ချိုအေးမွှေးမြ နီရဲလှပ စတော်ဘယ်ရီ

22 April 2016
ချိုအေးမွှေးမြ နီရဲလှပ စတော်ဘယ်ရီ

ဒီလိုနွေရာသီရောက်ရင်ဖြင့် ချိုချိုချဉ်ချဉ် စတော်ဘယ်ရီသီးဖျော်ရည်လေးတစ်ခွက်လောက် သောက်လိုက်တာနဲ့တပြိုင်နက် အမောအပန်းတွေ ပြေပျောက်သွားစေမှာပဲလို့ တောင်းတမှုတွေရှိကြမှာပါ။
စတော်ဘယ်ရီသီးတွေကို နို့ဆီနို့စိမ်းနဲ့ သကြားရည်လေးထည့်လို့ ဖျော်ရည်စက်လေးနဲ့ ကျိတ်လိုက်ရင်တော့ ချဉ်ချိုမွှေးတဲ့ ရင်အေးစရာသဘာဝသစ်သီးဖျော်ရည်လေးတစ်ခွက်ကိုရရှိမှာ ဖြစ်ပါတယ်။

နွေရာသီမှာရွှေရင်အေးစေမယ့် စတော်ဘယ်ရီသီးကိုတော့ တစ်ချို့ကလည်းလက်ဖျော်လေးမှ ကြိုက်ကြသလိုတစ်ချို့ကလည်းစတော်ဘယ်ရီသီးလေးတွေကိုရေဆေးပြီးရေခဲသေတ္တာထဲမှာအအေးခံပြီးမှ သကြားလေးတွေဖြူးပြီးတော့ စားကြတာလည်း ရှိပါတယ်။

နီနီရဲရဲစတော်ဘယ်ရီသီးလေးတွေမှာတော့ လူတို့အတွက် ကျန်းမာရေးသာမက အလှအပအတွက်ပါ အကျိုးပြုစေတဲ့ ဗိုက်တာမင်တွေ ဖော်ရစ်အက်ဆစ်တွေ အများကြီးပါဝင်နေပါတယ်။ ဒါ့အပြင် အိပ်ရေးပျက်တာတို့  နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးဖို့နဲ့ အသားရည် ထိန်းသိမ်းပေးဖို့ ဆိုရင်တော့ စတော်ဘယ်ရီသီးလေးတွေကစွမ်းဆောင်ပေးနိုင်ပါသေးတယ်။

ချစ်စရာအဆင်း ယစ်မူးဖွယ် အနံ့တို့နဲ့ ဆွဲဆောင်အားပြင်းတဲ့ စတော်ဘယ်ရီသီးလေးတွေကိုတော့ လူကြီးကောကလေးပါ မကျန် ကြိုက်နှစ်သက်လေ့ရှိပါတယ်။ ဆောင်းနှောင်းရာသီနဲ့ နွေဦးရာသီ ကိုရောက်ရင်ဖြင့် ပြင်ဦးလွင် ကားလမ်းနံဘေးမှာ၊တောင်ကြီးဈေးတစ်ဝိုက်မှာ စတော်ဘယ်ရီသီးလေးတွေကိုတွေ့မြင်ရမှာပါ။

စတော်ဘယ်ရီပင်ဟာအေးမြတဲ့ရာသီဥတုကို နှစ်သက်ပေမယ့် အအေးလွန်ကဲရင်လည်းမဖြစ်ထွန်းပါဘူး။ မြေကြီးမှာကပ်ပြီးပေါက်လို့ မြေလျှောက်ပင်အမျိုးအစားလည်းဖြစ်ပါတယ်။  စိုစွတ်တဲ့ မြေမျိုးနဲ့ ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ ၃၀၀၀ ကနေ ၆၀၀၀ အတွင်းမှာရှိတဲ့ မြေမျိုးကိုတော့ အထူးကြိုက်နှစ်သက်ပါတယ်။ မြေပြန့်ဒေသတွေမှာစိုက်မယ်ဆိုရင်တော့ အပင်ဖြစ်ထွန်းပေမယ့်လည်းအပွင့်ပွင့်မှု နည်းတယ်လို့ သိရပါတယ်။  အကြိုက်ဆုံးမြေမျိုးကတော့ နှုန်းမြေမျိုးလို့ သိရပါတယ်။

ရာသီဥတုနဲ့ မြေအနေထားမှာစတော်ဘယ်ရီစိုက်ဖို့ သင့်တော်တဲ့ ပြင်ဦးလွင် အနီးတစ်ဝိုက်က စိုက်ခင်းမြေတွေမှာတော့ စတော်ဘယ်ရီတွေ အစိုက်များလှပါတယ်။ ပြင်ဦးလွင် နယ်တစ်ဝိုက်မှာတော့ ဒေသသီးလို့ ခေါ်တဲ့ စတော်ဘယ်ရီသီးအလုံးသေးသေးလေးတွေကိုတွေ့ရသလိုအကျွပ်သီးအဆင့်မြင့်သီးလို့ ခေါ်ကြတဲ့ စတော်ဘယ်ရီသီးအလုံးကြီးတွေကိုလည်းတွေ့ရပါတယ်။
အစိမ်းရောင်ကွင်းပြင်မှာအဖြူရောင် အပွင့်လေးတွေ ပွင့်နေတာကတော့ စတော်ဘယ်ရီပင်တွေပါ။ အပင်လေးတွေကိုစိပ်စိပ် စိုက်ထားတာကြောင့် အနီရောင်အသီးလေးတွေကိုသေချာကြည့်မှ ဟိုတစ်စဒီတစ်စတွေ့ရပါတယ်။ စတော်ဘယ်ရီဒေသမျိုးတွေကတော့ အကြမ်းခံပြီးတော့ စိုက်ပျိုးရာမှာလည်းကရိကထနည်းလို့ ဒေသခံစိုက်ပျိုးရေးသမားတွေကစိုက်ပျိုးကြတယ်လို့ ဆိုပါတယ်။

ဒီအကြောင်းကို ပြင်ဦးလွင်က စတော်ဘယ်ရီစိုက်ခင်းပိုင်ရှင်တစ်ဦးက အခုလို ရှင်းပြပါတယ်။

“ကျွန်မတစ်ယောက်တည်းလုပ်ရတဲ့ အချိန်မှာတော့ အကြီးမျိုးစိုက်ရတာကအမြဲပြုစုရတယ်။ ၁၅ရက်တစ်ခါလောက် အစာကျွေးရတယ်။ သူ့ကိုကောက်ရိုးခင်းပေးရတယ်။ ပိုပြီးပြုစုရတယ်။ ပိုပင်ပန်းတော့ ဒီဒေသကတော့ တအားမပြုစုရဘူး။ ပေါင်းကသုံးထပ်လေးထပ်ပဲ နုတ်ရတယ်။ ဒေသမျိုးကဖျော်ရည်လုပ်စားရင် မွှေးတယ်။ ဖျော်စားလို့ ကောင်းတယ်။ အကြီးမျိုးကကြတော့ အရသာသိပ်မရှိဘူး။ နောက်ပြီးတော့ ဒီဒေသစိုက်တာဘာလဲဆိုပွဲစားတွေ ကုန်သည်တွေ မြူးတဲ့အချိန်ကြရင် ဒီဒေသကိုဝိုင်စိမ်လို့ ရတယ်။ အကြီးမျိုးကြတော့ ဝိုင်စိမ်ရတာသိပ်အဆင်မပြေဘူး။ ”
ဒေသသီးလေးတွေကတော့ အလုံးသေးပြီးတော့ အခွံပါးပါတယ်။ သယ်ယူတဲ့နေရာမှာလည်းပုပ်လွယ်တဲ့အတွက် စိုက်ပျိုးရာဒေသဈေးကွက်ကလွဲရင် တခြားနေရာတော်တော်များများမှာမတွေ့ရပါဘူး။ ဒေသတွင်းမှာရှိနေတဲ့ စတော်ဘယ်ရီယိုလုပ်ငန်းတွေကိုအများဆုံးရောင်းချတာ ဖြစ်ပြီးတော့ မိရိုးဖလာဝိုင်စိမ်တဲ့ လုပ်ငန်းတွေမှာလည်းအသုံးပြုကြတာများပါတယ်။

ဒေသမျိုးစတော်ဘယ်ရီကဈေးကွက်တွင်ကျယ်မှု နည်းပေမယ့်လည်းသူတို့ထွက်ရှိရာဒေသရဲ့ ရင်သွေးလေးတွေလိုမက်မောစရာကောင်းနေပါတော့တယ်။ ချိုအိအိအနံနဲ့ ထူးခြားတဲ့ ဒေသတွင်းစတော်ဘယ်ရီသီးလေးတွေကိုရရှိစေဖို့ ဒေသမျိုးစတော်ဘယ်ရီသီးလေးတွေကိုတော့ အောက်တိုဘာလကနေ နိုဝင်ဘာလဆန်းလောက်ထိစိုက်ပျိုးကြပါတယ်။ စိုက်ပြီးတစ်လခွဲလောက်မှာပန်းစပွင့်ပါတယ်။ စတော်ဘယ်ရီသီးခူးတဲ့ ကာလကိုတော့ ဇန်နဝါရီလကနေမိုးမကျခင် မေလလောက်ထိသတ်မှတ်လို့ ရပါတယ်။ မိုးများလာခဲ့ရင်တော့ အသီးတွေမှာပိုးတွေကျခဲ့လို့ မခူးပဲထားတယ်လို့ စိုက်ပျိုးသူတွေကပြောကြပါတယ်။ စတော်ဘယ်ရီပင်စိုက်ပျိုးတော့မယ်ဆိုရင်တော့ အရင်ဆုံးမြေပြင်ဖို့ လိုအပ်ပါတယ်။

ဘယ်လိုစိုက်ရပျိုးရတယ်ဆိုတာကိုလည်း ယင်းစတော်ဘယ်ရီခင်းပိုင်ရှင်ကပဲ ရှင်းပြပါတယ်။

“ပထမဆုံးထွန်တယ်။ မြေပြင်ရတယ်။မြေပြင်ပြီးတဲ့ အချိန်ကြရင် လိုင်းတွေဖော်ရတာပေါ့နော်။ ဖော်ပြီးတော့ ရေလောင်းဖို့ကလမ်းလေးတွေကိုမာအောင်ဆိုပြီးတော့ သပ်သပ်နင်းရတယ်။ နင်းပြီးတော့ ဒီကဘောင်နဲ့ သပ်သပ်မြေသားကို ပြန်လုပ်ရတယ်။ နွေရာသီဆိုရင် ဒီကလောင်းတဲ့ရေတွေကအပြင်ကိုမထွက်သွားအောင် ဘောင်တွေ ခတ်ထားတာ။ နွားချေးထည့်တယ်။ နောက်ပြီးတော့ အပင်တစ်လပြည့်ပြီးပေါင်းနုတ်ပြီးရင် မြေသြဇာထည့်တယ်။ စိုက်ပြီး နှစ်လခွဲသုံးလလောက်မှာပွင့်တယ်။ ဒေသမျိုးစတော်ဘယ်ရီသီးတွေဟာဈေးကွက်ရရှိမှုနည်းတဲ့အတွက် အသီးအရေအတွက် ထိန်းသိမ်းဖို့ထက် အထွက်နှုန်းကောင်းဖို့ကိုအလေးထားပြီးတော့ စိုက်ပျိုးကြပါတယ်။

ရေထိန်းမယ် အပင်စိပ်စိပ်စိုက်ရင် အပင်များများရရင် အသီးများများရမယ်။ သူတို့ကအဲဒီအယူအဆနဲ့ စိုက်ကြတယ်။ သူတို့ကအရေအတွက်ကိုဉ်ီးစားပေးပြီးစိုက်ကြတယ်။ သူတို့ကအရည်အသွေးကိုသိပ်ပြီးတော့ ခေါင်းထဲမထည့်ကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အသီးကဈေးကွက်ကိုတိုက်ရိုက်တင်တာအရမ်းနည်းတာကိုသူတို့ကဘာလဲဆိုတော့  ဝိုင်စပ်မယ် ဖျော်ရည်သမားရောင်းမယ် ပိဿနဲ့ ရောင်းကြတာကိုး။ အဲတာကြောင့်မို့  ဒီအသိအမြင်ကိုသူတို့ခေါင်းထဲမှာလုံးဝပြောင်းဖို့ မစဉ်းစားကြသေးဘူး။ သူတို့ ဒေသပင်ကတော့ အမြစ်ဒဏ် နည်းနည်းပိုခံသေးလို့ သူတို့ စိုက်လို့ရနေသေးတယ်။ ဘယ်အပင်မဆိုအမြစ်ရောဂါရှိတယ်။ ရေဝပ်တဲ့အတွက်ကြောင့် အမြစ်ရောဂါကြောင့် ပျက်စီးမှု နောက်တစ်ခါ အပင်စိပ်စိပ်စိုက်တဲ့အတွက် လိုချင်သလောက် လောင်းမိနေတဲ့အတွက် အသီးအရွက်တွေလည်းမလှဘူးအပွင့်လိုက်မှုလည်းအရမ်းအားနည်းတယ်။ သူတို့အတွက် ရင်းတာလေးနဲ့ ကိုက်နေတဲ့အတွက် ဒီစနစ်လေးနဲ့ လုပ်နေတယ်လို့ပဲ ကျွန်တော်ထင်တယ်။ ”

ဒေသမျိုးတွေကတော့ အကြမ်းခံနိုင်တယ်လို့ ဆိုပေမယ့် တစ်ချို့ ဂရုစိုက် ထိန်းသိမ်းရမယ့် အချက်တွေကလည်းရှိနေပါသေးတယ်။ စတော်ဘယ်ရီပင်ဟာရေကြိုက်ပေမယ့် ရေမဝပ်စေဖို့ အရေးကြီးပါတယ်။ စိုက်ပျိုးမယ့်မြေရဲ့ ချဉ်ငံဓာတ်ကိုတော့ ၆.၅ အတွင်းမှာရှိနိုင်အောင် လုပ်ထားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စတော်ဘယ်ရီပင်ဟာအပူချိန် ၂၀ ဒီဂရီစင်တီဂရိတ်ကနေ ၂၅ ဒီဂရီစင်တီဂရိတ်ကြားမှာအပွင့်ပွင့်နှုန်းကောင်းလို့ အသီးတင်နှုန်းလည်းများပါတယ်။ စတော်ဘယ်ရီပင်ဟာရေကြိုက်တဲ့အတွက် နှစ်ရက်ကိုတစ်ခါ သုံးရက်ကိုတစ်ခါ ရေလောင်းပေးရပါမယ်။ အသီးသီးချိန်မှာတော့ ရေလောင်းတာကိုအထူးဂရုစိုက်ရမှာပါ။ ရေများရင် အသီးတွေလည်းပုပ်သွားတတ်လို့ပါ။ အသီးသီးချိန်မှာပေါင်းနှုတ်ပြီးတော့ မြေသြဇာကျွေးဖို့လည်းလိုအပ်ပါသေးတယ်။

စတော်ဘယ်ရီပင်စိုက်ပျိုးမှုလုပ်ငန်းအသေးစိတ်ကိုလည်း ယင်းစတော်ဘယ်ရီစိုက်ပျိုးသူကပဲ ထပ်ပြီး ရှင်းပြပါတယ်။

“ပေါင်းနှုတ်ပြီးတစ်ထပ် နှစ်ထပ် အချိန်ကြရင် မြေသြဇာတို့ နှမ်းဖတ်တို့ သုံးလေးမျိုးလောက် ရောပြီးတော့ ကျင်းတူးပြီးတော့ မြှုပ်တယ်။ မြှုပ်ပြီးတော့ ရေလောင်းတယ်။ အဲတော့ သူကအပင်ပိုထတယ်ပေါ့။ အပွင့် အားပေးတယ်။ အပင်အားပေးတယ်။ အဲလိုမျိုုးအသီးထွက်နှုန်းကောင်းတာပေါ့။ ဘယ်ချိန်မှာလုပ်ရလဲဆိုတော့ တစ်လခွဲလောက်မှာတစ်ကြိမ်ပေးတယ်။ နောက်ပြီးတော့ နှစ်လခွဲလောက်မှာတစ်ကြိမ် အခုဒါ နောက်တစ်ကြိမ် ပြန်ပေးအုံးမှာ”

ကျင်းတူးပြီးတော့ မြေသြဇာကျွေးတာကတော့ အလေအလွင့်နည်းအောင်နဲ့ ကျွေးတဲ့အဟာရကိုအပင်ကတိုက်ရိုက်စားသုံးနိုင်အောင် လုပ်ထားပါတယ်။ ဒါလေးကလည်းမှတ်သားထားရမယ့် နည်းလမ်းကောင်းလေးတစ်ခုပါရှင်။ စတော်ဘယ်ရီအသီးခူးတာတော့ ရာသီဥတုပေါ်မှာလိုက်ပြီးတော့ ခူးတဲ့ရက်ကိုသတ်မှတ်လေ့ ရှိပါတယ်။ ရာသီဥတုပူနေရင် အသီးတွေ မြန်မြန် မှည့်တတ်တဲ့အတွက် ရက်ခြားဆိုသလိုခူးလေ့ရှိပြီးတော့ ရာသီဥတုအေးလို့ အသီးတွေ အထားခံခဲ့ရင်တော့ သုံးရက်တစ်ကြိမ်လောက်မှာခူးတယ်လို့ ပြောပါတယ်။

စတော်ဘယ်ရီသီးစိုက်ပျိုးသူတွေဟာဈေးကွက် ကျယ်ကျယ်ပြန့်ပြန့် မရပေမယ့်လည်းစိုက်ပျိုးသူတွေ အနေနဲ့ ရောင်းချတဲ့နေရာမှာအဆင်ပြေတယ်လို့ ဆိုကြပါတယ်။ ဒေသတွင်းမှာယိုလုပ်တဲ့လုပ်ငန်းတွေ ဝိုင်လုပ်တဲ့လုပ်ငန်းတွေ ရှိနေတော့ ဒေသခံပွဲစားတွေဆီကိုရောင်းချလေ့ရှိပါတယ်။ ဒေသစတော်ဘယ်ရီသီးရဲ့ အနံနဲ့ အရသာထူးခြားချက်ကလည်းအသင့်အတင့်ဈေးကွက်တစ်ခုရရှိဖို့အတွက် အာမခံထားပေးပြန်ပါတယ်။

စတော်ဘယ်ရီသီးဈေးကွက်အခြေအနေကို စတော်ဘယ်ရီသီး ဆိုင်တင်ရောင်းချသူတစ်ဦး.က အခုလို ရှင်းပြပါတယ်။

“ဈေးကွက်ကလည်းအဆင်ပြေပါတယ်။ ဘာလို့လဲဆိုတော့ ဒီမှာကပွဲရုံကလေးငါးရုံရှိတယ်။ ပြီးတော့ ယိုလုပ်တဲ့ စက်ရုံတွေမှာတိုက်ရိုက်ပို့တဲ့ အချိန်ကြတော့ ရွာမှာပဲသွင်းရတော့ ပိုအဆင်ပြေတယ်။ မြို့ပေါ်ထိတင်မပို့ရဘူး။ ဒေသမျိုးကဒီမှာလည်းရွာမှာလည်းသွင်းလို့ ရတယ်လေ။ နောက်ပြီးတော့ သူက ပြုစုရတာလွယ်ကူတယ်။ အစာကလည်းအကြီးမျိုးလောက် သိပ်မကျွေးရဘူး။ သိပ်မကျွေးရတဲ့အချိန်ကြတော့ ဒါကပိုအဆင်ပြေတယ်။ ဈေးရတဲ့အပိုင်းကတော့ နည်းနည်းတော့ ကွာတာပေါ့။ အကြီးမျိုးက ၄၀၀ လောက် ရှိရင် ဒေသတွေက ၂၅၀ အဲလောက်ပဲရှိပါတယ်။ ”
ပြင်ဦးလွင်ဘက်မှာတော့ ဒေသတွင်းစတော်ဘယ်ရီတွေကိုစေတစ်လုံးရွာတစ်ဝိုက်မှာအဓိကထားစိုက်ပျိုးကြပါတယ်။ ဒီမှာစိုက်တဲ့ စတော်ဘယ်ရီသီးမျိုးပင်တွေကိုတော့ ရှမ်းပြည်နယ် နောင်ချိုဘက်ကနေဝယ်ယူတာရှိသလို ပြင်ဦးလွင် အနီးစခန်းဘက်ကလည်းဝယ်ယူစိုက်ပျိုးကြတယ်လို့ သိရပါတယ်။ စတော်ဘယ်ရီပင်ကိုမျိုးယူတော့မယ်ဆိုရင်တော့ အပင်ဟောင်းကနေသားတက်မွေးရမှာ ဖြစ်ပါတယ်။ စတော်ဘယ်ရီပင်ဟာမြေမှာတွားတဲ့အပင်ဖြစ်တာကြောင့် မြေနဲ့ထိရာအဆစ်တွေကနေအမြစ်တွေ ထွက်လာပါတယ်။ ဒီလိုပွားလာတဲ့ သားတက်လေးတွေကို ဖြတ်ယူပြီးတော့ မျိုးခင်းကိုပျိုးရမှာ ဖြစ်ပါတယ်။ မျိုးကောင်းမျိုးသန့် ရွေးချယ်နိုင်မှုကစတော်ဘယ်ရီသီးအထွက်နှုန်းကောင်းဖို့ အပင်အသေပျောက် နည်းဖို့ စတာတွေ အပြင် စတော်ဘယ်ရီသီးအလုံးလှလှလေးတွေ ရရှိဖို့အတွက် အရေးကြီးနေပါတယ်။

ရာသီအလိုက် စတော်ဘယ်ရီအထွက်နှုန်းအခြေအနေကို စတော်ဘယ်ရီသီးဆိုင်တင်ရောင်းချသူတစ်ဦးက အခုလို ရှင်းပြပါတယ်။

“ဒီအခုသုံးလပိုင်းကနေလေးလပိုင်းအထိလှိုင်လှိုင် တအားပေါတော့တာပဲ။ အဲဒီဟိုဘက်ကြရင် သူကဆုတ်သွားပြီ။ အသီးတွေ သိပ်မလာတော့ဘူး။ လာတော့လာတယ် သိပ်ပြီးဒီလိုမသန်တော့ဘူး။ သူအားကုန်သွားခဲ့ပြီ။ သူရဲ့ အားက ၁၂လပိုင်းက စားရတဲ့အတွက်ကြောင့်မို့လို့ အားကုန်သွားပြီ။ သူကတဖြေးဖြေးဆုတ်သွားပြီ။ ဒါတွေကတက်လာမှာဒါတွေကဘယ်အချိန်ထိရောင်းရမလဲဆိုတော့ ကဆုန်လထိလာမယ်။ အဲဒီရဲ့ ဟိုဘက်ကြရင် မရောင်းတော့ဘူး။ ဘာလို့လဲဆိုတော့ သူက နွယ်ထွက်တယ် အသီးပိုးကျသွားတဲ့အခါကြတော့ စတော်ဘယ်ရီ ကဏ္ဍပြီးသွားပြီမရောင်းရတော့ဘူး။ သူတို့ကအမှတ်တရလက်ဆောင်ဆိုရင် ဒါပဲဝယ်တယ်။

ဒါရယ် ဟိုဘက်ကဝိုင်ပေါ့။ သဘာဝအစစ် သူ့ကိုဝိုင် ထုတ်တာ။ သူကအဲတာကြောင့် မိန်းကလေးလည်းသောက်လို့ရတယ်။ ယောကျ်ားလေးလည်းသောက်လို့ရတယ်။ သူကလေရောဂါတွေ ဘာတွေ ရှိလို့ရှိရင် အကျောအချဉ်အတွက် ကောင်းတယ်ပေ့ါ။ ဘာပဲနေနေဒီပြင်ဦးလွင်ကိုရောက်တယ်ဆိုရင်တော့ အားလုံးကအမှတ်တရလက်ဆောင် ယူသွားကြတယ်လေ။ ဒါတွေကတောင်ကြီးနဲ့ ပြင်ဦးလွင်ပဲထွက်တာများတာကိုး။ တောင်ကြီးကအသီးနဲ့ ဒီကအသီးနဲ့လည်းမတူဘူး။ ရာသီဥတုချင်းလည်းမတူဘူး။

စားရတဲ့အရသာဒီပြင်ဦးလွင်ကဟိုအဝေးကြီးကတည်းကပြောမယ်ဆိုရင်တော့ အစ်မတို့ အဖေအမေဟိုလက်ထက်ထက်ကတည်းကဒီစတော်ဘယ်ရီဆိုတာအစ်မကခုအသက် ၄၄နှစ်တည်းရှိပြီ။ ကြာပြီပေါ့နော်။ ဒီအသီးတွေ စပြီးပေါခဲ့တာ။ ဒါပေမယ့် ဒီပြင်ဦးလွင်မှာဒါကနာမည်အကြီးဆုံးပဲ။ ဒီကိုရောက်ရင် ဒီအသီးမပါရင် လက်ဆောင်အဖြစ်မပါရင် မပြန်ကြဘူးဝယ်ကြတာချည်းပါပဲ။”

 

Mizzima Weekly