ဖွဲ့စည်းပုံပြင်ရေးဆန္ဒပြသည့် ကျောင်းသားများကို ပုဒ်မ ၁၈ဖြင့် တရားစွဲဆိုမှု အကြောင်းကြားစာ မရောက်သေး

ဖွဲ့စည်းပုံပြင်ရေးဆန္ဒပြသည့် ကျောင်းသားများကို ပုဒ်မ ၁၈ဖြင့် တရားစွဲဆိုမှု အကြောင်းကြားစာ မရောက်သေး
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကန့်ကွက်သည့် ဆန္ဒပြပွဲကို ဇွန် ၃၀ရက် ညနေက ရန်ကုန်မြို့ သိမ်ကြီးစျေးရှေ့မှ မဟာဗန္ဓုလ ပန်းခြံရှေ့သို့ လမ်းလျောက်ဆန္ဒပြနထုတ်ဖော်နေစဉ်။ (ဓာတ်ပုံ- သက်ကို၊မဇ္ဈိမ)

ရန်ကုန်၊ ဇူလိုင် ၂ ။      ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး နှင့် လွှတ်တော်တွင်း၌ တပ်မတော်သား ဆန္ဒပြခဲ့ကြ သည့် ကျောင်းသားများကို ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုမှု ကျောင်းသားများထံ အကြောင်းကြားစာ မရောက်ရှိသေးဟု ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့် ဒဂုံကျောင်းသားများ သမဂ္ဂ ဒုဥက္ကဋ္ဌ ကိုပိုင်ရဲသူက  ဇူလိုင်လ ၇ ရက် နေ့လည်က မဇ္ဈိမကို ပြောသည်။

ဇွန်လ ၃၀ ရက်က ပန်းပဲတန်းမြို့နယ် သိမ်ကြီးဈေးရှေ့မှ ကျောက်တံတားမြို့နယ် ဆူးလေဘုရားအနီး မြို့တော်ခန်းမရှေ့အထိ ညနေ ၃ နာရီက စတင်၍ ကျောင်းသားသမဂ္ဂများနှင့် ပြည်သူများက ခွင့်ပြုချက်မရှိဘဲ စုပေါင်းဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

ကိုပိုင်ရဲသူက “ကျွန်တော်တို့ ကျောင်းသားငါးယောက်ကို ပုဒ်မ ၁၈နဲ့ မြို့နယ် နှစ်ခုက အမှုဖွင့်ထားတယ်လို့ကြားတယ်။ အခုထိတော့ တရားဝင်အကြောင်းကြားစာ မရှိသေးပါဘူး ” ဟုပြောသည်။

တရားဝင်အကြောင်းကြားစာကို လက်ခံရရှိမှု မရှိသေးသော်လည်း ဆန္ဒပြရာတွင် ဦးဆောင်ပါဝင် ဆန္ဒပြသူများဖြစ်သည့် ကိုဇေယျာလွင်၊ ကိုနန်းလင်း၊ ကိုပိုင်ရဲသူ ၊ ကိုရဲဇာနည်ထွန်း၊ ကိုမင်းသုခတို့ကို ပုဒ်မ ၁၈ဖြင့် အရေးယူထားသည်ကို ကြားသိ ရကြောင်း ၎င်းက ပြောသည်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ မီဒီယာနှင့် ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပန်းပဲတန်းမြို့နယ်နှင့် ကျောက်တံတားမြို့နယ် ရဲစခန်းများတွင်
ကျောင်းသားငါးဦးကို ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားသည်ဟု မီဒီယာများကို ဖြေကြားထားသည်။

တရားစွဲဆို အမှုဖွင့်လာပါက ခံဝန်ကတိ လက်မှတ်ထိုးမည်မဟုတ်ဘဲ တရားရုံးတွင်လည်း တရားရင်ဆိုင်မည်မဟုတ်ဟု ကိုပိုင်ရဲသူက ဆိုသည်။

ဆန္ဒပြမှုနှင့်ပတ်သက်၍ ဒုရဲမှူးကြီး ရဲထွဋ်က "သက်ဆိုင်ရာ ပုဒ်မတွေ ညိစွန်းတဲ့ဥပဒေတွေနဲ့တော့ အရေးယူသွားမှာပါ။ ခွင့်ပြုချက် ယူထားတာမရှိပါဘူး။ အဲ့ဒါကြောင့် ငါတို့ကလည်း ပြောရတာပေါ့။ သက်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း ဖြစ်ရမှာပေါ့”ဟု
ဆန္ဒပြသည့်နေ့က မဇ္ဈိမကို ပြောသည်။

ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့် ကိုနန်းလင်းက “ ကျွန်တော်တို့ငါးယောက်လုံးစီကို အခုထိ အကြောင်းကြား စာမရောက်သေးပါဘူး။ အမှုဖွင့်ခံရရင် အာမခံ မယူဖို့ စဉ်းစားထားပါတယ်။ ရှောင်ပြေးမှာတော့မဟုတ်ပါဘူး။ တရားဝင်အကြောင်းကြားစာ မရောက်သေးတော့ ဘာလုပ်မလဲ တိုင်ပင်ထားတာတော့ မရှိသေးပါဘူး ”ဟု ပြောသည်။

ဇွန်လ ၃၀ ရက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ အပါအဝင် ပြည်သူလူထုက ရန်ကုန်မြို့ သိမ်ကြီးဈေးမှ ဆူးလေးဘုရားအနီး မြို့တော်ခန်းမရှေ့အထိ လမ်းလျှောက် ဆန္ဒပြရာ လမ်းတစ်လျှောက်တွင် ရဲများက တားဆီးပိတ်ပင်မှုများ ရှိခဲ့သည်။

ဆန္ဒပြပွဲကို  စစ်မှန်သည့်ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေးတောင်းဆိုသည့် လက်မှတ်ငါးသန်းဖြင့် လွှတ်တော်တွင်း တင်ပြခဲ့သော်လည်း လွှတ်တော်တွင်းရှိ တပ်မတော်သားကိုယ်စားလှယ်များက ပယ်ချခဲ့သည်ကို ရှုတ်ချကာ ဆန္ဒပြခဲ့ခြင်း လည်း ဖြစ်သည်။

ဆန္ဒပြရာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ဒို့အရေး၊ အတုအယောင်ပြင်ဆင်မှု အလိုမရှိ၊ ၄၃၆ကို ပြင်ဆင်ရေး ဒို့အရေး၊
လွှတ်တော်ထဲကအစိတ်သားထွက်သွား ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly