မက်ဆီမန်နှင့် ရန်နိုင်ဦးတို့ကို ခေါ်ယူရန် ရှမ်းယူနိုက်တက်အသင်း သဘောတူညီမှုရ

မက်ဆီမန်နှင့် ရန်နိုင်ဦးတို့ကို ခေါ်ယူရန် ရှမ်းယူနိုက်တက်အသင်း သဘောတူညီမှုရ
၂၀၁၅ ဘောလုံးရာသီက ရတနာပုံအသင်းတွင် ပါဝင်ကစားနေသော မက်ဆီမန်အား တွေ့ရစဥ။် (ဓာတ်ပုံ-ရွှေဘုတ်)

ဧပြီ ၁၉ ၊ ရန်ကုန် ။            ။ ရှမ်းယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့မတိုင်မီ အပြောင်းအရွေ့ဈေးကွက်ဖွင့်ချိန်၌ ရတနာပုံကွင်းလယ်လူဟောင်း မက်ဆီမန်နှင့် ဇေယျာရွှေမြေ ကွင်းလယ်လူ ရန်နိုင်ဦးတို့ကို ခေါ်ယူရန် အကြိုသဘောတူညီမှု ရရှိထားသည် ဟု အသင်းမီဒီယာတာဝန်ခံ ကိုအောင်ပိုင်က ပြောသည်။

ရှမ်းယူနိုက်တက်အသင်းသည် လိဂ်ပထမအကျော့ပြီးဆုံးချိန်တွင် အသင်း၌ ခြေစွမ်းမပြနိုင်ခဲ့သည့် အီရန်တိုက်စစ်မှူး ဘီးရှက်ဖ်၊ ဂီနီကွင်းလယ်လူ အလီကာမာရာ တို့နှင့်နှစ်ဦးသဘောတူ လမ်းခွဲခဲ့သည်။

“ အပြောင်းအရွေ့ဈေးကွက်ဖွင့်တာနဲ့ ကစားသမားသစ်တွေ ခေါ်သွားဖို့ရှိပါတယ်။ အသင်းက ပထမအကျော့မှာ ခြေစွမ်းမကြိုက်တဲ့ ကစားသမားတွေကို စာချုပ်ဖျက်သိမ်းလိုက်တဲ့အတွက် သူတို့နေရာတွေကို ပြန်ဖြည့်သွားမှာပါ။ ဘယ်နိုင်ငံသားတွေ ဖြစ်မလဲဆိုတာတော့ ရွေးနေတုန်းပါပဲ။ အနီးစပ်ဆုံးတော့ မက်ဆီမန်နဲ့ ရန်နိုင်ဦးကတော့ အကြိုသဘောတူညီမှု ရထားပြီးပါပြီ။ ကစားသမားနဲ့ အသင်းနဲ့ ညှိနှိုင်းမှုပြီးတာနဲ့ စာချုပ်ချုပ်ဆိုသွားမှာပါ။ ဒုကျော့အတွက်တော့ အာရှသားရှေ့တန်းတစ်ယောက်နဲ့ နိုင်ငံခြားသား ကွင်းလယ်လူ နှစ်ယောက်တို့ကို ခေါ်သွားမှာပါ။ ” ဟု ကိုအောင်ပိုင် က အသင်း၏ ဒုတိယအကျော့ ပြင်ဆင်မှုနှင့် ပတ်သက်၍ ပြောသည်။

ရှမ်းယူနိုက်တက်အသင်းသည် ၂၀၁၆ ဘောလုံးရာသီတွင် ငွေကြေးသုံးစွဲမှုအမြောက်အမြား ပြုလုပ်ခဲ့သော်လည်း အသင်းအောင်မြင်မှုရရှိခြင်းမရှိသည့်အတွက် ပထမအကျော့တွင် နိုင်ငံခြားသားနည်းပြ ရူသာနှင့် နိုင်ငံခြားသားကစားသမားနှစ်ဦးကို လမ်းခွဲခဲ့သည်။

ရှမ်းအသင်းသည် ၂၀၁၆ မြန်မာနေရှင်နယ်လိဂ် ပထမအကျော့အပြီးတွင် နှစ်ပွဲသာအနိုင်ရထားပြီး ခြောက်ပွဲသရေ သုံးပွဲရှုံး ရလဒ်ဖြင့် ရမှတ် ၁၂ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် ရှစ် နေရာတွင်သာ ရပ်တည်ထားနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly