ရန်ကုန်မြို့ပြစီမံကိန်းကိစ္စအပါအဝင် စိန်ခေါ်မှုတွေကို ရက် ၁၀၀အတွင်း ဆောင်ရွက်ဖို့ ပြည်သူ ပူးပေါင်းဖို့လို

ရန်ကုန်မြို့ပြစီမံကိန်းကိစ္စအပါအဝင် စိန်ခေါ်မှုတွေကို ရက် ၁၀၀အတွင်း ဆောင်ရွက်ဖို့ ပြည်သူ ပူးပေါင်းဖို့လို

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် မဇ္ဈိမအယ်ဒီတာချုပ်ဦးစိုးမြင့် တွေ့ဆုံ မေးမြန်းခြင်း

 

ရန်ကုန်တိုင်းဒေသကြီးအတွက် ဦးစားပေးလုပ်ဆောင်မည့် ဖွံ့ဖြိုးရေးစီမံကိန်းများ၊ ရန်ကုန်တိုင်းအတွင်း ပြည်သူများ အဓိကရင်ဆိုင်နေရသည့် သယ်ယူပို့ဆောင်ရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့်ယာဉ်ကြောကိစ္စ၊ အစိုးရသစ် ရက် ၁၀၀ အတွင်း အဓိကထား အကောင်အထည်ဖေါ်မည့်လုပ်ငန်းစဉ်များ၊ အခြေခံအဆောက်အအုံကိစ္စ နှင့် လူငယ်များနှင့် ပတ်သက်ပြီး သဘောထားအမြင်များကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား မဇ္ဈိမအယ်ဒီတာချုပ် ဦးစိုးမြင့်က ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အိမ်တွင် ဧပြီလ ၁၁ ရက်နေ့တွင် သွားရောက်တွေ့ဆုံ မေးမြန်းထားပါသည်။

 

မဇ္ဈိမ ။ ပထမဦးဆုံးစမေးချင်တာက ရန်ကုန်ဆိုတာ မြန်မာ့စီးပွားရေးရဲ့ဗဟိုချက်မ လူရောစီးပွားရေးလုပ်ငန်းတွေရော ကြီးပြီးတော့ဆွဲဆောင်မှုရှိတဲ့မြို့လို့ပြောလို့ရတယ် အဲဒီတော့ စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီးတော့ အဲဒီမြို့တော် ကြီးကိုစီမံရတော့မယ်ဆိုတော့ စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီၤးတော့ဘယ်ဟာတွေကအဓိကလို့ သတ်မှတ်ထားလဲ။

 

ဝန်ကြီးချုပ် ။ ကျနော်တို့ဗျာ။ အခုလူမှုဘဝမှာကြုံနေရတဲ့ကိစ္စရပ်တွေလည်းရှိတယ်။ ဒါဟာလည်းစိန်ခေါ်မှုပေါ့။ သောက်ရေကောင်းကောင်းမရဘူးတို့၊ လမ်းတွေကကြပ်နေတယ်တို့၊ ရေစီးရေလာမကောင်းဘူးတို့ အမှိုက်တွေပွ နေတယ်တို့။ ဒါတွေဟာ လူမှုဘဝမှာနေ့စဉ်ကြုံနေရတဲ့ဒုက္ခတွေပေါ့နော် တဖက်ကလည်း စီးပွားရေးပိုင်းဆိုင်ရာကိစ္စတွေ အလုပ်ကိုင်အခွင့်အလမ်းကောင်းကောင်းမရှိဘူးတို့ အလုပ်သမားပြသနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် တနေ့ကို သုံးဒေါ်လာလောက်ပဲကျတဲ့ လုပ်ခလစားငွေပေးဖို့ကိစ္စတောင်မှ မြန်မာနိုင်ငံမှာ တော်တော်အခက်ကြုံနေတဲ့ အခြေအနေမျိုးတွေလို့ ဆိုတဲ့  စီးပွားရေးဆိုင်ရာကိစ္စရပ်တွေပေါ့။ ဒါဟာလည်း နိုင်ငံတစ်နိုင်ငံအိမ်တစ်အိမ်အနေ အထားအရကြည့်မယ်ဆိုရင် စီးပွားရေးဆိုတာ အိမ်တစ်အိမ်ရဲ့လုံခြုံစိတ်ချနိုင်မှုနဲ့ ဘဝတည်ငြိမ်အေးချမ်းနိုင်မှု အတွက်ပဲဖြစ်တယ်လေ။ ဒီအခြေအနေတွေအပေါ်မှာ လူတွေတော်တော်ကို လှုပ်ခတ်ပါတယ်။

 

ဒါကြောင့်မို့ ဒီအခြေအနေပေါ်မှာ လူ့ဘဝဆိုင်ရာကိစ္စရပ်တွေကိုလည်း ဖြေရှင်းပေးဖို့ ကျနော်တို့ပြင်ဆင်နေပါတယ်။ တဖက်ကလည်း စီးပွားရေးဆိုင်ရာကိစ္စရပ်တွေကိုလည်း ဖြေရှင်းဖို့ ပြင်ဆင်နေတယ်။

 

ဒီနေရာမှာ ကျနော်ပထမ စီးပွားရေးပိုင်းဆိုင်ရာ ကိစ္စရပ်တွေကို ကျနော်ပြောချင်ပါတယ်။ ကျနော်တို့တိုင်းပြည်ကို နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေလာတဲ့ အခြေအနေက ကိန်းဂဏန်းနဲ့အရေအတွက်တွေက ရှိတယ်ပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ လာတဲ့ကုမ္ပဏီ ဘယ်နှစ်ခုလောက်ရှိလဲ။ ငွေဘယ်လောက် ရင်းနှီးမြုပ်နှံမလဲဆိုတဲ့ အခြေအနေရှိတယ်။ ဒါပေမယ့်ကျနော်တို့ဆီက ထွက်ကုန်ပေါ်ထွက်မလာဘူး။ ဒါဆိုရင် ဒီကုမ္ပဏီတွေ ဒီအဖွဲ့အစည်းတွေဟာ လုပ်တော့လုပ်တယ်ပေါ့ဗျာ။ ဒါပေမယ့် လာပြီးထွက်ကုန်ပေါ်ထွက်လောက်အောင်အထိ မရှိသေးဘူးလို့ ကျနော်တို့ ပြောရမှာပေါ့ဗျာ။

 

ကျနော်တို့က Trade Deficit  ဖြစ်နေတာပေ့ါဗျာ။ သွင်းကုန်တွေပဲရှိပြီး ပို့ကုန်တွေ သိပ်မမြှင့်တင်နိုင်ဘူး။ ဒီအခြေအနေတွေကို လတ်တလောမှာ ကြုံနေရတဲ့ အနေအထားမှာရှိနေပါတယ်။ ဒါကြောင့်မို့ပို့ကုန်မမြှင့်တင်နိုင်တာနဲ့အမျှ အလုပ်အကိုင် အခွင့်အလမ်း မဖန်တီနိုင်ဘူးဗျာ။ ဘာဖြစ်လို့လဲဆို စက်ရုံအလုပ်ရုံမှမပေါ်လာတာ ဖြစ်တဲ့အတွက် အလုပ်အကိုင်အခွင့်အလမ်း မဖန်တီးပေးနိုင်ဘူး။ ဒါကြောင့်မို့လို့ အလုပ်သမားတွေရဲ့လုပ်ခလစာတို့ဘာတို့ မဖန်တီးပေးနိုင်ဘူး။ ဒီနေရာမှာစီးပွားရေး လုပ်ငန်းရှင်တွေကလည်း မြန်မာနိုင်ငံကိုလာမယ့် ကုမ္ပဏီတွေကို သေချာစိစစ်ဆောင်ရွက်ဖို့ ကျွန်တော်တို့ ပြင်ဆင်နေတယ်။ ဘာကြောင့်လဲဆို အမှန်တကယ် လာပြီးလုပ်ကိုင်နိုင်တဲ့ ဂုဏ်သိက္ခာရှိတဲ့ ကုမ္ပဏီတွေကို ကျွန်တော်တို့ ခေါ်ချင်တယ်။ သူတို့အတွက် လိုအပ်တဲ့အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ ကိစ္စရပ်တွေကို ကျွန်တော်တို့ ဖန်တီးပေးမယ်။ ရေတို့၊ မီးတို့၊ လမ်းတို့။

 

သူတို့ကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုတာ မြန်မာနိုင်ငံမှာ အလှူလာလုပ်တာ မဟုတ်ဘူးဗျာ။ စီးပွားလာရှာတာ။ သူတို့လည်းအဆင်ပြေမယ်။ ကျွန်တော်တို့ဆီက အလုပ်သမားတွေလည်း ထိုက်တန်တဲ့ လုပ်ခလစာ ရမယ်ဆိုရင် ကျွန်တော်တို့က စီးပွားရေးအရ ပြေလည်မှုတွေကို ရလာနိုင်တာပေါ့။ ဒီစီးပွားရေးအရ ပြေလည်မှု ရလာမှ ကျွန်တော်တို့က ကျူးကျော်ပြဿနာတို့၊ လမ်းဘေးဈေးသည် ပြဿနာတို့ကို ဆက်ပြီး ဖြေရှင်းနိုင်မှာဖြစ်တယ်။

 

ဘာလို့လဲဆို နေစရာလည်း မရှိဘူး။ စားစရာလည်း မရှိဘူး။ အလုပ်အကိုင်လည်း မရှိဘူးဆိုတဲ့ အခြေအနေမှာ တကယ်နေစရာမရှိတဲ့သူတွေကို စာရင်းအင်း တိတိကျကျ ရှိဖို့လိုတယ်။ ကျွန်တော်တို့ဆီမှာ စာရင်းအင်းကလည်း ခိုင်ခိုင်မာမာ မရှိဘူး။ ဘယ်လောက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရမလဲ။ အဲ့ဒီ့အတွက်နေစရာ စားစရာ မရှိတဲ့လူတွေက ဘယ်လောက်လဲ ကျွန်တော်တို့ မသိဘူး။

နောက်ဆက်တွဲဘာပါကြုံရလဲဆိုတော့ ကျူးကျော်ရဲ့နောက်မှာ ကျူးကျော်စီးပွားရေးလုပ်လာတဲ့ အခြေအနေပေါ့။ နေစရာလည်းရှိတယ်။ ထိုင်စရာလည်းရှိတယ်။ ကျူးကျော်မှာ တစ်ကွက်ရှိရင် တိုက်ခန်းတစ်ခန်းခန်း၊ မြေတကွက်ဖြစ်ဖြစ် နိုင်ငံတော်ကပေးရင် ငါလည်း အခွင့်အလမ်းတစ်ခု ရလာအောင်ဆိုပြီး လုပ်လာတာရှိတယ်။ တစ်ချို့ကလည်း ကျူးကျော်အဆောက်အဦးတွေကို ဆောက်ပြီးတော့ အကြောင်းအမျိုးမျိုးကြောင့်ပေါ့ဗျာ။ ရန်ကုန်လာမှာပြီး အလုပ်လုပ်တဲ့ ဧရာဝတီတိုင်းတို့ နာဂစ်တို့ဘာတို့ဖြစ်ပြီး ရွှေ့ပြောင်းလာတဲ့သူတွေက နေစရာမရှိတော့ ကျုးကျော်ဆောက်ထားတဲ့သူတွေရဲ့ အိမ်တွေမှာ တက်နေတော့ သူတို့က ကျူးကျော်လို ဖြစ်သွားတယ်။ ဒါပေမယ့် ဒီကျူးကျော်တဲတွေက သူတို့ဆောက်ထားတာမဟုတ်ဘူး။ ဒီကျူးကျော်လုပ်ငန်းတွေကို သူတို့မလုပ်ရဲဘူး။

 

အဲ့ဒီ့လိုပုံစံမျိုးတွေအထိ ကျွန်တော်တို့မှာ ရိုက်ခတ်နေတဲ့အခက်အခဲတွေ ရှိပါတယ်။

ဒါတွေကိုကျွန်တော်တို့ရှင်းမယ်။ ရှင်းဖို့ဆိုတာ ကျွန်တော်တို့ဆီမှာ နေစရာ မရှိတဲ့သူ ဘယ်နှယောက်ရှိလဲ။ အလုပ်အကိုင်မရှိတဲ့သူ ဘယ်နှယောက်ရှိလဲ။ ဒါတွေကို ကျွန်တော်တို့ ပြုစုမယ်။ ဒီစာရင်းအင်းတွေကလည်း ခိုင်မာဖို့လိုတယ်။ ဒီလူနဲ့ ပတ်သက်ပြီး နောက်ကြောင်းတွေရှိရမယ်။ ကျွန်တော်တို့ စောင့်ရှောက်ရမယ်ဆို ကျွန်တော်တို့ ဘယ်လိုစောင့်ရှောက်မတုန်း၊ ဘယ်လိုပုံစံမျိုး ဖြေရှင်းမတုန်းဆိုတာ ကျွန်တော်တို့ အချက်အလက်ကို အရင်ဆုံး ဦးစားပေးရမယ်လို့ ကျွန်တော်ထင်တယ်။

 

အချက်အလက်ကို အခြေခံတဲ့အခါမှာ အကြောင်းအမျိုးမျိုးကြောင့် ဒီအပေါ်မှာ လာဖန်တီးနေသူတွေ၊ ဒီကနေ အကျိုးဖန်တီးနေတဲ့သူတွေ သူ့ဟာသူ နောက်ဆုတ်သွားလိမ့်မယ်။ ဒါဆိုရင် ကျွန်တော်တို့ ဖြေရှင်းပေးရမယ့် အင်အားစုတစ်ခု ပေါ်လာမယ်။

 

အဲ့ဒါဆိုရင် ကျွန်တော်တို့ နေစရာ ဘယ်လိုဖန်တီးပေးမလဲ။ ဒီဟာ ကျွန်တော်တို့ လုပ်ပေးနိုင်တဲ့ အခြေအနေသစ်တွေ ရှိပါတယ်။ ဘာကြောင့်လဲဆို နေစရာဖန်တီးပေးနိုင်တယ်။ ရောင်းလို့တော့မရဘူး။ အလုပ်အကိုင်ဖန်တီးပေးနိုင်မယ်။ သူ ဒီနေရာလေးမှာ ဂုဏ်သိက္ခာရှိစွာ သက်တောင့်သက်သာလေး နေနိုင်အောင် ကျွန်တော်တို့ လုပ်ပေးနိုင်တယ်။ အခုကတော့ လမ်းဘေးမှာ ဘယ်သူ့မှ အကာအကွယ်မရတဲ့ အခြေအနေမျိုးတွေ ရှိနေပါတယ်။ ဒါမျိုးလေးတွေကို ကျွန်တော်တို့ စဉ်းစားထားတယ်။

 

ဒါတွေဟာ စီးပွားရေးပိုင်းဆိုင်ရာနဲ့ ဆက်နွယ်နေတဲ့ အခြေအနေတွေ အများကြီးရှိတယ်။ တစ်ဖက်က လူမှုဘဝတွေမှာ နေ့စဉ် ကြုံနေရတဲ့ ကားကြပ်တဲ့အခြေအနေရှိမယ်။ ကားကြပ်တယ်။ ဒါဆိုရင် ကားလမ်းတွေအဆင်ပြေချောမွေ့ဖို့ ဘယ်လိုဖြေရှင်းပေးမလဲဆိုရင် ဒါဟာ ကျွန်တော်တို့ တစ်ထောင့် တစ်နေရာတည်းကနေ ကိုင်တွယ်လို့ရတဲ့ အခြေအနေမဟုတ်ဘူး။ လမ်းတွေရဲ့ အခြေအနေ၊ မီးပွိုင့်တွေရဲ့ အခြေအနေ၊ လမ်းဘေးမှာရပ်ထားတဲ့ ကားပါကင်တွေ၊ လမ်းဘေးမှာ ရောင်းနေတဲ့ ဈေးသည်တွေ အကြောင်းအရာတွေက အများကြီးရှိတယ်။

 

ဒီအခြေအနေကို ဖြေရှင်းနိုင်ဖို့ မထသယာဉ်လိုင်းတွေကရော စနစ်တကျ ဘယ်လောက် ယာဉ်လိုင်းတွေကို ချိတ်တွဲထားလဲ။ အဲ့ဒီ့အပြင်ကို မီးရထားဘူတာရုံတွေနဲ့ ဘယ်လိုချိတ်တွဲထားလဲ။ အခုလုပ်မယ့် BRT system ဆိုရင် ဘယ်လိုလုပ်မလဲဆိုတဲ့ Master Plan ကြီးတစ်ခုလုံးကို လုပ်မှ အဆင်ပြေမှာပေါ့။

 

မဇ္ဈိမ ။ အဲ့ဒီ့လိုလုပ်တဲ့အခါမှာ သူက infrastructure က လိုလာတာပေါ့နော်။ infrastructure project တွေက များသောအားဖြင့် ချက်ချင်းမဖြစ်ဘူး။ မဖြစ်တဲ့အခါကျတော့ ရေတိုအတွင်းမှာ ဘယ်လိုဆောင်ရွက်မလဲဆိုတာပေါ့။

 

ဝန်ကြီးချုပ် ။ ကျွန်တော်မြင်တာတော့ အခုကျွန်တော်တို့မှာ ရှိနေတဲ့လမ်းတွေမှာပဲ။ ကျွန်တော်တို့ အများပြည်သူသုံးတဲ့ယာဉ်လိုင်းတွေကို အဆင်ပြေအောင် လုပ်ရမယ်။ အခုဆို ယာဉ်လိုင်းတွေက အများကြီး ထပ်နေတယ်။ ဗိုလ်ချုပ်လမ်းပေါ်မှာပဲ နံပါတ်ပေါင်းများစွာ ထပ်နေတယ်။ ဒီလမ်းကြောပေါ်မှာ ကားတွေက ဒီလမ်း အစကနေ အဆုံးအတွင်းမှာ ကားတွေက အချိန်နဲ့ တပြေးညီ ရောက်နေဖို့ပဲလိုတာဗျာ။ နံပါတ်တွေ အများကြီး တန်းစီနေဖို့ မလိုဘူး။ ဘာကြောင့်လဲဆိုရင် ဒီခရီးကိုပဲ သွားကြမှာကိုး။ ဒါကြောင့် ဒီယာဉ်လိုင်းတွေကို စနစ်တကျ ပြန်ပုံဖော်ဖို့လိုမယ်။

 

နောက်တစ်ခုက ကျွန်တော်တို့ ရထားတဲ့ အခြေအနေပေါ်ကနေပဲ ကျွန်တော်တို့ ဘယ်လိုတည်ဆောက်ယူမလဲ။ ဒါကို လတ်တလောဖြေရှင်းနိုင်ဖို့ပေါ့။ infrastructure တွေကို တိုးပြီးဆောင်ရွက်ဖို့အပိုင်းကတော့ တစ်ပိုင်းဖြစ်တယ်ပေါ့။

 

နောက်ပြီး ကားအရည်အတွက်နဲ့ လမ်းအခြေအနေပေါ်မှာ စည်းကမ်းပိုင်းဆိုင်ရာ ကိစ္စရပ်လေး နည်းနည်းလိုအပ်နေတယ်ဗျာ။ ဘာကြောင့်လဲဆို ကားကဒီလောက်မဟုတ်သေးဘူး။ ရန်ကုန်ရဲ့ အချို့လမ်းတွေအပေါ်ကို အတင်းတိုးဝှေ့ဝင်နေတဲ့ အခြေအနေဖြစ်တယ်။ တစ်ချို့လမ်းမကြီးတွေက အမြဲတမ်းရပ်ထားတဲ့ကားပါကင်တွေ ဖြစ်နေတယ်ပေါ့ဗျာ။

 

ယာဉ်လိုင်း သုံးလိုင်းလောက် ရှိတဲ့နေရာမှာ နှစ်လိုင်းလောက်မှာ ကားတွေက ရပ်ထားပြီး တစ်လိုင်းလောက်မှာပဲ မောင်းနေရတဲ့ အခြေအနေတွေလည်း ကြုံနေရတာပေါ့။ အဲ့ဒီတော့ ဒါတွေကို အမြန်ဆုံး ဖြေရှင်းဖို့ ကြိုးစားရမှာပေါ့။

 

မဇ္ဈိမ ။ ဒီစိန်ခေါ်မှုတွေကတော့ အများကြီးပေါ့နော်။ အဲ့တော့ ရက် ၁၀၀လိုဟာမျိုးမှာ ပြည်သူကလည်း တက်လာတဲ့ ဒီမိုကရေစီအစိုးရအပေါ် အများကြီးမျှော်လင့်တယ်လေ။ အဲ့တော့ ရက် ၁၀၀လိုဟာမျိုးမှာ ဘယ်လိုဟာမျိုးကို အဓိကထားပြီး ဆောင်ရွက်မယ်လို့ မျှော်မှန်းထားလဲ။

 

ဝန်ကြီးချုပ် ။ ကျွန်တော်တို့ အခုလောလောဆယ်ပေါ့ဗျာ။ Master Plan တစ်ခုကို အရင်ဆုံးလုပ်နိုင်ဖို့ ကြိုးစားတယ်။ ဒီ Master Planကို လုပ်နိုင်ဖို့ ကျွန်တော်တို့မှာ အရင်ဆုံး အခြေအနေကောင်းလေးတွေရှိတယ်။ ဘာကြောင့် အခြေအနေ ကောင်းလေးတွေရှိလဲဆိုတော့ ဒီလုပ်ငန်းကို ရှေ့အစိုးရလက်ထက်မှာလည်း အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ခဲ့တာတွေရှိတယ်။ နိုင်ငံတွေကိုသွားပြီး လေ့လာခိုင်းထားတဲ့သူတွေလည်း ရှိတယ်။ တကယ်ကို ကျွမ်းကျင်တဲ့ ပညာရှင်တွေလည်းရှိတယ်။ ရှိတော့ သူတို့လုပ်ထားတဲ့ အခြေအနေတွေနဲ့ အလုပ်ရုံဆွေးနွေးပွဲက အခြေအနေတွေကို ဆက်စပ်လိုက်မယ်ဆိုရင် Master Plan တစ်ခုထွက်သွားမယ်။ ဒါပေမယ့် အဲ့ဒီ့အတွက် စိန်ခေါ်မှုက ဘာလဲဆိုတော့ ဒီလုပ်ငန်းကို တာဝန်ယူ တာဝန်ခံလုပ်မယ့် အဖွဲ့အစည်းလိုတယ်။ အဲ့ဒီ့အဖွဲ့အစည်းမှာ ပါဝင်မယ့်သူတွေက အချိန်ပြည့် ဒီတာဝန်ကိုယူပြီး ဒီဂျူတီကိုထမ်းဖို့လိုတယ်။ ဆိုတော့ ကျွန်တော်တို့ရှေ့ကလုပ်ခဲ့တဲ့သူတွေကကျတော့ ဌာနဆိုင်ရာအသီးသီးက လူတွေကိုခေါ်တော့ အဲ့ဒီ့အသီးသီးက မူလတာဝန်တွေရှိတယ်။ ရှိတော့ ဒီဂျူတီကို အပြည့်မထမ်းနိုင်ဘူး။ ဒါမျိုးပုံစံမျိုးလေးတွေရှိတဲ့အတွက် ပုံသဏ္ဍန်တွေကိုပြင်ပြီး လက်တွေ့အကျိုးဖြစ်ထွန်းနိုင်အောင် ကျွန်တော်တို့ ဆောင်ရွက်ရမယ်။

 

ရက်ပေါင်း ၁၀၀အတွင်းမှာ ကျွန်တော်တို့ဆောင်ရွက်မယ့် လုပ်ငန်းရပ်တွေကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေမှာလည်း စနစ်ကျတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဖြစ်အောင်။ စက်မှုဇုန်တွေဆိုရင်လည်း တကယ့်ကို လုပ်ငန်းဆောင်ရွက်မှုတွေဖြစ်အောင် စက်မှုဇုန်မှာ ဂိုဒေါင်ငှားစားနေတဲ့ အခြေအနေမျိုးတွေ၊ စက်မှုဇုန်မှာ စက်ရုံအလုပ်ရုံမပေါ်ပေါက်လာဘဲ မြေကွက်တွေပဲ ဖြစ်နေတာတွေ၊ ဒါမျိုးတွေကို ကျွန်တော်တို့ စိစစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပေါင်းစပ်နိုင်ဖို့ ဒါမျိုးအချက်အလက်တွေကို ကျွန်တော်တို့ လုပ်သွားဖို့ရှိပါတယ်။

 

နောက်ပြီး ကျွန်တော်တို့ဆီမှာ စိုက်ပျိုးရေး၊ မွေးမြူရေးဇုန်တွေရှိတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးဇုန်တွေကလည်း ဘာမှသိပ်မလုပ်နိုင်ဘူး။ ဘာမှမလုပ်နိုင်တဲ့အတွက် ထွက်ကုန်နည်းတယ်။ ထွက်ကုန်နည်းတော့ ရန်ကုန်မှာ ကုန်ဈေးနှုန်းလိုမျိုး အချို့ကိစ္စရပ်တွေကို ကျွန်တော်တို့ မကိုင်တွယ်နိုင်ဘူးပေါ့။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က လတ်တလောဖြစ်နိုင်ချေရှိတဲ့ လုပ်ငန်းတွေ ရှိပါတယ်။ အဲ့ဒါတွေက စနစ်တကျ စီမံခန့်ခွဲလိုက်ရင်ကို ရလာနိုင်လောက်တဲ့ အကျိုးတွေရှိပါတယ်။ ဘာကြောင့်လဲဆို ကျွန်တော်တို့က နည်းနည်းလေး စီမံခန့်ခွဲမှုချို့ယွင်းမှုကြောင့် ပေါ်လာတဲ့ ပြဿနာတွေကများပါတယ်။ ဒါကို စနစ်တကျလုပ်ရမယ်။

ဒီကိစ္စတွေကို ပူးပေါင်းဆောင်ရွက်ဖို့က လူထုပါမှရမယ်။ ဘာလို့လဲဆိုရင် ပြည်သူလူထုရဲ့ အရင်က လုပ်နေတဲ့ အခြေအနေနဲ့ အရင်က လုပ်နေတဲ့အခြေအနေက ပြောင်းလဲလာနိုင်တယ်။ စည်းကမ်းတွေ ရှိလာနိုင်တယ်။ ဒီအပြောင်းအလဲဟာ ဥပဒေစိုးမိုးမှုကို ပိုဖြစ်နိုင်တယ်။ အဲ့ဒီ့ကြောင့် ငါတို့ ဒီမိုကရေစီ right (အခွင့်အရေး)တွေ၊ လူ့အခွင့်အရေးတွေ ပိုဖြစ်လာနိုင်တယ်လို့ အတွေးဖြစ်ရင် ကျွန်တော်တို့ ဒီဆောင်ရွက်မှုဟာ ရက်ပေါင်း ၁၀၀လောက် အတွင်းမှာ ကျွန်တော်တို့ စီမံခန့်ခွဲမှု အားနည်းချက်ကြောင့်ပေါ်နေတဲ့ ကိစ္စရပ်အချို့ကို ရှင်းလိုက်နိုင်မှာ ဖြစ်ပါတယ်။

 

မဇ္ဈိမ ။ ရန်ကုန်မြို့မှာ အမျိုးသမီးတွေရဲ့ လုံခြုံရေး။ ဘာလို့လဲဆိုတော့ ရန်ကုန်မြို့ဆိုတော့ ရန်ကုန်ပြင်ပကနေ သူတွေအများကြီးလာပြီး အလုပ်လုပ်နေတဲ့ မြို့လည်း ဖြစ်တာကိုး။ ဆိုတော့ ရန်ကုန်မှာအလုပ်လုပ်နေတဲ့ အမျိုးသမီးတွေရဲ့ လုံခြုံရေး၊ လမ်းဘေးမီးတိုင်မရှိတာကအစ၊ ဘတ်စ်ကားပေါ်မှာ လုံခြုံမှု မရှိတာကအစ အဲ့ဒါကျတော့ကော ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနဲ့ အမြန်ဆုံးလုပ်ဖို့ စီစဉ်ဆောင်ရွက်ထားတာရှိလဲ။

 

ဝန်ကြီးချုပ် ။  ကျွန်တော်တို့ ဒီရက်ပိုင်းလောက်ထဲမှာ အမျိုးသမီးတွေ အဓိက အလုပ်လုပ်နေတဲ့ စက်မှုဇုန်တွေကို သွားစစ်ဆေးမှာပါ။ ဒီနေရာတွေမှာ အဓိကလိုအပ်တဲ့ အခြေခံအဆောက်အအုံ စီမံခန့်ခွဲမှုတွေ စလုပ်မယ်။ အဲ့ဒီ့အပြင်ကို အလုပ်လုပ်နေတဲ့ လုပ်သားတွေအတွက် ကျွမ်းကျင်တဲ့လုပ်သားတွေ ဖြစ်လာနိုင်ဖို့အတွက် ညွှန်ကြားမှုလေးတွေ စတင်နိုင်ဖို့ ဆောင်ရွက်ပေးပါမယ်။

 

အဲ့ဒီ့အပြင်ကို အမျိုးသမီးတွေအတွက် အထည်ချုပ်စက်ရုံတွေ ဘာတွေဆိုဗျာ ..  အမျိုးသမီးတွေများပါတယ်။ သူတို့တွေရဲ့ ဖယ်ရီခတို့ ဘာတို့ကိစ္စတွေပေါ့။ ဘာကြောင့်လဲဆို တစ်ချို့ စက်ရုံအလုပ်ရုံတွေက ဖယ်ရီတွေဘာတွေ စီစဉ်ဆောင်ရွက်ပေးတဲ့နေရာမှာ တအားကြပ်ညပ်နေတယ်။ ကြပ်ညပ်နေတော့ အမျိုးသမီးတွေအတွက် တော်တော်ခက်ပါတယ်။ တစ်ချို့ကလည်း တော်တော်ဝေးတဲ့နေရာကနေ လာအလုပ်လုပ်ကြတာရှိပါတယ်။ ဥပမာ - ကျွန်တော့်မဲဆန္ဒနယ် လှည်းကူးမြို့နယ်မှာဆိုရင် စက်မှုဇုန်တွေကို အလုပ်သွားလုပ်ကြပါတယ်။ မနက်အစောကြီးတည်းက ထသွားပြီး ညမိုးချုပ်မှ အိမ်ပြန်ရောက်ကြတယ်။ အဲ့လိုမျိုး အခြေအနေမျိုးတွေ ဖြစ်တဲ့အတွက် လမ်းမီးတွေလင်းနေနိုင်ဖို့ ဥပဒေစိုးမိုးမှုဖြစ်ဖို့ ရဲတပ်ဖွဲ့အင်အားနဲ့ ပြည်သူလူထုကြားအချိုးပေါ့။ အဲ့ဒီ့အခြေအနေတွေကစပြီး ကျွန်တော်တို့ ပြန်ဆောင်ရွက်ရမယ့် အခြေအနေတွေ ရှိပါတယ်။ ဒီအခြေခံတွေကနေ အများစိတ်ချလုံခြုံမှုရအောင် ကျွန်တော်တို့ဆောင်ရွက်ဖို့ လိုပါတယ်။

 

ဒါပေမယ့် ရေရှည်အတွက်တော့ ကျွန်တော်တို့တိုင်းပြည်မှာ လမ်းမပေါ်က ကလေးငယ်တွေကို ပြုစု မပျိုးထောင်ပေးနိုင်ဘူး။ ဒီကလေးတွေရဲ့ ဘဝအတွက် လုံခြုံစိတ်ချရတဲ့ ပညာရပ်ဆိုင်ရာတွေ မသင်ပေးနိုင်ဘူးဆိုရင် ကျွန်တော်တို့ရဲ့ အနာဂတ်ရဲ့ ဥပဒေစိုးမိုးမှုက တည်ဆောက်ဖို့ တော်တော်ခက်သွားနိုင်ပါတယ်။ ဒါကြောင့်မို့လို့ အဲ့ဒီ့အခြေအနေတွေကို ကြိုးပမ်းဖို့ ကျွန်တော်တို့ ပြင်ဆင်နေပါတယ်။

 

မဇ္ဈိမ ။ နောက်တစ်ခုက ဗဟိုအစိုးရ နဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရတို့ ရင်ဆိုင်ရမယ့် စိန်ခေါ်မှှု တစ်ခုကတော့ ကိစ္စရပ်အမျိုးမျိုးနဲ့ ပတ်သတ်ပြီး ဆန္ဒပြတာတွေ ပိုများလာနိုင်ခြေ ရှိပါတယ်။ အရင်အစိုးရတုန်းကတော့ ဆန္ဒပြသူတွေကို ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ခဲ့တဲ့အတွက် ဝေဖန်မှှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အရင် ရန်ကုန်အစိုးရ လက်ထက်မှာ ဆန္ဒပြသူ အများအပြား ဖမ်းဆီး ထောင်ချခံခဲ့ရပါတယ်။ ဒီတော့ အခုရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ လက်ထက်မှာ ဘယ်လို ခြားနားသွားမှာပါလဲ။ ဘယ်လိုမျိုး ကိုင်တွယ်ဖို့ စဉ်းစားထားလဲ။

ဝန်ကြီးချုပ် ။ ကျွန်တော်တို့ဆီမှာ အဓိက ဆန္ဒထုတ်ဖော်တယ်ဆိုတဲ့ အချက်က ဒီမိုကရေစီမှာ ပြည်သူလူထုရဲ့ အသံပါပဲ။ ပြည်သူလူထုရဲ့ အသံ၊ ပြည်သူလူထုရဲ့ ဆန္ဒသဘောထားတွေပေါ်မှာ ကျွန်တော်တို့က အမြဲတမ်း နားထောင်ပါတယ်။ ဒါပေမယ့် တစ်ချို့ကိစ္စရပ်တွေမှာ ကျတော့ဗျာ။ ၃၀၀၀ ပေး၊ ၅၀၀၀ပေးပြီး ဆန္ဒထုတ်ဖော်ခိုင်းတယ်ဆိုတဲ့ ကိစ္စကျတော့လည်း ဒါက ပြည်သူ့အသံ ဟုတ်ကောဟုတ်ရဲ့လားလို့ မေးခွန်းထုတ်စရာ ရှိတယ်ပေါ့ဗျာ။ ဒါက နောက်ကွယ်ကနေပြီး ပြဿနာတွေ မပေါ်ပေါ်အောင်ပဲ ဖန်တီးနေသလားဆိုတာ ကျွန်တော်တို့ ခွဲပြီး ရှုမြင်ရမှာပေါ့နော်။ တကယ်လို့ ပြည်သူလူထုရဲ့ အသံတွေဖြစ်တယ်ဆိုရင်တော့ ပြည်သူတွေရဲ့ လက်တွေ့ဘဝ လိုအပ်ချက်တွေကို ကျွန်တော်တို့ အမှန်တကယ်ကို လေ့လာပါတယ်။ သူတို့နဲ့ ကျွန်တော်တို့ တိုင်ပင်ချင်ပါတယ်။

သူတို့က တောင်းလာနိုင်ပါတယ်။ တောင်းတဲ့အပေါ် အိမ်တစ်အိမ်လိုပေါ့။ ဆောင်ရွက်မပေးနိုင်တဲ့ လတ်တလောပေါ့ဗျာ။ ကျွန်တော်တို့ရဲ့ ဘဝပေးအခြေအနေရှိပါတယ်။ ကျွန်တော်တို့က ဆင်းရဲတဲ့ တိုင်းပြည်တစ်ပြည်ဖြစ်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်က နိုင်ငံတကာမှာ နာမည်ဆိုးထွက်နေတဲ့ နိုင်ငံတစ်ခုဖြစ်တယ်။ ဒီအခြေအနေကနေ ဒီရက်ပိုင်းလေးမှာ ကျွန်တော်တို့ အပြောင်းအလဲလေးတစ်ခုကို စတင်လိုက်တယ်။ အဲ့တော့ လက်ရှိ infrastructure (အခြေခံအဆောက်အအုံ)တွေ အကုန်လုံးက ပျက်ယွင်းနေတယ်။ ဒီအနေအထားကို ပြန်တည့်မတ်ရတဲ့အခါ လိုအပ်ချက်တွေ အများကြီးရှိမယ်။ သူတို့ဘက်ကလည်း ပြောစရာတွေ အများကြီးရှိမယ်။ ဒီဟာတွေကို ရေတိုဖြေရှင်းနိုင်မယ့် နည်းလမ်းရှိတာတွေကို လတ်တလော ကျွန်တော်တို့ ဖြေရှင်းမယ်။ ရေရှည်ဖြေရှင်းနိုင်မယ့် အခြေအနေတွေဆိုလည်း သူတို့ကို ကျွန်တော်တို့နိုင်ငံရဲ့ တကယ်အခြေအနေမှန်ကို ဒီအခြေအနေကတော့ ဘယ်လောက်တော့ အချိန်ယူရမယ်လို့ ကျွန်တော်တို့ ပြောဖို့ရှိပါတယ်။

ဝန်ထမ်းတွေနဲ့ဆို ဒီကိစ္စကို ကျွန်တော်တို့ အခုပြောနေပါပြီ။ ဝန်ထမ်းတွေဆိုရင်ဗျာ သူတို့လစာနဲ့ သူတို့ အခက်အခဲရှိတာတွေ ရှိတယ်။ ဒါပေမယ့် သူတို့ ဂုဏ်သိက္ခာရှိစွာနဲ့ နေနိုင်ဖို့အတွက်ဆိုရင် တစ်နှစ်တန်သည်။ နှစ်နှစ်တန်သည် ကျွန်တော်တို့ စောင့်ခိုင်းရမှာပဲ။ မစောင့်ဆိုင်းဘဲနဲ့ အခုလတ်တလော ဒီပြဿနာကို ဖြေရှင်းပေးဖို့ မဖြစ်နိုင်သေးပါဘူး။

လစာလေး တိုးပေးလိုက်မယ်။ ကုန်ဈေးနှုန်း ပိုကြီးလာမယ်။ ငွေကြေးဖောင်းပွလာမယ်ဆိုတဲ့ နည်းလမ်းနဲ့တော့ ဆေးမြီးတိုကုလို့ မဖြစ်ပါဘူး။ ဒီအတွက် အချိန်ပေးရမယ်။ ဒီအတွက် ပြည်သူ့အသံကို တကယ်ကို နားထောင်မယ်။ တကယ့်ကို ပြည်သူတွေနဲ့ ကျွန်တော်တို့ ပူးပေါင်းမယ်။

မဇ္ဈိမ ။ ကိုယ်ရေးကိုယ်တာဆန်တဲ့ မေးခွန်းတစ်ခုကို ထပ်မေးရမယ်ဆိုရင် ဝန်ကြီးချုပ်က နိုင်ငံရေး ဘက်ဂရောင်းက လာတဲ့သူတစ်ယောက်ဖြစ်တယ်။ ကိုယ်တိုင်လည်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဘဝက လာခဲ့တယ်။ တက်ကြွလှှုပ်ရှားသူတစ်ယောက် ဖြစ်လာအောင် ဘာတွေက စေ့ဆော်ပေးခဲ့တာလဲ။ အစက နိုင်ငံရေးသမားကနေ အခု နိုင်ငံတော်ရဲ့ တာဝန် ဝန်ကြီးချုပ်တစ်ယောက်ဖြစ်လာတဲ့အပေါ် ဘယ်ဟာတွေက ကိုယ့်ကို Drive လုပ်နေလဲ။ ဘယ်ဟာတွေက ကိုယ့်ကို စေ့ဆော်ပေးခဲ့တာလဲ။

ဝန်ကြီးချုပ် ။ ကျွန်တော် အသက် ၁၈နှစ်ပေါ့။ ၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးမှာ ကျွန်တော်က သပိတ်တပ်သားလေးအဖြစ် ပါခဲ့တာပါ။ ကျွန်တော့်ရဲ့ မျှော်မှန်းချက်က ဒီမိုကရေစီနိုင်ငံကြီးဖြစ်ဖို့ပါ။ ကျွန်တော်က အမတ်လုပ်မယ်။ ဝန်ကြီးလုပ်မယ်ဆိုပြီး နိုင်ငံရေးလောကထဲကို ရောက်လာတဲ့သူတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အခြေအနေတွေက ကျွန်တော်တို့ကို တော်တော်ကြီးကို တွန်းပို့လိုက်တယ်။ ကျွန်တော်တို့ အကျဉ်းထောင်ထဲမှာ ၁၅နှစ်လောက် နေခဲ့ကြတယ်။ ဒါပေမယ့် ကျွန်တော်အဲ့မှာ အဖြေတွေ အများကြီးရခဲ့ပါတယ်။ သင်ကြားမှုတွေ အများကြီးသိခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ ဘယ်အခြေအနေကိုပဲ ဖြစ်ဖြစ်ပေါ့ဗျာ။ အဲ့ဖြစ်နေတဲ့အခြေအနေကနေ အကောင်းဆုံးကို လုပ်ယူဖို့ပဲ။ ဒီအခြေအနေကို ပေါက်ကွဲနေ၊ ဒေါသဖြစ်နေလို့ မရဘူး။ အဲ့လိုလူမျိုးတွေက ကျန်းမာရေးထိခိုက်မှု ဖြစ်သွားကြရတယ်။ စိတ်ပိုင်းဆိုင်ရာဖြင့်သော်လည်းကောင်း၊ ရုပ်ပိုင်းဆိုင်ရာဖြင့်သော်လည်း။ မခံနိုင်ဘူးပေါ့ဗျာ။ ဒီလာလုပ်တဲ့ ဥစ္စာတွေကို အမြဲတမ်း တုန့်ပြန်ချင်တယ်။ ကျွန်တော်တို့ကတော့ ဒီရလာတဲ့အခြေအနေပေါ်မှာ အပြောင်းအလဲတစ်ရပ်ဖြစ်အောင် အမြဲရှင်သန်အောင် ကြိုးစားတယ်။ အဲ့ဒီ့လို ကြိုးစားတဲ့အပေါ် ကျွန်တော်အစကထောင်ကျတာ ၇နှစ်ထဲပါ။ ဒါပေမယ့် ကျွန်တော့်ကို ၅နှစ်နေတိုင်း ၇နှစ်၊ ၇နှစ် ထောင်ချခဲ့တယ်ပေါ့ဗျာ။ ကျွန်တော် ထောင်ထဲမှာ ၁၅နှစ်လောက် နေခဲ့ရပါတယ်။ ထောင်လည်း အင်းစိန်ထောင်၊ တောင်ငူထောင်၊ ပြောင်းပြီး နေခဲ့ရပါတယ်။

ဒါကြောင့်မို့လို့ ကျွန်တော့်မှာ အမြဲတမ်းရှိတာက ကျွန်တော် ဒီမိုကရေစီနိုင်ငံကြီးဖြစ်အောင် ကြိုးစားသွားမယ်။ ဒီနေရာမှာ ကျွန်တော်ခိုင်ခိုင်မာမာ ယုံကြည်ထားတာ တစ်ခုရှိတယ်။ ဘာလဲဆိုတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့ ကျွန်တော်တို့ နိုင်ငံကြီးဟာ အာဏာရှင်စနစ်အောက်ကနေ လွတ်မြောက်ပြီး ဒီမိုကရေစီကို ထူထောင်နိုင်လိမ့်မယ်လို့ ကျွန်တော်ယုံတယ်။

အဲ့အခြေခံနဲ့ ဒီအခြေအနေကို ကျွန်တော်ကြိုးစားတယ်။ တစ်ဖက်က ရတဲ့အခြေအနေထဲကနေ အကောင်းဆုံးဖြစ်အောင် လုပ်ယူနိုင်တဲ့အခြေအနေကို လုပ်ရမယ်။ အဲ့ဒါဟာ ကျွန်တော့်ရဲ့ ပြုပြင်ပြောင်းလဲမှုအတွက် အကောင်းဆုံးတွန်းအားတစ်ခု ဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်။

ဒီအပြောင်းအလဲဟာ လူထုအတွက် တကယ့်ကို စွမ်းဆောင်နိုင်လိမ့်မယ်လို့ ကျွန်တော်မြင်ပါတယ်။

 

မဇ္ဈိမ ။  ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးလိုက်တော့ အံ့သြသွားလား။ မျှော်လင့်လား။

ဝန်ကြီးချုပ် ။  ကျွန်တော်ကျလာတဲ့တာဝန်က စိန်ခေါ်မှုတွေအများကြီးရှိတဲ့တာဝန်ပါ။ ဒီအပေါ်မှာ ကျွန်တော်က တာဝန်တစ်ရပ်ကို ထမ်းဆောင်တယ်လို့ သဘောပိုက်ပါတယ်။ ဒါဟာ ကျွန်တော်ကိန်းကြီးကန်းကြီးလုပ်ဖို့၊ ကျွန်တော့်ကိုယ်ကျွန်တော် ဘဝင်မြင့်ဖို့နေရာ မဟုတ်ဘူးလို့ ကျွန်တော်ယုံကြည်ပါတယ်။

ဒီလိုလုပ်လို့လည်း မရပါဘူး။ ဘာကြောင့်လဲဆိုရင် အပြောင်းအလဲတစ်ခုကို လုပ်တဲ့နေရာမှာ လူထုနဲ့ တစ်သားတည်းနေနိုင်အောင် ကြိုးစားရမှာပါ။

အခုဆိုရင် ဒီလို Traffic တွေဖြစ်နေတဲ့နေရာမှာ ပွိုင့်ကားတစ်စီးနဲ့ မြို့ထဲကအိမ်ကနေ ရုံးလာတက်ဖို့ဆိုတာ ကျွန်တော့်အတွက် တော်တော်ခက်ပါတယ်။ အဲ့ဒီ့အတွက် ကျွန်တော်ဟာ လွှတ်တော်ဝန်းထဲက အိမ်လေးမှာ သွားနေမှဖြစ်မယ်လို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါကြောင့်မို့လို့ ဒီပြုပြင်ပြောင်းလဲရေးမှာ စိန်ခေါ်မှုကြီးတဲ့ တာဝန်တစ်ရပ် ကျွန်တော့်ကို ကျွန်တော့်ပါတီကနေ တာဝန်ပေးအပ်လိုက်တာပါ။

လူထုကလည်း ဒီတာဝန်ကို လုပ်ဖို့အတွက် ကျွန်တော့်ကိုရွေးချယ်ခဲ့တဲ့အတွက်လည်း ကျေးဇူးတင်တယ်။ ဒီတာဝန်ကို ပေးလိုက်တဲ့အခါမှာ ဒီတာဝန်ကို ကျေဖို့ အမြဲတမ်း ကျွန်တော် အင်စိုက်အားစိုက်ကြိုးပမ်းနေပါတယ်။ ရန်ကုန်တိုင်းအတွက် ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ကျွန်တော်အမြဲတမ်း ကြိုးပမ်းနေပါတယ်။

မဇ္ဈိမ ။ ရန်ကုန်တိုင်းဝန်ကြီးချုပ်အနေနဲ့ လူငယ်တွေကို ဘာ မက်ဆေ့လေး ပေးချင်လဲ။ ဘာပြောချင်လဲ။

ဝန်ကြီးချုပ် ။ ကျွန်တော်တို့နိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးတစ်ခုကို ဦးတည်နေပါပြီ။ ကျွန်တော်တို့ကိုယ်တိုင် လူငယ်ဘဝကနေ ဖြတ်သန်းခဲ့ရတာပါ။

လူငယ်တွေရဲ့ အနာဂတ်ဟာ တိုင်းပြည်ရဲ့ အနာဂတ်နဲ့ တစ်ထပ်တည်းရှိပါတယ်။ အဲ့ဒီ့အတွက် လူငယ်တွေဟာ ဒီအချိန်မှာ မှန်ကန်တဲ့ရွေးချယ်မှုတစ်ခုနဲ့ မှန်ကန်တဲ့ဆောင်ရွက်မှု တစ်ရပ်ကို ဒီခေတ်ပြောင်း၊ စနစ်ပြောင်းမှာ ဘယ်နေရာ ဘယ်ထောင့်က ပါမလဲဆိုတာ ရွေးချယ်ရမှာပါ။ ကျွန်တော်တို့ လူငယ်တွေက မညံ့ပါဘူး။ ဒါကြောင့်မို့လို့ သူတို့ မှန်ကန်တဲ့ ရွေးချယ်မှုကို ဆောင်ရွက်နိုင်မှာပါ။ အဲ့ဒီ့ရွေးချယ်မှုက ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး နဲ့ လူ့အခွင့်အရေးလှုပ်ရှားမှုမှာ အင်အားတစ်ရပ်ဖြစ်မယ်လို့ ကျွန်တော်ယုံကြည်ထားပါတယ်။ လူငယ်တွေ ဒီအတွက် အမြဲတမ်း ပြင်ဆင် ကြိုးစားစေချင်ပါတယ်။

(ဗီဒီယိုဖိုင် ကို ဆက်လက်ကြည့်ရှုပါရန်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly