လိပ်ကျွန်းလူသတ်မှု အယူခံတစ်လထပ်မံတောင်းဆိုမှု တရားရုံးခွင့်ပြု

လိပ်ကျွန်းလူသတ်မှု အယူခံတစ်လထပ်မံတောင်းဆိုမှု တရားရုံးခွင့်ပြု

ချင်းမိုင်၊ဧပြီ ၂၁ ။              ။ ထိုင်းနိုင်ငံ တောင်ပိုင်း လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ချမှတ်ခံထားရသော မြန်မာနိုင်ငံသား နှစ်ဦးအမှု အယူခံ နောက်ဆုံး အဖြစ် တစ်လ ထပ်မံ တောင်းဆိုမှု ထိုင်းတရားရုံးက နောက်ဆုံးအကြိမ် ခွင့်ပြုလိုက်သည်။

မြန်မာနိုင်ငံငံသား ကိုဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့နှစ်ဦး၏ အမှု အယူခံအတွက် ထိုင်းရှေ့နေများ ကောင်စီက ထိုင်းတရားရုံးသို့ ဧပြီ ၁၉ ရက်က တစ်လ ရက်တိုးတောင်းဆိုမှုကို  ညနေပိုင်းတွင် ထိုင်းအစိုးရဘက်မှ ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

ထိုင်းရှေ့နေများကောင်စီနှင့် မြန်မာသံရုံးစုံစမ်းရေးကော်မတီတို့ စုပေါင်း၍ အယူခံ လျှောက်ထားရန်အတွက် ၉၀ ရာခိုင်နှုန်း ပြင်ဆင်ပြီးနေပြီ ဖြစ်သော်လည်း  အချက်အလက် ရယူမှုတွင် လွဲမှားမှုများ ရှိနေသဖြင့် အယူခံ ရက်တစ်လ ထပ်တိုးတောင်းဆိုခြင်း ဖြစ်သည်ဟု မြန်မာသံရုံးစုံစမ်းရေးကော်မတီမှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

“အခုကြားမှာ ပြဿနာတစ်ခု ရှိသွားတာက ၂၃ ရက် ၃လ မှာ ရှေ့နေများကောင်စီနှင့် မြန်မာဘာသာပြန်တို့ အကျဉ်းထောင်တွေရှိတဲ့ ဇော်နဲ့ ဝင်းနဲ့ အယူခံနဲ့ ပတ်သက်လို့ သိချင်တဲ့ အချက်တွေမေးဖို့ သွားတဲ့အချိန်မှာ အကျဉ်ဦးစီးဌာန ယာယီ တာဝန်ခံက ရှေ့နေတွေကိုတော့ ဝင်ပေးပြီးတော့ ဘာသာပြန်ကိုကြတော့ ဝင်ခွင့်မပေးခဲ့ဘူး။ အဲဒီမှာ ပြဿနာဖြစ်တယ်။

ဘာဖြစ်လို့ လဲဆိုတော့ တရားစွဲခံရလူက ဗမာလူမျုးိဖြစ်တယ်။ အယူခံအတွက် စစ်ေဆေးပြီးတော့ အချက်အလက် ယူမယ့်လူက ထိုင်းရှေ့နေဖြစ်တယ်။ ဘယ်လိုမှ အပြန်အလှန် ဆက်သွယ်လို့ရနိုင်မှာ မဟုတ်အတွက် ဘာသာပြန်ခေါ်လာတာကို ထောင်ဦးစီးဌာနက ခွင့်ပြုခြင်း မရှိဘူးဆိုတာက လွဲမှားတယ်ဆိုတာကို အန်ကယ်တို့သိလို့ အဲဒီအကြောင်းကို သက်ဆိုင်ရာကို စာတင်ရပါတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

ထိုသို့ စာတင်ခဲ့သဖြင့် ဧပြီလ ၁၈ ရက်တွင် ဘာသာပြန်အား ပြန်လည် ဝင်ခွင့်ရခဲ့သဖြင့် အချက်အလက်များ ပြန်လည် ရယူခဲ့ခြင်းဖြစ်သည်ဟု သူက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် စက်တင်ဘာလက ဗြိတိန်နိုင်ငံသား ဟန်နား ဝီသာရစ်နှင့် ဒေးဗစ်မေလာတို့ အသတ်ခံရမှုတွင် မြန်မာနိုင်ငံသား ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်က လူသတ်မှု အပါအဝင် ပုဒ်မ ၇ ခုဖြင့် သေဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

မတ်လ ၂၃ ရက်ကလည်း အယူခံ လျှောက်ထားရန် တတိယအကြိမ်မြောက် ရက်တိုးတောင်းဆိုခဲ့ရာ ယခုတစ်ကြိမ်တွင် စတုတ္ထကြိမ်မြောက် ရက်တိုးတောင်းဆိုခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly