမယ့် အဖွဲ့လည်း ပါဝင်ကြမှာဖြစ်ပါတယ်။” ကရင်ဒုံးအက ဟာတကယ့်ကိုအားမာန်အပြည့် သီချင်းသံတွေ၊ မြူးတူးခုန်ပေါက် ကနေဟန်တွေဟာစုပေါင်းညီညွတ်မှုရဲ့ အဓိပ္ပာယ်ကိုခံစားမိကြမှာပါ။ ကရင်တိုင်းရင်းသားတို့ရဲ့ အရောင်အသွေး၊ စာပေ၊ ဘာသာစကားနဲ့ နေထိုင်ရာဒေသတွေ ကွဲပြားကောင်းကွဲပြားနေပါလိမ့်မယ်။ ဒါပေမယ့် တူညီတဲ့အချက်ကတော့ ကရင်တိုင်းရင်းသားတိုင်းမှာဒုံးအကရှိနေတာပဲဖြစ်ပါတယ်။ ဒါကြောင့်လည်းကရင်နဲ့ဒုံးဒုံးနဲ့ကရင်ဟာခွဲခြားပြီး မြင်ကြည့်လို့မရတဲ့အရာလည်းဖြစ်ပါတယ်။

တောင်တန်းတွေ ဝိုင်းရံနေတဲ့ သံလွင်မြစ်ကမ်းဘေးကဘားအံမြို့တော်ကြီးရယ်၊ ဗန္ဒဝဂီရိ ဇွဲကပင်တောင်တန်းကြီးရယ် တည်ရှိနေတဲ့ ကရင်တို့ရဲ့ မြေဟာဖားစည်သံ ကျွဲချိုသံတွေလွင့်ပျံ့နေခဲ့ပါပြီ။ ကရင်တိုင်းရင်းသားမောင်မယ်တွေရဲ့ ကကြိုးကဟန်တွေ၊ ယဉ်ကျေးမှုရဲ့ အမှတ်လက္ခဏာတွေကိုလည်းတွေ့မြင်ခဲ့ရပြီးပါပြီ။

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့အတွက်တော့ တန်ဆောင်မုန်းလဟာကထိန်ပွဲတော်တွေနဲ့ စည်ကားလှတဲ့ အလှူအတန်းပြုလုပ်ကြရာပွဲတော်ကာလဖြစ်ပါတယ်။ ရှေးအစဉ်အလာဓလေ့တခုအဖြစ် ထပ်မံပြုလုပ်လေ့ရှိတာကတော့ နတ်ခတ်စုံတဲ့ တန်ဆောင်မုန်းလပြည့်ညမှာဆေးပေါင်းခတယ်ဆိုတဲ့ ယုံကြည်မှုနဲ့ မဲဇလီဖူးသုပ် ပြုလုပ်ပြီးစားသုံးကြတာဖြစ်ပါတယ်။ ဒါကြောင့်လည်းတန်ဆောင် မုန်းလပြည့်ညမှာ မယ်ဇလီဖူးသုပ်စားကြတဲ့ဓလေ့ဟာမထူးဆန်းတော့တဲ့ အကြောင်းအရာဖြစ်ပါတယ်။

ဒါပေမယ့် ဒီမှာတော့ မထူးဆန်းပေမယ့် ထူးဆန်းတယ်လို့ ပြောရတော့မှာပါ။ ကရင်ပြည်နယ်မြို့တော် ဘားအံမြို့က တန်ဆောင်မုန်းလပြည့်နေ့ဟာကျနော်၊ (ကျမ) သိထားသလိုမယ်ဇလီကို သုပ်စားကြတာ မဟုတ်ပဲဆန်ပြုတ်ပြုလုပ်ပြီး ကုသိုလ်ဒါနအဖြစ် ဧည့်ခံကျွေးမွေးတဲ့ ဓလေ့ရှိနေတာကိုတွေ့လိုက်ရလို့ ဖြစ်ပါတယ်။

တနှစ်မှ တခါသာ ပြုလုပ်ကြတဲ့ မယ်ဇလီဆန်ပြုတ် အလှူပွဲဟာကရင်ပြည်နယ်မြို့ပြတွေအပြင် ကျေးလက်ဒေသတွေအထိ ပြုလုပ်ကြတဲ့ ဓလေ့တခုဖြစ်ပါတယ်။ မယ်ဇလီဆန်ပြုတ်ကျွေးမွေးဖို့အတွက် ညနေမွန်းလွဲချိန်ကစလို့ ပြင်ဆင်ကြပါတယ်။ ကျေးလက်ဒေသဓလေ့အတိုင်းပါပဲ။ ရပ်ကွက်အတွင်းမှာရှိတဲ့ နီးစပ်ရာရပ်ကွက် သူရပ်ကွက်သားတွေ၊ ဆွေမျိုးသားချင်း မိတ်ဆွေတွေကလာရောက် ကူညီ ပြင်ဆင်ကြ ချက်ပြုတ်ကြပါတယ်။အလှူပွဲတွေရဲ့ထုံးစံအတိုင်းအသံချဲ့စက်သံတွေကလည်းနေရာတိုင်းမှာ ကြားနေရပါတယ်။

အမျိုးသမီးတွေကတော့ ဆန်ပြုတ်ထဲကိုထည့်ရမယ့် အမယ်တွေကို ပြင်ဆင်ကြပါတယ်။ ဆန်ပြုတ်ချက်ကြမယ့် အမျိုးသားကြီးတွေကလည်း မီးဖိုကြီးတွေပေါ်မှာ မိုးဗြဲဒယ်ကြီးတွေတင်လို့ ချွေးတလုံးလုံးနဲ့ ပြင်ဆင်နေကြပါတယ်။

ဒီလိုပြင်ဆင်လို့ပြီးရင်တော့ ပထမဆုံးမိုးဗြဲဒယ်ကြီးတွေထဲမှာဆန်တွေထည့်ပြီးလှော်မှာဖြစ်ပါတယ်။ အဲဒီနောက် ရေထည့်၊ ဟင်းခတ်အမွှေးအကြိုင်နဲ့ အသားထည့်ပြီး ပြုတ်မှာဖြစ်ပါတယ်။ အဲဒီနောက် ဆန်ပြုတ်အဖြစ် နူးအိသွားပြီဆိုရင်တော့ မယ်ဇလီဖူးထည့်ပြီးအသင့် သောက်သုံးလို့ ရတဲ့ မဲဇလီဖူးဆန်ပြုတ်ချက်တာ ပြီးသွားပြီဖြစ်ပါတယ်။

တန်ဆောင်မုန်းလပြည့်ညတွေမှာစားလေ့ရှိကြတဲ့ မယ်ဇလီဖူးသုပ်ဟာတကယ်တော့ အခါးဓါတ်ရှိတဲ့ စားအစာဖြစ်ပါတယ်။ ကရင်ပြည်နယ်မှာတော့ မယ်ဇလီကိုဆန်ပြုတ်ချက်ပြီးသောက်ကြတာကြောင့် အခါးဓါတ်ပိုနည်းသွားသလိုထူးခြားတဲ့ ဆန်ပြုတ်အရသာလည်း ဖြစ်လာပါတယ်။ ဒါကြောင့်ပဲကလေးငယ်တွေဟာတကယ့်ကို မြိန်မြိန်ယှက်ယှက်သောက်သုံးနေကြတာကိုတွေ့နိုင်ပါတယ်။ ကျနော်တို့အတွက်လည်းဘားအံမြို့က တန်ဆောင်မုန်းလပြည့်နေ့မှာဆေးပေါင်းခခဲ့ပါပြီ။

ကရင်ပြည်နယ်မှာအထူးစည်ကားတဲ့ ပွဲတော်တွေထဲမှာနောက်ထပ်ပွဲတော်တခုကတော့ ဘားအံမြို့မြို့နယ် ဇွဲကပင်တောင်တန်းကြီးအရှေ့ဘက်ကဖျားလုံဘုရားပွဲတော်ဖြစ်ပါတယ်။
ဖျားလုံဘုရားပွဲဟာနောင်လုံရွာအနီးမှာရှိပြီး နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့မှာမီးပုံးပျံလွှတ်တင်ပွဲကြီးနဲ့အတူစည်ကားတဲ့ ပွဲတော်ကြီးဖြစ်ပါတယ်။ လွတ်တင်ကြတဲ့ မီးပုံးပျံကြီးတွေဟာဆိုရင် အိမ်တစ်လုံးစာနီးပါး ကြီးမားတဲ့ မီးပုံးပျံကြီးတွေ ပါဝင်ပါတယ်။

မီးပုံးပျံကြီးတွေရဲ့ အောက်မှာတော့ အဝတ်အထည်တွေအပါအဝင် လူသုံးကုန်ပစ္စည်းတွေကိုချိတ်ဆွဲလွှတ်တင်ကြပါတယ်။ ဖျားလုံဘုရားပွဲဟာကရင်ပြည်နယ်ရဲ့ ပွဲတော်တွေထဲမှာ အစည်းကားဆုံး ပွဲတော်အဖြစ် ပါဝင်ပြီးဒေသအနှံ့အပြားကဧည့်သည်တွေနဲ့ ပြည့်နေပါတယ်။ပွဲတော်ကျင်းပတဲ့ ကွင်းပြင်တခုလုံးဟာအသံချဲ့စက်အကြီးစားကြီးတွေနဲ့ နေရာတိုင်းမှာကခုန်နေကြသလို … မီးပုံးပျံ လွှတ်တင်နေကြသူတွေကို မြင်ရတာလည်းပျော်ရွှင်စရာပွဲတော်ကြီးအဖြစ် တွေ့မြင်နိုင်မှာဖြစ်ပါတယ်။

Mizzima Weekly