လက်နက်ကိုင်တချို့နှင့် မြန်မာ့တပ်မတော်တို့ အလွတ်သဘောတွေ့ဆုံရန် စီစဉ်

လက်နက်ကိုင်တချို့နှင့် မြန်မာ့တပ်မတော်တို့ အလွတ်သဘောတွေ့ဆုံရန် စီစဉ်

ချင်းမိုင်၊ ဧပြီ ၂၁ ။              ။ ငြိမ်းချမ်းရေးဆွေးနွေးရန် စတင်ဆွေးနွေးရန် ရခိုင်တပ်မတော်(AA)၊ ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး (PSLF) နှင့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ (ကိုးကန့်-MNDAA) တို့နှင့် မြန်မာ့တပ်မတော်ဘက်မှ  ငြိမ်းချမ်းရေးဆွေးနွေးရန်တာဝန်ပေးထားသည့် အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦးတို့ မကြာမီ ရက်ပိုင်းတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလွတ် သဘောတွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။

“ဒါကအလွတ်သဘောဘဲ ကမ်းလှမ်းထားတာတော့ ရှိတယ်။ ဒို့လည်း အဲဒီမှာကတော့ UNFC အနေနဲ့တော့ မဟုတ်သေးဘူ။ အဓိကအားဖြင့် သူတို့ လက်မခံတဲ့ သုံးဖွဲ့လေ အဲဒီသုံးဖွဲ့က ဒီထဲမှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနဲ့ နိုင်ငံရေး ဆွေးနွေးပွဲမှာ ပါမှ ဖြစ်မယ်လို့ ဒို့ကလည်း ရပ်တည်ထားတာကိုး အဲတော့ ပါနိုင်ဖို့ နည်းလမ်းပေါ့ဗျာ။ အလွတ်သဘောတွေ့ဖို့ ကမ်လှမ်းထားတယ်” ဟု နိုင်ဟံသာက သတင်းထောက်များကို ပြောသည်။

သို့သော် ၎င်းတို့ တွေ့ဆုံရန်အတွက် နေ့ရက် သတ်မှတ်ထားခြင်း မရှိသေးသော်လည်း အမြန်ဆုံး တွေ့ဆုံသွားရန် သဘောတူညီထားသည်ဟု သူက ပြောသည်။

UNFC နှင့်တွေ့ဆုံမဟုတ်သော်လည်း ၎င်းတို့၏ အဖွဲ့ဝင် ၃ ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရန်အတွက် သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်မှ ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ပါဝင်ခဲ့သော မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC)မှ အကြီးတန်းအရာရှိ ဦးလှမောင်ရွှေနှင့် မွန်ပြည်သစ်ပါတီ(NMSP)မှ ဒုဥက္ကဌ နိုင်ဟံသာတို့ ကြားဝင်ညှိနှိုင်းပေးနေခြင်း ဖြစ်ကြောင်း နိုင်ဟံသာက ပြောသည်။

ပြီးခဲ့သည့် သြင်္ကန်မတိုင်မီ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ်(NCA)တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံး ပါဝင် လက်မှတ်ရေးထိုးနိုင်ရန် ဆွေးနွေးညှိနှိုင်းရန် သဘောတူထားပြီး ဖြစ်သည်ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ဒုဥက္ကဌ နိုင်ဟံသာက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags