ပြောင်းလဲပစ်ရမည့်အထဲ ဒါတွေလည်း ပါသည်

ပြောင်းလဲပစ်ရမည့်အထဲ ဒါတွေလည်း ပါသည်

ယခုတလော အစိုးရပိုင်သတင်းစာဟု ခေါ်ကြသော သတင်းစာများတွင် အစိုးရသစ် တာဝန်ရှိ သူများ၏ သတင်းများကို ဖတ်ရှုနိုင်ကြရပြီ ဖြစ်သည်။

သည်နေရာတွင် သတင်းခေါင်းစဉ် စကားလုံးအသုံးအနှုန်း၊ သတင်းနေရာ အထားအသို အစရှိ သော အပိုင်းများကို အသာထားပြီး လက်ရှိအစိုးရ တာဝန်ရှိသူတချို့၏ သတင်းမဟုတ်သော သတင်း များကို သတင်းအဖြစ် တင်ပြနေကြသည်များကိုတော့ ဝေဖန်ထောက်ပြဖို့ရန် လိုအပ်လာပါသည်။

ဥပမာအနေနှင့် သတင်းတစ်ပုဒ်တွင် ဥယျာဉ်ခြံလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးဟူသော သတင်းတစ်ပုဒ်၌ တာဝန်ရှိ ဝန်ကြီးတစ်ပါး ကွင်းဆင်းစစ်ဆေးသည့်ကိစ္စကို သတင်းအဖြစ် တင်ထား သည်ကို တွေ့ရ သည်။ ယင်းကဲ့သို့ပင် အခြားအခြားသော ဝန်ကြီးများ၊ နိုင်ငံတော် သမ္မတမှသည် နိုင်ငံ တော် အတိုင်ပင်ခံအဆုံး လုပ်ငန်းဆိုင်ရာ ဆောင်ရွက်နေမှုများ၊ အထူးသဖြင့် ဌာနဆိုင်ရာအစည်းအ ဝေးများကို သတင်းအဖြစ် ဖေါ်ပြနေသည့် ဖတ်ကြရပါသည်။

သည်နေရာ၌ ဌာနဆိုင်ရာ အစည်းအဝေး ဖြစ်သောငြားလည်း တိုင်းပြည်က အထူးတလည် စိတ်ဝင်စားပြီး လူအများ သိဖို့လိုအပ်သည့် အစည်းအဝေး သတင်းမျိုးကိုတော့ သတင်းအဖြစ် တင်သည်ကိုမူ လက်ခံရမည် ဖြစ်သော်ငြားလည်း သာမာန် ဌာနဆိုင်ရာ အစည်းအဝေးများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ဌာနဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများ အစည်းအဝေးများသည် ယင်း ဌာနများအနေဖြင့် မလွဲမသွေ တာဝန်အရ ဆောင်ရွက်ကြရမည့် အပြုအမူ လုပ်ငန်းတာဝန်များဖြစ် သဖြင့် သတင်းဟူ၍ တင်ရန် မသင့်တော့ပါ။

မိမိတို့နိုင်ငံတွင် သတင်းမဟုတ်သည်များကို သတင်းအဖြစ် အစိုးရပိုင် သတင်းစာများတွင် ဖတ်ရှုလာခဲ့ကြရသည်မှာ နှစ်ပေါင်း ဆယ်စုနှစ် ငါးခုပင် ကျော်ခဲ့ပြီဖြစ်သည်။ လိုအပ်သည်များ မှာကြားခြင်း ဖြည့်စွက်ဆောင်ရွက်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါသည်ဟူသည့် သတင်းနိဂုံးချုပ် များကိုလည်း နှစ်ပေါင်းများစွာ ထပ်ပြန်တလဲလဲ သတင်းမဟုတ်ဘဲ သတင်းအဖြစ် ဖတ်ခဲ့ကြရပြီး ဖြစ်ပါသည်။

ဟိုစဉ်တုန်းကမူ အာဏာရှင်စနစ်ဖြစ်ပြီး အာဏာရှင်များ တိုင်းပြည်အတွက် မည်မျှအလုပ်လုပ် ကြောင်း ဝါဒဖြန့်သည့်အနေနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ အစည်းအဝေးများ၊ နယ်လှည့်သွား လာခြင်းများ၊ ဖွင့်ပွဲများ၊ အစရှိသည့်ကိစ္စများကို သတင်းဟူသော ခေါင်းစဉ်အောက်တွင် ခမ်းနားသိုက် မြိုက်စွာ ဖေါ်ပြခဲ့ကြသည်။ အာဏာရှင်ဖြစ်သဖြင့် သတင်းကျင့်ဝတ်ကို ဂရုမစိုက် အာဏာရှင်များ ဂုဏ်တက်သထက်တက်စေရန် သတင်းမဟုတ်သည်ကို သတင်းအဖြစ် ရေးတင်ခဲ့ကြသည်ကို အားလုံး အသိပင်ဖြစ်သည်။

သည်ကြားထဲ လွှတ်တော်ကိုယ်စားလှယ်များကအစ သက်ဆိုင်ရာ မြို့နယ်တာဝန်ရှိသူတချို့ သည်လည်း မိမိတို့ဒေသ မိမိတို့၏ တာဝန်ဝတ္တရား ဆောင်ရွက်မှုများကို သူတို့၏ ကိုယ်ပိုင် အင်တာ နက် လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ဖေါ်ပြလာကြရာတွင်လည်း လူထုဆန္ဒနှင့် ဘဝအခြေအနေ ကို တင်ပြသည်ထက် မိမိတို့၏ ဆောင်ရွက်ချက်များကိုသာ သိသင့်သိထိုက်သည့် အချက်အလက် မပါ ဖေါ်ပြလာနေကြသည်ကိုလည်း တွေ့လာကြရပါသည်။ ယင်းသို့ဆိုလျင် သွားလေသူ အာဏာရှင်ခေတ် တာဝန်ရှိသူများ၏ အပြုအမူ ဦးတည်ချက်များနှင့် ဘာများ ခြားနားကြပါတော့မည်နည်း။

ယခုအခါ ပြောင်းလဲချိန်တန်ပြီဆိုသည့် ဆောင်ပုဒ် လက်ကိုင်ထားသည့် အစိုးရအဖွဲ့သစ် ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။ ပင်မရေစီး အခြေခံအဆောက်အအုံတချို့ ပြောင်းလဲဖို့ဆိုသည်မှာ အချိန် ယူကြ ရမည်ဖြစ်သော်ငြားလည်း ယခုလို တစုံတရာ ချက်ချင်းလက်ငင်း ပြောင်းလဲလို့ရသည့် ကိစ္စများ ကိုမူ ပြောင်းလဲပစ်ကြရမည်သာ ဖြစ်သည်။

သတင်းမဟုတ်သည်များကို သတင်းလုပ်တင်သည့် စာနယ်ဇင်းတချို့ ပြောင်းလဲပစ်ဖို့လိုအပ် သလို တာဝန်ရှိသူများအနေဖြင့်လည်း အစည်းအဝေးကို သတင်းလုပ်တင်သည့်ကိစ္စ၊ တာဝန်အရ ဆောင်ရွက် သည်ကို သတင်းလုပ်တင်သည့် ကိစ္စများ အမြန်ဆုံး ပြောင်းလဲပစ်ကြဖို့လိုအပ်ကြောင်း မဇ္ဈိမက အကြံပြုလိုက်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly