မြန်မာတစ်နိုင်ငံလုံးနီးပါး လာမည့် ရ၂ နာရီ အတွင်း မိုး ကြိုးပစ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်

မြန်မာတစ်နိုင်ငံလုံးနီးပါး လာမည့် ရ၂ နာရီ အတွင်း မိုး ကြိုးပစ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်

ရန်ကုန်၊ဧပြီ ၂၂ ။               ။ မြန်မာတစ်နိုင်ငံလုံးနီးပါးတွင် နောက် ၇၂ နာရီအတွင်း မိုးတိမ်တောင်များ ဖြစ်ပေါ်ကာ မိုးသည်းထန်ခြင်း၊ မိုး ကြိုးပစ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပြီး ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းတွင် အဆိုးရွားဆုံးဖြစ်နိုင်ကြောင်း  မိုးလေဝသပညာရှင် ဦးထွန်းလွင်က သတိပေးပြောကြားလိုက်သည်။

ယင်းသို့ ဖြစ်ပေါ်လာပါက အသေအပျောက် အပျက်အစီးများ ရှိနိုင်သည့်အတွက် သတိပြု သွားလာရန် ယခုကဲ့ သို့ အကြံပြုပြောကြားခဲ့ခြင်း ဖြစ်သည်။

"မြန်မာပြည် တစ်ဝက်ကျော်ကျော်လောက်မှာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားတယ်။ အပေါ်ပိုင်း တစ်ပိုင်းလုံးပေါ့။ အောက်ပိုင်းလောက်ပဲ ကျန်တယ်။ အဲဒီအထဲမှာ အများဆုံးဖြစ်နိုင်တာက ကချင်နဲ့ စစ်ကိုင်းအထက်။ အဲဒီဒေသက အဆိုးဆုံးဖြစ်နိုင်တယ်။ အများဆုံးဖြတ်နိုင်တယ်ဆိုလို့တော့ အယူအဆမလွဲနဲ့နော်။ ရာခိုင်နှုန်းများ တာ ကိုပြောတာ။ကျန်တဲ့နေရာတွေလည်း မဖြစ်ဘူးလို့ပြောတာမဟုတ်ဘူး"ဟု ဒေါက်တာထွန်းလွင်က ပြောသည်။

လက်ရှိအချိန်သည် မိုးကြိုရာသီဖြစ်သည့်အတွက် မွန်းလွဲ၂ နာရီနောက်ပိုင်းအချိန်များတွင် မိုးတိမ်တောင်များ အများအားဖြင့် ဖြစ်ပေါ်တတ်သည့်အတွက် ယင်းအချိန်နောက်ပိုင်းတွင် မိုးသည်းထန်ခြင်း၊ မိုး ကြိုးပစ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်တတ်ကြောင်း ၎င်းက ပြောသည်။

အထူးသဖြင့် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရခိုင် ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းအရှေ့ပိုင်း၊ ရန်ကုန်တိုင်း မြောက်ပိုင်းတို့မှာ မွန်းလွဲနဲ့ ညနေပိုင်း အချိန်တွေအတွင်း လေထုမငြိမ်မသက်ဖြစ်ရာမှ မိုးတိမ်တောင်များ ဖြစ် လာကြောင်း သိရသည်။

မိုးတိမ်တောင်များ ဖြစ်ပေါ်လာပါက မိုးခြိမ်းခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသည်းထန်ခြင်း၊ လေပြင်းတိုက် ခတ် ခြင်းတို့ ယေဘုယျအားဖြင့် ဖြစ်ပေါ်တတ်ပြီး အားကောင်းသည့် မိုးတိမ်တောင်ဖြစ်ပါက မိုးကြိုးပစ်ခြင်း၊ မိုးသီး ကြွေခြင်း၊ လေဆင်နှာမောင်း တိုက်ခတ်ခြင်းတို့ကိုပါ ဖြစ်စေတတ်သည့်အပြင် တခါတရံ စိုက်ဆင်းလေပြင်း တိုက်ခတ်တတ်သည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နှင့် မန္တလေးတိုင်း ပြင်ဦးလွင်မြို့တို့တွင်  ဧပြီ ၂၁ ရက် ညနေပိုင်းက မိုးသည်း ထန် ပြီး မိုးကြိုးပစ်ခြင်း၊ လေးပြင်းတိုက်ခတ်ခြင်းတို့ကြောင့် သစ်ပြင်များ လဲပြိုခြင်း၊ ဓါတ်တိုင်များလဲပြိုခြင်း၊ တိုက် တာအဆောက်အဦများပြိုလဲခြင်းတို့ ဖြစ်ပွားခဲ့ပြီး  လူ သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ရသည်။

ထို့ပြင် မြန်မာနိုင်င့အတွင်း မိုးကြိုးပစ်၍ သေဆုံးသူအရည်အတွက်များ တိုးမြင့်လာသည့်အတွက် မိုးကြိုး အန္တ ရာယ်ကိုလည်း သတိထားနေထိုင်ကြရန် မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က အကြံပြု ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly