တပ်မတော်နှင့် AAတို့အကြား တိုက်ပွဲပြင်းထန်လာဖွယ်ရှိ

တပ်မတော်နှင့် AAတို့အကြား တိုက်ပွဲပြင်းထန်လာဖွယ်ရှိ
ဓာတ်ပုံ - AA Facebook

ချင်းမိုင်၊ ဧပြီ ၁၈ ။              ။ ရခိုင် လက်နက်ကိုင်(AA)နှင့် မြန်မာတပ်မတော်တို့အကြား သြင်္ကန်ကာလအတွင်း တိုက်ပွဲဖြစ်ပွားမှုတွင် အစိုးရဘက်မှ အကျအဆုံး များပြားခဲ့သည့်အတွက်တိုက်ပွဲ ပြင်းထန် လာမည့် အနေအထားရှိလာသည်ဟု AA ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် လောတမတောင်တန်း ခေါ် သြရမတောင်တန်းတွင်လည်းကောင်း၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကျောက်တော်မြို့နယ် အစပ် ယိုးချောင်းအထက် နတ်သရဲကျေးရွာအနီးတွင် လည်းကောင်း ဧပြီ ၁၆ ရက်နှင့် ၁၇ ရက်များတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း မြန်မာတပ်မတော်ဘက်မှ စကခ ၅ လက်အောက်ခံ တပ်ဖွဲ့များနှင့် ဒကစ တပ်ရင်း ခလရ ၃၂၃ တပ်ရင်းမှူး ဗိုလ်မှူး မျိုးမင်းထွန်းနှင့် စစ်သည်များ အပါအဝင် ၂၀ ဦးခန့် ကျဆုံးမှု ရှိခဲ့သည်ဟုAA ဘက်မှ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။

“သြင်္ကန်ရက်တွေအတွင်းမှာ ခလရ ၂၃၂ ဗိုလ်မှူး မျိုးမင်းထွန်း ဦးဆောင်တဲ့ စစ်ကြောင်းက ကျွန်တော်တို့ရဲ့ အမှတ် ၂ တပ်ဖွဲ့တွေ အခြေပြုထားတဲ့ နေရာတွေကို ဝင်ရောက်လာတဲ့အတွက်ကြောင့် အဲဒီမှာ ထိတွေ့မှုဖြစ်တာ။ ၁၆ ရက်နေ့တိုက်ပွဲမှာတော့ တပ်ရင်းမှူး မျုးိမင်းထွန်း အပါအဝင် မြန်မာ့တပ်မတော်ဘက်က ၂၀ ဝန်းကျင် ကျဆုံးသွားတယ်၊ အခုလည်း တိုက်ပွဲဖြစ်တဲ့ နှစ်နေရာစလုံးကို စစ်အင်အား ထပ်ဖြည့်နေတော့ တိုက်ပွဲက ထပ်ဖြစ်မဲ့ အလားအလာအများကြီးရှိတာပေါ့”ဟု သူက မဇ္ဈိမကို ပြောသည်။

နှစ်ဆန်း ၁ ရက်နေ့ ဧပြီလ ၁၇ ရက်တွင်လည်း AA အခြေစိုက်ထားသည့် နေရာများသို့ အစိုးရဘက်မှ ၁၂၀ မမ လက်နက်ကြီးများဖြင့် ဆက်လက် ပစ်ခတ်နေသလို၊ သြင်္ကန်ရက်ပိုင်းအတွင်း စစ်အင်အား တိုးမြင့်လာသဖြင့် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ကြောင်း၊ ယခုလည်း မြန်မာ့ တပ်မတော်ဘက်က တပ်ရင်း ၁၀ ရင်းခန့် အင်အား တိုးမြင့်နေဆဲ ဖြစ်၍ တိုက်ပွဲများ ထပ်မံ ဖြစ်ပွားမည့် အခြေအနေတွင် ရှိနေ သည်ဟု သူက ပြောသည်။

နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဦးဆုံး တက်လာသည့် အစိုးရ သစ် လက်ထက်တွင် အကောင်းဆုံး မျော်လင့်ထားသော်လည်း ယခုချိန်ထိ လက်နက်သံများ မဆဲသေးသဖြင့် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ကျေနပ်လောက်သည့် လုပ်ဆောင်ခြင်း မရှိသေးကြောင်း သူက ဆိုသည်။

နှစ်သစ်ကူးအခါသမရတွင် ပြည်သူများလုံခြုံရေးအတွက် ကင်းလှည့်နေသည့် စစ်ကြောင်းကို အလစ်အငိုက်ခြုံခိုတိုက်ခိုက်သည့်အတွက် မြန်မာစစ်သည်များ အကျအဆုံးများ ရခြင်းဖြစ်ကြောင်း မြန်မာ တပ်မတော်နှင့်နီးစပ်သည့်အသိုင်းအဝိုင်းက ဆိုသည်။

ဧပြီ ၁၇ ရက်က လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသား ၈၃ ဦးတွင် AA နှင့် ဆက်သွယ်မှုဖြင့် ဖမ်းဆီးခံရ၍ ထောင်ချခံရသူ ၇ ဦးလည်း လွှတ်မြောက်လာမှုအပေါ် အစိုးရသစ်အား ကြိုဆိုကြောင်း AA ၏ ပြန်ကြားရေးတာဝန်ခံက ခိုင်သုခက ပြောသည်။

AA သည် အခြား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအတူ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်း (NCA) လက်မှတ်ရေးထိုးရန် ယခင်အစိုးရနှင့် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း လက်မှတ်ရေးထိုးခြင်း မရှိသေးသော အဖွဲ့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags