ကျောသား၊ ရင်သား မခွဲခြားဘဲ မေတ္တာ၊ သစ္စာနဲ့ အုပ်ချုပ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

ကျောသား၊ ရင်သား မခွဲခြားဘဲ မေတ္တာ၊ သစ္စာနဲ့ အုပ်ချုပ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော် (ဧပြီလ ၁၈ရက်၊ ၂၀၁၆ခုနှစ်) ။              ။ ပြည်သူများအပေါ် ကျောသား၊ ရင်သား ခွဲခြားဆက်ဆံမည် မဟုတ်ဘဲ နိုင်ငံအပေါ် သစ္စာထားကာ၊ ပြည်သူများအပေါ် မေတ္တာဖြင့် အုပ်ချုပ်မည်ဟု  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

"နိုင်ငံသူ နိုင်ငံသားတွေအပေါ် မေတ္တာ ထားပါမယ်။ နိုင်ငံအပေါ်မှာ သစ္စာစောင့်ပါမယ်။ ဒီဟာက အင်မတန်မှ တိုတိုတောင်းတောင်းနဲ့ ဘယ်အစိုးရမဆို၊ ပြည်သူလူထုကို လေးစားတဲ့ ဘယ်အစိုးရမဆို ပေးသင့်၊ တည်သင့်တဲ့ ကတိဖြစ်ပါတယ်။ ကျွန်မတို့လည်း ဒီအတိုင်းပဲ ဆက်ပြီးတော့ လုပ်သွားချင်ပါတယ်။ ပြည်သူပြည်သားတွေ အပေါ်မှာ မေတ္တာထားပါ့မယ်၊ နိုင်ငံအပေါ်မှာ သစ္စာစောင့်ပါ့မယ်" ဟု ၂၀၁၆ခုနှစ်၊ ဧပြီ ၁၈ရက်တွင်ပြောကြားသည့် နှစ်သစ်ကူးမိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

၂၀၁၅ခုနှစ်၊ နိုဝင်ဘာရွေးကောက်ပွဲများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကို ထောက်ခံမဲပေးခဲ့ကြသည့် ပြည်သူများအတွက်သာမကဘဲ ပါတီကို မထောက်ခံသည့် ပြည်သူတွေအတွက်ပါ အစိုးရက တာဝန်ယူမည်ဟု သမ္မတရုံးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့၏ ပြည်ထောင်စုဝန်ကြီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

"ကျောသား ရင်သား ခွဲခြားမှာမဟုတ်ပါဘူး" ဟု သူမက ပြောသည်။

ထို့ပြင် အစိုးရအနေဖြင့် ရွေးကောက်ပွဲမတိုင်ခင်က ပြည်သူလူထုကိုတင်ပြခဲ့သည့် အခြေခံမူကို ကိုင်စွဲကာ တာဝန်ယူ အုပ်ချုပ်သွားမည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အဆိုပါ အခြေခံမူများမှာ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေး၊ ဒီမိုကရေစီစနစ်ရှင်သန်ရေးတို့ ဖြစ်သည်။

ယင်းအခြေခံမူများကို အကောင်အထည်ဖော်ရာတွင်လည်း လူဟောင်း၊ လူသစ် မခွဲခြားဘဲ နိုင်ငံအတွက်အကျိုးပြုနိုင်မည့် မည်သူနှင့်မဆို လက်တွဲလုပ်ဆောင်သွားမည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က အောက်ပါအတိုင်း ပြောသည်။

"အတွေ့အကြုံရှိတဲ့ပုဂ္ဂိုလ်တွေနဲ့အတူ လက်တွဲပြီးတော့လုပ်ဖို့ဟာဝန်မလေးပါဘူး။ အရင်တုန်းက လုပ်ခဲ့တဲ့ သူတွေမို့လို့ ပစ်ပယ်တယ်ဆိုတာလည်း ကျွန်မတို့မရှိပါဘူး။ ကျွန်မတို့ ဟာ နိုင်ငံကိုအကျိုးပြုနိုင်မယ့် ပုဂ္ဂိုလ်တွေ မည်သူ့ကိုမဆို လက်တွဲပြီးတော့ ကျွန်မတို့နဲ့ပါဝင်ပြီးတော့ လုပ်စေချင်ပါတယ်" ဟု နှစ်သစ်ကူးမိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ယင်းအပြင် ပြည်သူ့နစ်နာမည့် နည်းလမ်းကိုလည်း သုံးမည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သေးသည်။

ပြီးခဲ့သည့် ဦးသိန်းစိန်အစိုးရ၏ လုပ်ရပ်အားလုံးကို ပစ်ပယ်ထားမည်မဟုတ်ဘဲ လုပ်ရပ်ကောင်းများကိုမူ အသိအမှတ်ပြုကာ ဆက်လက်အကောင်အထည်ဖော်သွားမည်ဟုလည်း ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

မိန့်ခွန်းအဆုံးသတ်တွင်မူ ဒေါ်အောင်ဆန်းစုကြည်က "ကျွန်မတို့ ပြည်သူ၊ ပြည်သားအားလုံးဟာ မေတ္တာခြုံလို့ လုံနိုင်ပါစေ၊ သစ္စာဆောင်လို့ အောင်နိုင်ပါစေ" ဟု ဆုတောင်းမေတ္တာပို့ကာ နိဂုံးချုပ်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly