အရှေ့တောင်အာရှတွင် ကျွန်လုပ်သားများအသုံးပြုနေမှုကို ဖော်ထုတ်တင်ပြခဲ့သည့်သတင်းဖြင့် AP သတင်းဌာန ပူလစ်ဇာ ဆု ဆွတ်ခူး

အရှေ့တောင်အာရှတွင် ကျွန်လုပ်သားများအသုံးပြုနေမှုကို ဖော်ထုတ်တင်ပြခဲ့သည့်သတင်းဖြင့် AP သတင်းဌာန ပူလစ်ဇာ ဆု ဆွတ်ခူး

နယူးယောက်၊ ဧပြီ၊ ၁၉ ။  ။ ကမ္ဘာကျော် Associated Press(AP) သတင်းဌာနသည် အရှေ့တောင်အာရှရှိ၊ ပင်လယ်စာထုတ်လုပ်မှုလုပ်ငန်းတစ်ခု၌ ကျွန်လုပ်သားများအသုံးပြုနေခြင်းကို ဖော်ထုတ်တင်ပြခဲ့သည့် သတင်းဖြင့် ၂၀၁၆ ခုနှစ်အတွက်ချီးမြှင့်သည် အဓိက ပူလစ်ဇာဆုကြီးတစ်ခုကို ဆွတ်ခူးသွားခဲ့သည်။

AP သတင်းဌာနသည် တနင်္လာနေ့က ကြေညာခဲ့သည့် ပူလစ်ဇာဆုများအနက်မှ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှု အတွက်ချီးမြှင့်သည့် ပူလစ်ဇာဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

အများပြည်သူဆိုင်ရာဝန်ဆောင်မှုပူလစ်ဇာဆုသည် နှစ်စဉ်ချီးမြှင့်လေ့ရှိသည့် ပူလစ်ဇာဆုများအနက်မှ ရွှေတံဆိပ်ချီးမြှင့်ခံရ သည့် တစ်ခုတည်းသော ပူလစ်ဇာဆုဖြစ်သည်။

AP သတင်းဌာန၏ ဖော်ထုတ်တင်ပြမှုကြောင့် အမေရိကသို့တင်ပို့သည့် ပင်လယ်စာထုတ်လုပ်မှုလုပ်ငန်းတွင် ကျွန်လုပ်သား အဖြစ်လုပ်ကိုင်နေရသူပေါင်း ၂၀၀၀ ကျော်လွတ်မြောက်ခဲ့သည်။

တနင်္လာနေ့ကကြေညာခဲ့သည့် ပူလစ်ဇာဆုများထဲမှ စုံစမ်းထောက်လှမ်းသတင်းတင်ပြမှုအတွက် ချီးမြှင့်သည့် ပူလစ်ဇာဆု ကို စိတ်ရောဂါကုဆေးရုံများအကြောင်းဖော်ထုတ်တင်ပြနိုင်ခဲ့သည့် The Tempa Bay Times နှင့် Sarasota Herald-Tribune သတင်းဌာနတို့က ရရှိခဲ့သည်။

Tempa Bay Times သတင်းဌာနသည် ဒေသတွင်းသတင်းတင်ပြမှုဆိုင်ရာ ပူလစ်ဇာဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့သေးသည်။

အရေးပေါ်ကြားဖြတ်သတင်းတင်ပြမှုဆိုင်ရာ ပူလစ်ဇာဆုကိုမူ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဘာနာဒီနိုတွင် အစွန်းရောက်ဇနီးမောင်နှံနှစ်ဦးက သေနတ်ဖြင့်အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုသတင်းကို အချိန်နှင့်တပြေးညီ တင်ပြနိုင်ခဲ့သည့် Los Angelese Times သတင်းဌာနက ရရှိသွားခဲ့သည်။

ထို့အတူ ယခုနှစ်အတွက်ပူလစ်ဇာဆုချီးမြှင့်ခံရသည့်သတင်းဌာနကြီးများထဲတွင် New York Time၊ The Washington Post ၊ The New Yorker စသည့်သတင်းဌာနများလည်း ပါဝင်ခဲ့သည်ကို တွေ့ရသည်။

ပူလစ်ဇာဆုကို ၁၉၁၇ ခုနှစ်မှစတင်ကာ အမေရိကန်ပြည်ထောင်စုတွင် စတင်ချီးမြှင့်လာခဲ့ခြင်းဖြစ်ပြီး သတင်းနှင့် စာနယ်ဇင်း၊ စာပေ၊ တေးဂီတရေးစပ်သီကုံးမှု တို့တွင် တစ်နှစ်တာအတွင်းထူးချွန်ပြောင်မြောက်စွာစွမ်းဆောင်နိုင်သူများကို ရွေးချယ် ချီးမြှင့်ခြင်းဖြစ်သည်။

ပူလစ်ဇာဆုကို နယူးယောက်မြို့ရှိ ကိုလံဘီယာတက္ကသိုလ်က ကြီးမှူး၍ ချီးမြှင့်ခြင်းဖြစ်ပြီး သတင်းနှင့် စာနယ်ဇင်းဆိုင်ရာ ဆု ၁၄ ဆုအပါအဝင် နှစ်စဉ် ဆုအမျိုးအစားစုစုပေါင်း ၂၁ မျိုးချီးမြှင့်လေ့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly