အမှိုက်ပြဿနာအတွက် အင်းစိန်ဆေးရုံက ဝန်ထမ်းတွေကို အရေးယူဖို့ စစ်ပြီ

အမှိုက်ပြဿနာအတွက် အင်းစိန်ဆေးရုံက ဝန်ထမ်းတွေကို အရေးယူဖို့ စစ်ပြီ

ရန်ကုန်တိုင်းရှိ အင်းစိန်ခုတင် ၅၀၀ ဆံ့ ဆေးရုံ အမျိုးသား ခွဲစိတ်ကုသဆောင်တွင် အမှိုက်များ ပေါများမှု၊ အနံ့ဆိုးများထွက်မှုတို့အတွက် ဆေးရုံရှိ သန့်ရှင်းရေး ဝန်ထမ်းများကို အရေးယူနိုင်ရန် စစ်ဆေးနေပြီဟု ဆေးရုံအုပ်ကြီး ဒေါက်တာ အေးမောင်က ပြောသည်။

“အမှိုက်တွေကို နေ့ပိုင်းတာဝန်ကျသန့်ရှင်းရေးသမားက လုပ်ရမှာ။ တစ်ရက် နှစ်ရက်လောက်မပစ်မိတော့ အခုလို အမှိုက်တွေကပုံပြီး အနံ့ဆိုးတွေပါထွက်လာတာပါ။ အခုလည်း သန့်ရှင်းရေး ဝန်ထမ်းတွေကို အရေးယူနိုင်ရေးအတွက် စစ်ဆေးနေ ပါပြီ'' ဟု ဒေါက်တာ အေးမောင်၏ ပြောစကားကို ကိုးကားလျက် ဧပြီလ ၂၃ ရက်ထုတ် ကြေးမုံသတင်းစာတွင် ဖေါ်ပြသည်။

သန့်ရှင်းရေး ဝန်ထမ်းအင်အားကို ထပ်မံတိုးမြင့်သွားမည်ဟုလည်း ဆေးရုံအုပ်ကြီးက ပြောသည်။ “လက်ရှိ သန့်ရှင်းရေး ဝန်ထမ်းအင်အားတွေထပ်တိုးဖို့နဲ့ ရှိရင်း ဆေးရုံလုံခြုံရေး ဝန်ထမ်းတွေကိုပါ သန့်ရှင်းရေးဝန်ထမ်း အဖြစ် ပြောင်းလဲ တာဝန်ပေးဖို့ ဆောင်ရွက် ထားပါတယ်။ ဆေးရုံက လုံခြုံရေး ဝန်ထမ်းတွေကိုတော့ လုံခြုံရေးကုမ္ပဏီမှ ဝန်ထမ်းတွေ အဖြစ် ပြောင်းလဲခန့်အပ်သွားဖို့အတွက် လျာထားပါတယ်။ ဒါမှလည်း လိုအပ်နေတဲ့ ဆေးရုံ သန့်ရှင်းရေးနဲ့ လုံခြုံရေးကို ကောင်းစွာထိန်းသိမ်းနိုင်မှာပါ” ဟု ပြောသည်။

သန့်ရှင်းရေးဝန်ထမ်းအင်အားမှာလည်း တစ်ဆောင် လျှင်နေ့/ည လေးဦးသာ ရှိသောကြောင့် ဝန်ထမ်းအင်အား လောက်ငမှုမရှိကြောင်း၊ တစ်ဆောင်လျှင် သန့်စင်ခန်း သုံးလုံးသာရှိ၍ မလောက်ငကြောင်းနှင့် သန့်စင်ခန်းများ တိုးချဲ့ ဆောက်လုပ်ရန် လျာထားသည်ဟုလည်း ကြေးမုံက ဖေါ်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags