လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍအတွင်းငွေကြေးခိုင်မာရန်အရေးကြီး

လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍအတွင်းငွေကြေးခိုင်မာရန်အရေးကြီး

ကမ္ဘာ့ဘဏ်၏ စွမ်းအင်ပညာရှင် ဦးမျိုးမြင့်နှင့်တွေ့ဆုံခြင်း

မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင်ကဏ္ဍအတွက် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများပိုမိုတိုးတက်လာဖို့ လိုအပ်နေသည်ဟုကမ္ဘာ့ဘဏ်၏ စွမ်းအင်ပညာရှင် ဦးမျိုးမြင့်က မဇ္ဈိမစီးပွားရေးရုပ်မြင်သံကြား၏ 7Minutes အစီအစဉ်တွင် ပြောဆိုထားသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံလျှပ်စစ်စွမ်းအင်ကဏ္ဍအတွက် ကမ္ဘာ့ဘဏ်က နှစ်ရှည်အတိုးမဲ့ချေးငွေ အမေရိကန် ဒေါ်လာသန်း ၅၄၀ ချေးပေးထားပြီးထိုငွေကြေးအကူအညီအပြင် နည်းပညာထောက်အပံ့ပေးခြင်းများကိုလည်းလုပ်ဆောင်ပေးလျက်ရှိသည်။

မဇ္ဈိမ။ ။ မြန်မာနိုင်ငံမှာ လျှပ်စစ်လိုအပ်ချက်ကအသည်းအသည်ကိုအရေးကြီးလာနေတယ်၊ လောလောဆယ် နိုင်ငံတစ်ဝှမ်းလျှပ်စစ်မီးရရှိတဲ့အခြေအနေကိုကမ္ဘာ့ဘဏ်ကဘယ်လိုတွေ့ရှိထားလဲ

ဦးမျိုးမြင့်။ ။ ကျွန်တော်တို့နိုင်ငံဟာကမ္ဘာပေါ်မှာလျှပ်စစ်မီးသုံးစွဲမှုအနည်းဆုံးနိုင်ငံပါ၊ ဘယ်လောက်အထိတောင်နည်းသလဲဆိုရင် ကမ္ဘာ့သုံးစွဲမှုရဲ့ ပျှမ်းမျှအနေနဲ့ အပုံ ၂၀ ပုံရင် တစ်ပုံပဲရှိပါတယ်။အဲတော့ မြန်မာနိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာအခုအချိန်အထိ လျှပ်စစ်မီးမရပါဘူး။အိမ်ထောင်စုနဲ့ ပြောမယ်ဆိုရင် ၇.၂ သန်းသောအိမ်ထောင်စုဟာ လျှပ်စစ်မီးမရပါဘူး၊ လျှပ်စစ်မီးဟာ မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် အဓိကအခန်းကဏ္ဍကပါတဲ့အတွက် တစ်နိုင်ငံလုံးမှာ လျှပ်စစ်မီးရရှိရန်အတွက် ကြိုးစားလုပ်ဆောင်သင့်ပါတယ်။

မဇ္ဈိမ။  ။ ဒီနေရာမှာကမ္ဘာ့ဘဏ်အနေနဲ့ မြန်မာနိုင်ငံလျှပ်စစ်မီးရရှိဖို့အတွက်“အမျိုးသားလျှပ်စစ်မီးရရှိရေးစီမံချက်”မှာဘယ်လိုထောက်ပံ့ပေးမှုတွေလုပ်ဖို့ရှိလဲခင်ဗျ

ဦးမျိုးမြင့်။ ။ ပထမဆုံးကမ္ဘာ့ဘဏ်အနေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိလျှပ်စစ်မီးရရှိတဲ့အခြေအနေကိုသေသေချာချာလေ့လာဆန်းစစ်ပြီးတော့ လျှပ်စစ်မီးရရှိဖို့အတွက် စီမံချက်ကိုရေးဆွဲခဲ့ပါတယ်။ဒါကိုအစိုးရနဲ့အတူရေးဆွဲခဲ့ပြီးတော့ အစိုးရကိုတင်ပြခဲ့ပါတယ်။ ပြီးတော့ အဲဒိစီမံချက်ကိုအကောင်အထည်ဖော်ဖို့အတွက် ကမ္ဘာ့ဘဏ်ကနေ မြန်မာနိုင်ငံအစိုးရကိုအတိုးမဲ့နှစ်ရှည်ချေးငွေ ဒေါ်လာသန်း ၄၀၀ ထောက်ပံ့ပေးထားပါတယ်။အဲဒါအပြင် လိုအပ်တဲ့နည်းပညာအကူအညီနဲ့ တစ်ခြားအကူအညီတွေကိုပေးခဲ့ပါတယ်။ ကျွန်တော်တို့ကမ္ဘာ့ဘဏ်အနေနဲ့က လျှပ်စစ်ဓာတ်အားရရှိဖို့အတွက် စီမံချက် ၂ ခုကိုလုပ်ဆောင်ပါတယ်။ ပထမစီမံချက်က သထုံသဘာဝဓာတ်ငွေ့စီမံချက်အတွက် ကမ္ဘာ့ဘဏ်ကအစိုးရကိုအတိုးမဲ့ချေးငွေ ဒေါ်လာသန်း ၁၄၀ ကိုထောက်ပံ့ပေးထားပါတယ်။ နောက်ဒုတိယစီမံချက်ကတော့ လျှပ်စစ်မီးရရှိဖို့အတွက် အတိုးမဲ့ချေးငွေ ဒေါ်လာသန်း ၄၀၀ကို ပေးထားပါတယ်။

မဇ္ဈိမ။  ။ သထုံသဘာဝဓာတ်ငွေ့စီမံကိန်းကဘယ်လောက်အထိခရီးရောက်နေပြီလဲခင်ဗျ

ဦးမျိုးမြင့်။   ။ သထုံစီမံကိန်းကအခုမှ စတာပါ။ ဒေါ်လာ ၁၀ သန်းကိုပဲဆောက်လုပ်မယ့် ကန်ထရိုက်တာကိုပေးထားပါ တယ်။ ကျန်တဲ့ပိုက်ဆံကအစိုးရလက်ထဲမှာရှိနေပါတယ်။

မဇ္ဈိမ။  ။ ဒါဆိုဒေါ်လာသန်း ၄၀၀က အစိုးရသစ်လက်ထဲကိုရောက်သွားမှာပေါ့

ဦးမျိုးမြင့်။  ။ဟုတ်ပါတယ်၊ ဒီဒေါ်လာသန်း ၄၀၀ ကိုလာမယ့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာသုံးမှာဆိုတော့ အစိုးရသစ်ရဲ့ စီမံခန့်ခွဲမှုလက်အောက်ကိုရောက်သွားမှာပါ။

မဇ္ဈိမ။  ။ ဒီကန်ဒေါ်လာသန်း ၄၀၀ ကိုဘယ်လိုနယ်ပယ်တွေမှာလုပ်ကိုင်ဖို့အတွက်လဲခင်ဗျ

ဦးမျိုးမြင့်။  ။ ဒေါ်လာသန်းလေးရာကို ကျွန်တော်တို့ကအဓိကအပိုင်းနှစ်ပိုင်းခွဲပါတယ်။ တစ်ခုကတော့ လျှပ်စစ်ဓာတ်အား..Grid extension လို့ခေါ်တဲ့ ဓာတ်တိုင်တွေကိုပိုမိုတိုးချဲ့ပြီးတော့ စိုက်တဲ့အပိုင်း..အဲဒိအတွက်ကိုဒေါ်လာသန်း ၃၁၀ ကျွန်တော်တို့ လျာထားပါတယ်။ ပြီးတော့ ဒီဓာတ်တိုင်တွေကိုတိုးချဲ့နေတဲ့အချိန်မှာဝေးလံခေါင်သီတဲ့ရွာတွေကို ကြားကာလထဲမှာလျှပ်စစ်မီးရရှိဖို့ရန် Off -grid ဆိုတဲ့ ဓာတ်အားလိုင်းပြင်ပလျှပ်စစ်ဓာတ်အားရရှိဖို့ရန်အတွက် ဒေါ်လာသန်း ၉၀ ကျွန်တော်တို့ လျာထားပါတယ်။ ဒီအတိုးမဲ့ချေးငွေ ဒေါ်လာသန်း ၄၀၀ ကိုတော့ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်ကနေ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွင်းအသုံးပြုသွားဖို့ ရည်ရွယ်ထားတာပါ။

မဇ္ဈိမ။  ။ လျှပ်စစ်စွမ်းအင်ကဏ္ဍအတွက် ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေးနဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍဆိုပြီးရှိတဲ့အထဲမှာတစ်နိုင်ငံလုံးလျှပ်စစ်မီးလင်းဖို့ ဘယ်လိုနည်းလမ်းတွေကနေအမြန်ဆုံးအကောင်အထည်ဖော်သင့်လဲခင်ဗျ

ဦးမျိုးမြင့်။  ။ ကျွန်တော်တို့နိုင်ငံမှာ လျှပ်စစ်မီးပြည့်ပြည့်၀၀ရရှိဖို့ရန်အတွက် နံပတ် ၁ အရေးအကြီးဆုံးက နိုင်ငံမှာရှိတဲ့ စွမ်းအင်အရင်းအမြစ်တွေကိုသေသေချာချာလေ့လာပြီးတော့ ဒီထဲကအကောင်းဆုံးဖြစ်တဲ့စွမ်းအင်တွေကိုရွေးချယ်ပြီးတော့ ဦးစားပေးထုတ်လုပ်ဖို့လိုအပ်ပါတယ်၊အထူးသဖြင့် ကျွန်တော်တို့နိုင်ငံမှာ ပြန်လည်ဖွံ့ဖြိုးမြဲစွမ်းအင်တွေကအင်မတန်ပေါကြွယ်ဝပါတယ်။ ဒါတွေကိုစနစ်တကျလေ့လာပြီးတော့ သုံးစွဲနိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။

မဇ္ဈိမ။  ။ ကမ္ဘာ့ဘဏ်မှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေဖြစ်တဲ့ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ကဏ္ဍနဲ့ လေအားလျှပ်စစ်ကဏ္ဍတွေအတွက် လုပ်ကိုင်ပေးဖို့ရှိလား

ဦးမျိုးမြင့်။  ။အခုလောလောဆယ်မှာ ကြည့်နေတဲ့အနေအထားမှာရှိနေပါတယ်၊ကျွန်တော်တို့ ဒီစီမံကိန်းတွေကိုသေသေချာချာလေ့လာနေပါတယ်၊ဘယ်လိုစီမံကိန်းရယ်လို့ သတ်သတ်မှတ်မှတ်မရှိပေမယ့် ရေအား၊လေအားနဲ့ နေရောင်ခြည်စွမ်းအင်တွေကိုအဓိကဦးတည်ပြီးတော့ သုံးဖို့ ရည်ရွယ်ထားပါတယ်။ အခု Off-grid ဓာတ်အားလိုင်းပြင်ပစနစ်အတွက်ဆိုရင်လည်းနေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်မီးပေးရေးစနစ် (Solar-Home System) ကိုတပ်ဆင်ပေးမှာဖြစ်ပါတယ်။

မဇ္ဈိမ။  ။ ကန့်ကွက်မှုတွေရှိနေတဲ့ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံတည်ဆောက်တာနဲ့ မြစ်တွေအပေါ်မှာဆည်တွေတည်ဆောက်တာနဲ့ ပတ်သတ်ပြီးတော့ ကမ္ဘာ့ဘဏ်ရဲ့ ရပ်တည်ချက်ကဘယ်လိုရှိလဲခင်ဗျ

ဦးမျိုးမြင့်။  ။ ကျွန်တော်တို့ ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်တာကိုအားမပေးပါဘူး၊အဲတာကြောင့် ဒီစီမံကိန်းတွေအပေါ်မှာငွေကြေးနဲ့ နည်းပညာထောက်ပံ့မှုတွေပေးမှာမဟုတ်ပါဘူး။ ပြီးတော့ ဆည်တွေတည်ဆောက်တာနဲ့ပြောရရင် မြန်မာနိုင်ငံမှာရေအားလျှပ်စစ်ကပေါကြွယ်ဝပါတယ်၊ ဒါပေမယ့် ဒါနဲ့ပတ်သတ်တဲ့ ရေအားလျှပ်စစ်စီမံကိန်းတင်မဟုတ်ဘူးဘယ်လိုစီမံကိန်းမျိုးကိုမဆိုမည်သည့်စီမံကိန်းတွေကိုမဆိုလုပ်မယ်ဆိုရင် ကျွန်တော်တို့က သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဘဝထိခိုက်မှုလေ့လာဆန်းစစ်ချက် ဒါတွေကိုနံပတ် ၁ စလုပ်ရမှာပါ၊အဲတော့ ရှိတဲ့လျှပ်စစ်ဓာတ်အားပေးရေးစီမံချက်တွေထဲကမှ ထိခိုက်မှုအနည်းဆုံးဟာကိုရွေးချယ်ပြီးတော့မှသာလျှင် ကျွန်တော်တို့ကဆောင်ရွက်မှာဖြစ်ပါတယ်။

မဇ္ဈိမ။  ။ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံချက်-၂၀၃၀ ကိုအကောင်အထည်ဖော်ဖို့ ကုန်ကျစားရိတ်ဘယ်လောက်ရှိမလဲခင်ဗျ

ဦးမျိုးမြင့်။  ။ ကျွန်တော်တို့ခန့်မှန်းချက်အရဆိုရင် ၂၀၃၀ ခုနှစ်မှာတစ်နိုင်ငံလုံးလျှပ်စစ်ဓာတ်အားရရှိဖို့အတွက်ကို လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကဏ္ဍအတွက်ရော၊ ပို့လွှတ်မှုကဏ္ဍအတွက်ရော လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုကဏ္ဍအတွက်ရောဒီကဏ္ဍကြီး ၃ ခုအတွက်ကိုအနည်းဆုံးအမေရိကန်ဒေါ်လာဘီလီယံ ၃၀ လောက် ရင်းနှီးမြှုပ်နှံမှုတွေလိုအပ်မယ်လို့ ခန့်မှန်းထားပါတယ်။

မဇ္ဈိမ။  ။ အရင်အစိုးရလက်ထက်တုန်းက ကမ္ဘာ့ဘဏ်အပါအဝင် ဖွံ့ဖြိုးမှုမိတ်ဘက်အဖွဲ့အစည်းတွေဆီကနေချေးငွေပေါင်းက အမေရိကန်ဒေါ်လာသန်းပေါင်း ၁၆၀၀ ကျော်ရှိတယ်လို့ သိရတယ်၊ အခုကလိုအပ်ချက်ကဒီ ၁၅နှစ်တာကာလအတွက်ကိုဘီလီယံ ၃၀ ဆိုတော့ အများကြီးလိုအပ်ချက် ပမာဏ မြင့်တယ်ခင်ဗျ။ အစိုးရရဲ့ ကိုယ်ပိုင်ဘတ်ဂျက်နဲ့ ပေါင်းစပ်ရင်တောင်မှ ဒီပမာဏကို ဖြည့်စွမ်းပေးဖို့ကလိုအပ်ချက်တွေနဲ့ အခက်ခဲတွေ ဖြစ်နေအုံးမယ် ၊ဒီအတွက်ကိုရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်တယ်လို့ သိထားတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ဦးမျိုးမြင့် သုံးသပ်ဆွေးနွေးပေးပါလား။

ဦးမျိုးမြင့်။  ။ ကျွန်တော်တို့ရဲ့ မူဝါဒအကြံပြုချက် ဒုတိယအချက်ကပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုတွေ လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍမှာတိုးတက်လာဖို့ကိုကျွန်တော်တို့ အကြံပြုထားပါတယ်။ ဒီလိုမျိုးရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာဖို့အတွက် လုပ်ဆောင်တဲ့နေရာမှာလည်း ကျွန်တော်တို့ကပွင့်ပွင့်လင်းလင်းနဲ့ ယှဉ်ပြိုင်နိုင်တဲ့ ဈေးကွက် ဒီဈေးကွက်ကိုဖန်တီးရမှာပါ။ ဒါမှသာလျှင် ပုဂ္ဂလိကအရင်းနှီးတွေ ဝင်ရောက်လာမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ အစိုးရအသစ်ကိုလည်းမူဝါဒအကြံပြုတဲ့အခါမှာ ကျွန်တော်တို့ကပွင့်လင်းမြင်သာတဲ့ ဈေးကွက်ကိုဖန်တီးပေးဖို့ ကျွန်တော်တို့ အကြံပြုထားပါတယ်။

မဇ္ဈိမ။  ။ဒီနေရာမှာ IPP (Independent Power Producers) လို့ခေါ်တဲ့ လွတ်လပ်သောလျှပ်စစ်ထုတ်လုပ်သူများပေါ့..ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ကသူတို့လည်းအကျိုးအမြတ်ရှိမယ်။ ပြီးတော့ လျှပ်စစ်မီးကလည်းလုပ်ငန်းကဏ္ဍ နယ်ပယ်တွေကိုလွှမ်းခြုံပေးနိုင်ဖု့ိဆိုရင် အဓိကမူဝါဒလိုတာလား၊ ပြီးတော့ လျှပ်စစ်ဥပဒေနဲ့ ပတ်သက်ပြီးတော့ သုံးသပ်ဖို့လိုမလားခင်ဗျ။

ဦးမျိုးမြင့်။  ။ အဓိကကငွေကြေးခိုင်မာ၊တောင့်တင်းမှုပေါ့။  အဲတာကအရမ်းအရေးကြီးပါတယ်။ ဘယ်ကဏ္ဍမှာမဆိုအရင်းအနှီးတွေ..ပုဂ္ဂလိကအရင်းအနှီးတွေ၊ ပြည်တွင်းကအရင်းအနှီးတွေ၊ ပြည်ပအရင်းအနှီးရောစီးဝင်လာဖို့ဆိုရင် အဲဒိကဏ္ဍကငွေကြေးခိုင်မာရှင်သန်ရပ်တည်မှုကအရမ်းအရေးကြီးပါတယ်။ ဒီဟာကို ကျွန်တော်တို့ကမူဝါဒနဲ့ ဖန်တီးပေးရမှာပါ။ လက်ရှိမြန်မာနိုင်ငံမှာအစိုးရက လျှပ်စစ်ဓာတ်အားကိုထုတ်လုပ်တယ်။ ဖြန့်ဖြူးပေးတယ်။ ဒီအတွက် အစိုးရကအရှုံးပေါ်နေပါတယ်။ အဲတော့ ပုဂ္ဂလိကကဏ္ဍအနေနဲ့ကအရှုံးခံဖို့ဆိုတာကတော်တော်မလွယ်ပါဘူး။ ရှုံးနေတဲ့လုပ်ငန်းတွေကိုပုဂ္ဂလိကကဏ္ဍဝင်ရောက်ရင်းနှီးမြှုပ်နှံဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ ဒါကြောင့်မို့ ဒီလိုမျိုးငွေကြေးခိုင်မာမှုဖြစ်အောင် အစိုးရအနေနဲ့ မူဝါဒရေးရာအရဆောင်ရွက်ပေးသင့်ပါတယ်။

မဇ္ဈိမ။  ။ အစိုးရအနေနဲ့ကလည်းတစ်နေ့ကိုကျပ်သန်းပေါင်း ၁၂၀၀ကျော်လောက် ဆုံးရှုံးခံပြီးတော့ လျှပ်စစ်မီးပေးနေရတယ်လို့ ပြောဖူးတယ်ခင်ဗျ။ ဒီအပေါ်မှာ ကျွန်တော်တို့ ရေရှည်ဖွံ့ဖြိုးတိုးတက်သောဒီလျှပ်စစ်မီးရရှိရေး ဖြစ်လာဖို့အတွက်ကိုဘယ်လိုမျိုးအကြံပေးချင်လဲခင်ဗျ။ အစိုးရက ရှုံးနေပြီလို့တော့ ပြောတယ်လေ။

ဦးမျိုးမြင့်။  ။ အဓိက၂ ပိုင်းရှိတာပေါ့နော်။ ကျွန်တော် အခုနကရှင်းပြသလိုဒီငွေကြေးရှင်သန်ရပ်တည်မှုက  ကဏ္ဍကြီးတစ်ခုလုံးမှာအရေးကြီးပါတယ်။ တစ်ချိန်တည်းမှာပဲပြည်သူတွေရဲ့တတ်နိုင်မှုပေါ့။ အဲတာကလည်းအရမ်းအရေးကြီးပါတယ်။ အဲနှစ်ခုကို ကျွန်တော်တို့ကချိန်ဆရမှာပါ။ ငွေကြေးခိုင်မာရပ်တည်ဖို့ရန်အတွက် ကျွန်တော်တို့က လျှပ်စစ်ဓာတ်အားကနေဆွဲမြှင့်တင်လိုက်မယ်ဆိုရင်လည်းတကယ်တမ်းမတတ်နိုင်တဲ့သူတွေ တကယ်ဆင်းရဲတဲ့သူတွေအတွက် ဒါဝန်ထုပ်ဝန်ပိုးကြီးအဖြစ် ကျွန်တော်တို့ အရောက်မခံနိုင်ပါဘူး။ အဲဒိနှစ်ခုကို ကျွန်တော်တို့ကချိန်ဆပြီးတော့မှ ဒီအစိုးရကနေသူတို့ရဲ့ မူဝါဒတွေကိုချမှတ်သင့်တာပေါ့။ အဲတော့ ဒီနှစ်ခုကိုချိန်ဆဖို့ရန်အတွက် အင်မတန်အရေးကြီးပါတယ်။

မဇ္ဈိမ။  ။ မြစ်တွေအပေါ်မှာဆည်တွေတည်ဆောက်တာနဲ့ ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေးစက်ရုံတွေတည်ဆောက်တဲ့အပေါ်မှာ ပြည်သူ့ကိုလည်းအမှန်တကယ်အကျိုးပြုမယ်၊ အကြီးစားမဟုတ်ဘဲနဲ့ အသေးစားစီမံကိန်းတွေရှိလာမယ်ဆိုရင် ဒါတွေဟာကောင်းတဲ့အလားအလာဖြစ်လာမယ်လို့ မြင်လားခင်ဗျ

ဦးမျိုးမြင့်။   ။ ကျောက်မီးသွေးနဲ့ ပတ်သတ်ပြီးတော့ ကမ္ဘာ့ဘဏ်ကရှင်းရှင်းလင်းလင်းပါပဲ၊ ဘယ်လိုမျိုးစီမံကိန်းကိုမဆိုထောက်ပံ့ပေးမှာမဟုတ်ပါဘူး၊ အရှေ့မှာပြောခဲ့သလိုပါပဲ..စီမံချက်တိုင်းကိုလူမှုရေးနဲ့ ပတ်ဝန်းကျင်ထိခိုက်မှုခြုံငုံသုံးသပ်ချက်တွေ၊လေ့လာဆန်းစစ်မှုတွေလုပ်မှသာလျှင် ဘယ်စီမံချက်ကထိခိုက်မှုနည်းသလဲ၊ များသလဲဆိုတာသိနိုင်မှာပါ၊အဲဒိလိုလေ့လာပြီးမှသာလျှင် သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဘဝထိခိုက်မှုအနည်းဆုံး စီမံချက်ကိုသာရွေးချယ်ပြီးတော့ အကောင်အထည်ဖော်သင့်ပါတယ်။

မဇ္ဈိမ။  ။ အရင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကအစိုးရသစ်ကိုအာဏာလွှဲပြောင်းဖို့ ရက်ပိုင်းအနည်းငယ်အလိုမှာပြောဖူးတာတစ်ခုက ၂၀၃၀ခုနှစ်အရောက်ကိုတစ်နိုင်ငံလုံးလျှပ်စစ်မီးရရှိဖို့အတွက်ဆိုရင် ရေအားလျှပ်စစ်အပြင် သဘာဝဓာတ်ငွေ့စက်ရုံတွေ၊ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံတွေ မလုပ်ရင် အကောင်အထည်ပေါ်မှာမဟုတ်ဘူးလို့ ရှိတယ်၊ ဒီအပေါ်မှာဦးမျိုးမြင့် ဘယ်လိုအမြင်ရှိသလဲ

ဦးမျိုးမြင့်။  ။ ကျွန်တော်တို့အနေနဲ့ကတော့ လေ့လာဆန်းစစ်မှုတွေလုပ်ပြီးတော့မှ ထိခိုက်မှုအနည်းဆုံးစီမံကိန်းတွေကိုရွေးချယ်ရမှာဖြစ်ပါတယ်။ ရေအားလျှပ်စစ်လည်းသုံးမယ်၊ ကျောက်မီးသွေးနဲ့ သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစီမံကိန်းတွေကိုသုံးမယ်ဆိုပြီးယေဘူယျအားဖြင့်တော့ ပြောလို့ရပေမယ့် ဂဃနဏကတော့ သေသေချာချာလေ့လာဆန်းစစ်ပြီးတော့မှ ပြောလို့ရမှာဖြစ်ပါတယ်။

မဇ္ဈိမ။  ။ ၂၀၃၀ မှာရည်မှန်းထားတဲ့ တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိရေးဆိုတဲ့စီမံကိန်းအနေနဲ့ကရောအောင်မြင်မယ်လို့ ထင်လားခင်ဗျ။ ဘာတွေ အခက်ခဲဖြစ်မလဲ။

ဦးမျိုးမြင့်။   ။ ကျွန်တော်တို့ကအောင်မြင်မယ်လို့ ထင်ပါတယ်။ ဒါကိုပဲဦးတည်ပြီးတော့ ကမ္ဘာ့ဘဏ်ကဆောင်ရွက်နေတာပါ။ ကျွန်တော်တို့ နိုင်ငံအတွက်လည်းအင်မတန်အရေးကြီးတဲ့ အခန်းကဏ္ဍဖြစ်ပါတယ်။ အဓိကဘာတွေအရေးကြီးလည်းဆိုရင် အစိုးရကတစ်နိုင်ငံလုံးမှာ လျှပ်စစ်မီးရကိုရရှိရမယ်ဆိုတဲ့ ရည်မှန်းချက်ခိုင်ခိုင်မာမာချမှတ်ဖို့လိုအပ်ပါတယ်။ ဒါအင်မတန် အရေးကြီးတဲ့အချက်ပါ။ နံပါတ် ၂ အချက်ကဘာလဲဆိုတော့ ဒီလျှပ်စစ်နဲ့ စွမ်းအင် ကဏ္ဍမှာအရင်းအနှီးတွေ ငွေရေးကြေးရေးတွေ ကျွန်တော်တို့ ရှင်သန် ရပ်တည်နေဖို့ ဒါဟာအင်မတန် အရေးကြီးပါတယ်။ ဒီနှစ်ချက်ကအရေးအကြီးဆုံးကဏ္ဍပါ။

မဇ္ဈိမ။  ။ အောင်မြင်မယ်လို့ ယုံကြည်တယ်ပေါ့နော်။ ဘာကြောင့် ယုံကြည်တာလဲခင်ဗျ။ ပြီးတော့ လက်တွေ့မှာရော ၂၀၃၀ ထက် ပိုကြာသွားနိုင်မလား

ဦးမျိုးမြင့်။   ။ ကျွန်တော်တို့ ပတ်ဝန်းကျင်နိုင်ငံတွေရဲ့အတွေ့အကြုံတွေကိုကြည့်မယ်ဆိုရင် ဥပမာအားဖြင့် လာအိုနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံမှာဆိုရင် သူတို့ လျှပ်စစ်မီးရရှိမှုနှုန်း၁၀ ရာခိုင်နှုန်းကျော်ကျော်ကနေပြီးတော့ အနှစ် ၂၀ အတွင်းမှာသူတို့က ၁၀၀ရာခိုင်နှုန်းရောက်သွားတယ်။ အဲတော့ ၁၅ နှစ်ကနေ အနှစ်၂၀ ကြားမှာ၁၀ ရာခိုင်နှုန်းကနေပြီးတော့ ၁၀၀ ရာခိုင်နှုန်းရောက်ရင် ကျွန်တော်တို့ နိုင်ငံမှာလက်ရှိ ၃၀ရာခိုင်နှုန်းကနေ ၁၀၀ရာခိုင်နှုန်းရောက်ဖို့ရန်အတွက် ၁၅နှစ်ဆိုတာဒါဟာအင်မတန်ဖြစ်နိုင်ပါတယ်။ ဒီအပြင်မှာ ကျွန်တော်တို့ အစိုးရရဲ့ အားပေးကူညီမှုတွေ ရည်မှန်းချက်ချမှုတွေ မူဝါဒရေးရာတွေကမှန်ကန်မယ်ဆိုရင် ၁၅ နှစ်တောင် စောပြီးတော့ မြန်မာတစ်နိုင်ငံလုံးလျှပ်စစ်မီးရသင့်ပါတယ်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly