ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ ဒလမြို့တွင်ရေလှူ

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ ဒလမြို့တွင်ရေလှူ
ဓာတ်ပုံ-အောင်အောင်ကျော်

ရန်ကုန်၊ ဧပြီ ၁၉။               ။အစိုးရသစ်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသည့် ကျောင်းသားများအပါအဝင် တကသ ကျောင်းသားများ၏ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့အနေဖြင့် ရေရှား ပါးမှုများဖြစ်ပွားနေသည့် ရန်ကုန်တိုင်း ဒေသကြီး ဒလမြို့နယ်အတွင်းသို့ ပထမအကြိမ် သောက်သုံးရေများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့ ထောင်ထဲမှာရှိကတည်းက ရေရှားပါးနေတာတွေ ကြားနေရတယ်။ လွတ်လာရင် လှူမယ်ဆိုပြီး လုပ်ထားတာ သြင်္ကန်ပြီးမှ လှူဖြစ်တာပါ။နောက်လဲ အညာဒေသတွေမှာ ဆက်လှူဒါန်းသွားမှာပါ"ဟု ဒေါင်းတို့ မျိုး ဆက်သံချပ်အဖွဲ့မှ ကိုဇေယျာလွင် ကပြောသည်။

ဧပြီ ၁၉ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း ဒလမြို့နယ် သမ္မတကမ်းခြေ စံပြရပ်ကွက်နှင့် ကျန်ရပ်ကွက် ၂ခု အား သောက်သုံးရေ ဂါလံ ၆ ထောင်ကျော်ကို သွားရောက် လှူဒါန်းခဲ့ ခြင်း ဖြစ်သည်။

"ဒလမြို့နယ် သမ္မတ ကမ်းခြေ စံပြရပ်ကွက်မှာ စတင် လှူဒါန်းတာပါ။ဒီတစ်ခေါက်မှာတော့ ဂါလံ ၂၁၅၀ ကို သမ္မတကမ်းခြေ စံပြရပ်ကွက်မှာ လှူတယ်။ ဒီနေ့အတွက်တော့ လုံလောက်တယ်ပေါ့နော်။ ဒီနေ့လှူတဲ့ ပုံစံအရ ဆိုရင်တော့ ရေဂါလံ ၆၇၅၀ သွားမှာပေါ့။ သုံးခေါက်တိုက်မှာလေ။ နောက်လှူမယ့် ရပ်ကွက်ကို ရှေ့က ဆိုင် ကယ်နဲ့ သွားကြည့်နေတယ်။ တကယ်ရှေရှားပါးတဲ့ လှူမယ့်လူမရှိတဲ့ ရပ်ကွက်ကို သွားလှူမှာပါ" ဟု ရေသွား ရောက်လှူဒါန်းသည့်အဖွဲ့တွင် လိုက်ပါ ကူညီလှူဒါန်းပေးနေသည့် မြန်မာ့ လူမှု ဘဝဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ကိုအေးကျော်က ပြောသည်။

"အခုလာလှူတာကလပထမဆုံးပါ။အလှူရှင်တွေကိုပဲမျှော်နေရတာ။အလှူရှင်မလာရင် လယ်ထဲတွေမှာရှိတဲ့ သဲကန်တွေကရေကို လယ်ပိုင်ရှင်တွေက အချိန်ပိုင်းနဲ့ပေးပါတယ်"ဟု စံပြရပ်ကွက် တံတားချောင်းကျေးရွာနေ ကိုဟန်ဝင်း ကပြောသည်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့သည် သြင်္ကန်ကာလအတွင်း ချီးမြင့်ဆုကြေးငွေ ကျပ်သိန်းတစ်ရာကျော်ရှိခဲ့ ပြီး အဆိုပါ ဆုကြေးများထဲမှ ယခုကဲ့သို့ လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါသံချပ်အဖွဲ့မှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly