သင်္ကြန်စီးပွားရှာသူများကြား ရုပ်သံမီဒီယာ အကဲဆုံးလား

သင်္ကြန်စီးပွားရှာသူများကြား ရုပ်သံမီဒီယာ အကဲဆုံးလား

သြင်္ကန်ဆိုသည်မှာ ကူးပြောင်းခြင်းဟု အဓိပ္ပာယ်ရသည်။ နှစ်ဟောင်းမှသည် နှစ်သစ်ကာလဆီသို့ ကူးပြောင်းသည့် ကာလကို သြင်္ကန်ကာလဟု ခေါ်ဆိုရင်း မြန်မာ့နှစ်သစ်ကူးအဖြစ် သတ်မှတ်ကြသည်။ သြင်္ကန်တွင် နှစ်ဟောင်းမှ အညစ်အကြေးများကို အတာရေဖြင့် ဆေးကြောသန့်စင်ကြသည်ဟူသော အယူအစွဲဖြင့် ရေလောင်းရေပက်ပြုကြသည်။ ယခင်ကတော့ သြင်္ကန်သည် မေတ္တာရေစင် သွန်းလောင်းရာ သပြေခက်နှင့် ရေပက်ကြသည့် မြန်မာ့ရိုးရာသြင်္ကန်ဖြစ်ခဲ့ပြီး၊ နောက်ပိုင်းတွင် အဆင့်ဆင့်ခေတ်မီတိုးတက်လာကာ ယခုတော့ စီးပွားရေးသြင်္ကန်ဖြစ်လာသည်။ သြင်္ကန်သည် စီးပွားရှာဖွေ၍ရသော သို့မဟုတ် စီးပွားရှာဖွေရန်ကောင်းသော ကာလတခုသဖွယ်ဖြစ်လာခဲ့သည်။

သြင်္ကန်ကို အားခဲကာ စီးပွားရှာဖွေသူများတွင် ဈေးသည်များ၊ စားသောက်ဆိုင်များ၊ အရက်ဘီယာနှင့် တိုးတိုးတမျိုး ကြိတ်ကြိတ်တသွယ် မူးယစ်ဆေးဝါးရောင်းချသူများ၊ စီးပွားဖြစ်လက်မှတ်ရောင်းသည့် အမျိုးစုံသော သြင်္ကန်မဏ္ဍပ်များ၊ သီဆိုဖျော်ဖြေ ကခုန်ကြသည့် အနုပညာရှင်များ စသည်ဖြင့် ပါဝင်ကြပြီး၊ ယခုနောက်ပိုင်းနှစ်များတွင်မူ ရုပ်သံမီဒီယာများကလည်း အားကုန်အားခဲ ပြင်းပြင်းထန်ထန် စီးပွားရှာဖွေခြင်းကို ပြုလုပ်ကြတော့သည်။ ရုပ်သံမီဒီယာများသည် ကိုယ်တိုင်မဏ္ဍပ်များ စီမံကြပြီး၊ မိမိတို့ပိုင်နိုင်ကွပ်ကဲထားသော ရုပ်သံချန်နယ်များမှတဆင့် မြန်မာတနိုင်ငံလုံးသို့ တိုက်ရိုက်ထုတ်လွှင့်ပြသပြီး ကြော်ငြာရောင်းချ စီးပွားရှာတော့သည်။

မြန်မာနိုင်ငံတွင် ရုပ်သံမီဒီယာကို ယခင်စစ်အစိုးရအဆက်ဆက် လက်ထက်များကတည်းက အစိုးရ၊ စစ်တပ်နှင့် အစိုးရတပိုင်းမီဒီယာများက ပိုင်ကြကိုင်ကြသည်။ အစိုးရနှင့်စစ်တပ်ကတော့ ၎င်းတို့ ပေးချင်သော သတင်းစကားကိုသာ ရုပ်သံကြည့်သူ ပြည်သူများအား ပေးကြသည်မှာ ထူးပြီးဆိုဖွယ်ရာ မရှိပေ၊ သို့သော် အစိုးရတပိုင်းရုပ်သံမီဒီယာဟုဆိုဆို၊ အတန်ငယ်လွတ်လပ်မှုရှိသည့် အသွင်ကို ယူထားကြသဖြင့် ပုဂ္ဂလိကပိုင်ရုပ်သံမီဒီယာပြောပြော၊ ပွင့်လင်းမြင်သာမှုမရှိဘဲ အာဏာပိုင်များနှင့် ပေါင်းစားလုပ်စားသူများဖြစ်သဖြင့် ခရိုနီမီဒီယာဟုခေါ်ခေါ် စီးပွားရေးကြော်ငြာများအတွက်
ရုပ်သံထုတ်လွှင့်ချိန်ကို ရောင်းချနိုင်ရန် သူတို့သာ အခွင့်အရေးရှိကြသဖြင့် လက်ဝါးကြီးအုပ် ရုပ်သံမီဒီယာများဟု ပြောနိုင်ပေသည်။

လက်ရှိရုပ်သံမီဒီယာဥပဒေနှင့် လိုအပ်နေသော နောက်ဆက်တွဲနည်းဥပဒေများအရ ရုပ်သံမီဒီယာလုပ်ငန်းကို မီဒီယာအလုပ်စိတ်ဝင်စားသူတိုင်း လုပ်ပိုင်ခွင့် မရှိသေးပါ၊ ရုပ်သံမီဒီယာလက်ဝါးကြီးအုပ်ထားသူများသာ လုပ်ကိုင်ခွင့်ရှိနေပါသည်။ သို့ဖြစ်ရာ တပြည်လုံးရွှင်ပျော်ဖွယ်ရာ အတာသြင်္ကန်ကာလ အခါသမယ မဟာအခွင့်အလမ်းကြီးတွင် ယင်းလက်ဝါးကြီးအုပ်ရုပ်သံမီဒီယာများကသာ ၎င်းတို့လက်ရှိ စီမံခန့်ခွဲရာ မီဒီယာများမှတဆင့် ကြော်ငြာများရောင်းချခြင်း၊ မဏ္ဍပ်များပေါ်မှ ရုပ်သံမီဒီယာသမားဆိုသူများက အော်ဟစ်ပြောဆိုနေခြင်း၊ အသစ်မပါသော သီချင်းဟောင်းများကိုသာ သီဆိုနေသော အဆိုတော်များ၏ ဖျော်ဖြေမှုများနှင့် လက်ခုပ်သံတောင်းဆိုမှုများကိုသာ တွေ့နေရခြင်းအပြင် အခြေအနေအချိန်အခါကို နားမလည်သော စကားသင်ထားသည့် ကြက်တူရွေးများကဲ့သို့ ဘာပြောနေမှန်းမသိအောင် ကျားလိုက်သလို ပြောဆိုတင်ဆက်နေသော ရုပ်သံမီဒီယာသမားများကိုသာ ရုပ်သံတိုက်ရိုက်ထုတ်လွှင့်မှုများမှတဆင့် မိမိတို့၏ရုပ်မြင်သံကြားဖန်သားပြင်ထက်တွင် ပြည်သူများမှာ မကြည့်ချင်မြင်ရက်သား ဖြစ်နေရသည်။

လက်ဝါးကြီးအုပ် ရုပ်သံမီဒီယာတို့၏ပြုသမျှကို ရုပ်သံကြည့်သူပြည်သူများ နုနေရသည်။ ဘာမှလည်း မတတ်သာပါ၊ မကြည့်ချင် ပိတ်လိုက်ရုံသာ တတ်နိုင်ပေသည်။ အမှန်တော့ ထိုသို့မဖြစ်သင့်ပါ။ လက်ဝါးကြီးအုပ်ရုပ်သံမီဒီယာတို့သည် ပြိုင်ဘက်ကင်းအခွင့်အရေးကို အချောင်ရယူထားနိုင်သဖြင့် ပြည်သူများအား ဂရုမစိုက်ဘဲ ထင်သလိုပြုပိုင်ခွင့်ရနေပါသည်။ လူတိုင်းတွင် အကျိုးစီးပွားရှာဖွေခွင့် ရှိနေသော်လည်း တဖက်သား သို့မဟုတ် တခြားလူများကို ထိခိုက်စေရန် ထင်သလိုပြုပိုင်ခွင့် မရှိပါ။ ယခုမူ သြင်္ကန်စီးပွားရှာဖွေကြသော လက်ဝါးကြီးအုပ်ရုပ်သံမီဒီယာများကြောင့်
ပြည်သူများမှာ ရွေးချယ်ခွင့်ပျောက်ဆုံးကာဖြင့် နေနေကြရသည်။ တင်ဆက်မှုများတွင်လည်း ရိုးရာသြင်္ကန်ဆိုသည်က မပါသလောက်ဖြစ်ပြီး အနှစ်သာရမဲ့ ဟစ်အော်ပြောဆိုကြသည်က အများစုဖြစ်နေပါသည်။

မဲဆန္ဒရှင်ပြည်သူများသည် ၎င်းတို့ကိုယ်တိုင်စီမံဖန်တီးမှုမှတဆင့် လူထုအစိုးရတရပ်ကို ရွေးချယ်နိုင်ခဲ့သဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ လူထုသမ္မတဦးထင်ကျော် ဦးဆောင်သော အစိုးရအဖွဲ့နှင့် ပြည်သူ့ကိုယ်စားလှယ်များပါဝင်သော လွှတ်တော်များကို ပေါ်ပေါက်စေပြီးဖြစ်သည်။ 

သို့ဖြစ်ရာ ရုပ်သံမီဒီယာများ၏ ပင်မအလုပ်ဖြစ်သော ပြန်ကြားပေးရန်၊ ပညာပေးရန်နှင့် ဖျော်ဖြေပေးရန် သုံးခုအနက်မှ ဖျော်ဖြေမှုသာ အသားပေးနေသော (တနည်း) ထိုဖျော်ဖြေမှုတွင်လည်း ပင်ကိုယ်ဖန်တီးမှုများထက် အပါးခိုအတုအယောင် အပေါစားကူးယူလုပ်ဆောင်မှုမျိုးနှင့် တိုင်းတပါးယဉ်ကျေးမှုအသားပေး ဝယ်ယူတင်ဆက်မှုများအပြင် ယခုကဲ့သို့ မြန်မာ့ရိုးရာအတာသြင်္ကန်နှင့် နှစ်သစ်ကာလတွင်ပါမရှောင် ကြီးကြီးမားမား ဆိုးဆိုးရွားရွား အော်ကြီးဟစ်ကျယ် စီးပွားရှာနေကြသော လက်ဝါးကြီးအုပ်ရုပ်သံမီဒီယာများကို လူထုအစိုးရက သက်ဆိုင်ရာရုပ်သံမီဒီယာဥပဒေများနှင့်အညီ
အရေးယူဆောင်ရွက်ပါမည့်အကြောင်း မဇ္ဈိမက တိုက်တွန်းသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly