နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုဖြင့် တရုတ်အမျိုးသားတစ်ဦး သေဒဏ်ပေးခံရ

နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုဖြင့် တရုတ်အမျိုးသားတစ်ဦး သေဒဏ်ပေးခံရ

ဘေဂျင်း၊ ဧပြီ၊ ၁၉။               ။တရုတ်နိုင်ငံတွင် နိုင်ငံတော်လျှို့ဝှက်ချက်များပါဝင်သော စာရွက်စာတမ်းအမြောက်အများပေါက်ကြားမှုဖြင့် အမျိုးသား တစ်ဦးကို သေဒဏ်ချမှတ်လိုက်သည်။

နိုင်ငံတော်လျှို့ဝှက်ချက်များပါဝင်သော စာရွက်စာတမ်းပေါင်း ၁၅၀၀၀၀ ကျော်ကို ပြည်ပအင်အားကြီးနိုင်ငံတစ်နိုင်ငံထံ လွှဲပြောင်းပေးခဲ့မှုဖြင့် အမျိုးသားတစ်ဦးကို သေဒဏ်ပေးလိုက်သည့်သတင်းကို တရုတ်နိုင်ငံပိုင်မီဒီယာများက ထုတ်ဖော်ကြေညာသွားခဲ့ပြီး ယခင်ကကြေညာလေ့မရှိခဲ့သော အသေးစိတ်အချက်အလက်များကိုပါ ထုတ်ဖော်ကြေညာ သွားခဲ့သည်။

သေဒဏ်ချမှတ်ခံရသည့် အမျိုးသားမှာ ဟွမ်ယုဟုအမည်ရသော စီချွမ်းပြည်နယ်မှ ကွန်ပြူတာပညာရှင်တစ်ဦးဖြစ်ကာ နိုင်ငံတော်လျှို့ဝှက်ချက်များကိုထိန်းသိမ်းရသည့် အစိုးရဌာနတွင် ဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်ဖူးသူဖြစ်ကြောင်း၊ သို့သော် ၎င်းသည် မှတ်တမ်းမကောင်းသောဝန်ထမ်းတစ်ဦးဖြစ်ပြီး အလုပ်မှထုတ်ပယ်ခံထားရသူဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာများက ကြေညာသွားခဲ့သည်။

ဟွမ်ယုသည် အစိုးရဌာနတွင် ၎င်းအလုပ်လုပ်နေစဉ်ကတည်းက ပြည်ပသူလျှိုအဖွဲ့အစည်းတစ်ခုကို အင်တာနက်ပေါ်မှ နေ၍ဆက်သွယ်ခဲ့ပြီး ၎င်းအလုပ်လုပ်သည့်ဌာနက ကိုင်တွယ်ရသည့် လျှို့ဝှက်ချက်များကို ပေးအပ်ရန်ညှိနှိုင်းခဲ့ပြီး တစ်ဖက်မှလည်းလက်ခံခဲ့သောကြောင့် ထိုစဉ်ကတည်းက သတင်းအချက်အလက်များစတင်ရောင်းချနေခဲ့သည်ဟု ဆိုသည်။

သို့ရာတွင် အလုပ်မှထုတ်ပယ်ခံလိုက်ရပြီးနောက်တွင် ၎င်းကိုယ်တိုင်သတင်းအချက်အလက်များရရှိနိုင်ခြင်း မရှိတော့သဖြင့် ထိုအစိုးရဌာနမှာပင်အလုပ်လုပ်သည့် သူ၏ဇနီးနှင့် ယောက်ဖတို့ကိုဆက်လက်အသုံးချခဲ့ကြောင်း သတင်းများက ဆိုသည်။

နောက်ပိုင်းတွင် ၎င်း၏အကြောင်းရင်းရေရေရာရာမရှိဘဲ မကြာခဏခရီးများထွက်မှုနှင့် မည်သည့်နေရာကရမှန်းမဖော်နိုင် သည့် ပိုင်ဆိုင်မှုများကြောင့် အာဏာပိုင်များက ဟွမ်ယုကိုမသင်္ကာဖြစ်လာခဲ့ရာမှ ဖမ်းဆီးမိသွားခဲ့ပြီး ယခုအခါတွင် သေဒဏ်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံပိုင်သတင်းဌာနများက ပြည့်ပြည့်စုံစုံပင် ဖော်ပြသွားခဲ့သည်။

ဟွမ်ယုက ပြည်ပသူလျှိုအဖွဲ့အစည်းသို့ ရောင်းချခဲ့သည့်သတင်းများတွင် ကွန်မြူနစ်ပါတီ၏အချက်အလက်များမှ တိုင်းပြည်၏ စစ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာလျှို့ဝှက်ချက်များအထိပါဝင်ကြောင်းလည်း သတင်းများတွင် ဖော်ပြထားချက်အရ သိရသည်။

သို့ရာတွင် ဟွမ်ယုကို မည်သည့်အချိန်တွင် သေဒဏ်ပေးမည်ဆိုသည်ကိုမူ တရုတ်နိုင်ငံပိုင်မီဒီယာများက ထည့်သွင်း ကြေညာသွားခဲ့ခြင်း မရှိချေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly