အစိုးရသစ်ရင်ဆိုင်ရမည့် ပြဿနာများတွင် လူမျိုးရေးဖိနှိပ်မှုများ ပါ၀င်ကြောင်းသိရန် ကန်ပိန်းပြုလုပ်

အစိုးရသစ်ရင်ဆိုင်ရမည့် ပြဿနာများတွင် လူမျိုးရေးဖိနှိပ်မှုများ ပါ၀င်ကြောင်းသိရန် ကန်ပိန်းပြုလုပ်
ဓာတ်ပုံ -  wira mosse

ရန်ကုန်၊ ဧပြီ ၂၃ ။             ။ ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်တွင် ဈေးရောင်းချနေသည့် အစ္စလာမ်ဘာသာဝင် ဈေးသည်များအား ဘုန်းတော်ကြီးများက ရိုက်နှက် ခြိမ်းခြောက်ပြီး ပစ္စည်းများသိမ်းယူ သည့်ကိစ္စနှင့် ပက်သက်၍ အစိုးရသစ်၎င်းတို့ ရင်ဆိုင်ရမည့် ပြဿနာများတွင် လူမျိုးရေးဖိနှိပ်မှုများပါဝင်ကြောင်း အသိပေးလိုသည့်အတွက် ကန်ပိန်းပြုလုပ်ခြင်းဖြစ်ကြောင်း ကိုသက်ဆွေဝင်းက မဇ္ဈိမသို့ ပြောသည်။

“အစိုးရသစ်ကို အတင်းကြီး ဖိအားပေးတာမျိုးလုပ်ဖို့ မရှိပါဘူး။ သူတို့ ရင်ဆိုင်ရမယ့်ပြဿနာတွေထဲမှာ ဒီလို လူမျိုးရေးဖိနှိပ်မှုတွေ ရှိနေတယ်ဆိုတာကို သိစေချင်တာပါ။ တကယ်လို့ ကြပ်ကြပ်မတ်မတ် ကိုင်တွယ်မယ် ဆိုရင်တော့ ကောင်းတာပေါ့” ဟု ကိုသက်ဆွေဝင်းက မဇ္ဈိမသို့ ပြောသည်။

ယင်းကိစ္စကို အရေးယူပေးရန်ဧပြီ ၂၀ ရက်နေ့မှ စတင်ကာ အွန်လိုင်းကမ်ပိန်းတခုမှ တဆင့် လက်မှတ်ကောက်ခံခြင်းများပြုလုပ်ခဲ့ရာ ထောက်ခံလက်မှတ်၂၉၆၀ ကျော်ဖြင့်ရရှိခဲ့ပြီး ယင်းလက်မှတ်များကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိမ်းထံသို့ ဧပြီ၂၂ ရက်နေ့က ပေးပို့ပြီးဖြစ်ကြောင်း ၎င်းကပြောသည်။

ဦးဖြိုးမင်းသိမ်းထံသို့ တိုင်းကြားစာတွင် အခြေခံဥပဒေ အခန်း(၈) ပုဒ်မ ၃၅၇ တွင် နိုင်ငံတော်သည် နိုင်ငံသားများ၏ နေအိမ်ဥပစာလုံခြုံရေး၊ ပစ္စည်းလုံခြုံရေးအတွက် အကာအကွယ်ပေးရမည်။ ပုဒ်မ ၃၇၀(က) တွင် နိုင်ငံတော်အတွင်း စီးပွားရေး လုပ်ငန်းများကို လွတ်လပ်စွာလုပ်ကိုင်နိုင်သည် ဟု ဖော်ပြထားပြီး ယခုဖြစ်စဉ်များသည် ဖော်ပြပါ နိုင်ငံသားအခွင့်အရေးများအား တိုက်ရိုက် ချိုးဖောက်နေသည့် အပြင် ရိုက်နှက်မှု၊ ခြိမ်းခြောက် လုယက်မှုများ အဖြစ်လည်း ပြစ်မှုမြောကကြောင်း၊ သာသနာတော်ညှိုးနွမ်းစေမှု လည်း ဖြစ်သည့်အပြင် နိုင်ငံတော် အကြည်ငြိုပျက်စေမှုလည်းဖြစ်ကြောင်း ဖေါ်ပြထားသည်။

ဧပြီ ၁၇ရက်နေ့ (မြန်မာနှစ်ဆန်းတစ်ရက်နေ့) နံနက် ၉း၃၀ အချိန်ခန့်တွင် ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ် ဗဟန်းဈေးအနီးတွင် ခါးပတ်များရောင်းချနေသည့် ရဲကိုကို (ခ) အဒွတ်ကာသင်အမည်ရှိ အစ္စလာမ် ဘာသာဝင်ပျံကျဈေးသည်တစ်ဦးအား ဘုန်းတော်ကြီး ခြောက်ပါးက ခြိမ်းခြောက်ရိုက်နှက်၍ ကျပ်ငွေ လေးသိန်းဖိုးခန့်တန်ဖိုးရှိသည့် ရောင်းချပစ္စည်းများအား သိမ်းယူခြင်း၊ ယင်းနေ့ နေ့လည် ၁း၃၀ အချိန်ခန့်တွင် ဗဟန်း ၃လမ်း ကားမှတ်တိုင်းအနီး တယ်လီဖုန်းနှင့် ဖုန်းအပိုပစ္စည်းများ ရောင်းချနေသည့် ဗုဒ္ဓဘာသာဝင် ပျံကျဈေးသည်တစ်ဦးနှင့် အစ္စလာမ်ဘာသာဝင် ပျံကျဈေးသည်တို့အား ဘုန်းတော်ကြီးဆယ်ပါးခန့်က ခြိမ်းခြောက်၍ ကျပ်ငွေ ဆယ်သိန်းဖိုးခန့် တန်ဖိုးရှိသည့် ရောင်းချပစ္စည်းများအား သိမ်းယူမှု ထပ်မံ ဖြစ်ပွားခဲ့ကြောင်း၊ ထို့အတူ မဟာဝိဇယစေတီအနီး Happy World ကစားကွင်းဘေးတွင် ဒန်ပေါက် ရောင်းချနေသည့် အစ္စလာမ်ဘာသာဝင်မိသားစု တစ်စုအား ဘုန်းတော်ကြီးများက ခြိမ်းခြောက်၍ ဒန်ပေါက်ရောင်းသည့် ဒန်အိုးများအား သိမ်းယူမှုတစ်ခုလည်း ဖြစ်ပွားခဲ့ကြောင်းတိုင်ကြားစာတွင် ဖေါ်ပြထားသည်။

ယင်းကိစ္စသည် မဘသအဖွဲ့နှင့်သက်ဆိုင်ခြင်းမရှိဘဲ ဦးဇင်းတို့၏ မျိုးချစ်ရဟန်းတော်များ သမဂ္ဂဖြင့်သာသက်ဆိုင်ကြောင်း၊ ရွှေတိဂုံဘုရားတဝိုက်တွင် ဘာသာခြားများဈေးလာမရောင်းရန်တောင်းဆိုမှုမှာ ယခုမှမဟုတ်ကြောင်း၊ နှစ်ဆန်းတစ်ရက်နေ့က ကိစ္စတွင်ဦးဇင်းတို့က တားမြစ်ရာ ဆောင့်တွန်းပြီး ထွက်ပြေးရန်ကြိုးစာခြင်းကြောင့် ခြောက်ရိုက်ရိုက်လိုက်ခြင်းဖြစ်ကြောင်းမျိုးချစ်ရဟန်းတော်များသမဂ္ဂ ဆရာတော်ဦးသုစိတ္တက ဧပြီ ၂၀ရက်နေ့က သာကီသွေးဂျာနယ်၏ အွန်လိုင်းစာမျက်နှာတွင် မိန့်ကြားထားသည်။

" ဦးဇင်းတို့ ရွှေတိဂုံဘုရားနား သူတို့ဈေးလာရောင်းတဲ့အထဲမှာ ရိုးရိုး သာမန်အဝတ်အစားနဲ့မဟုတ်ဘဲ ဘူခါရ်တွေခြုံ ပြီး ယောကျ်ားမှန်းမသိ၊ မိန်းမမှန်းမသိ လာ ရောင်းတာတွေရှိခဲ့တယ်။ မိန်းမမှန်းမသိ၊ ယောကျ်ားမှန်းမသိနဲ့ အဲဒီဝတ်ရုံတွေခြုံပြီး ဘု ရားကြီးကို အကြမ်းဖက်ဗုံးခွဲသွားရင် ဘယ်သူမှ မတတ်နိုင်ဘူး။ ဒီအတွက် ရွှေတိဂုံဘုရားကြီး ဘေးအန္တရာယ်မကျရောက်ရေးအတွက် ကာ ကွယ်ရမယ်ဆိုတဲ့အသိနဲ့ ဦးဇင်းတို့က ဒီကုလား တွေ ဈေးလာမရောင်းဖို့ တားခဲ့တာ။ မျိုးချစ်ရ ဟန်းတော်များသမဂ္ဂအနေနဲ့ကတော့ နောက် လည်း လုပ်သင့်တာတွေ လုပ်သွားဦးမှာပဲ'ဟု၎င်းက မိန့်ကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly