ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများနဲ့ ပျော်မွေ့ဖွယ်ရာ နာဂတို့ရွာ

09 April 2016
ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများနဲ့ ပျော်မွေ့ဖွယ်ရာ နာဂတို့ရွာ

အသားပွသစ်တချောင်းကို ဝါးချောင်းငယ်တခုနဲ့ ပွတ်တိုက်လိုက်ပါတယ်။ စက္ကန့်ပိုင်းအတွင်းမှာပဲပွတ်တိုက်အားအပူကနေတဆင့် မီး ဖြစ်လာပါတယ်။ နတ်ဘုရားတွေရဲ့ နည်းပညာကိုဘိုးဘွားတွေ တွေ့ရှိတတ်မြောက်ခဲ့တယ်လို့လည်းရိုးရာအယုံအကြည်လည်းရှိနေပြန်ပါတယ်။

ဒါဟာကမ္ဘာဦးလူသားတွေကို မြင်နေရတာတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံအနောက်မြောက်ဘက် နာဂတိုင်းရင်းသားတို့ရဲ့ ရိုးရာအစဉ်အလာတခုကိုတွေ့မြင်နေရတာဖြစ်ပါတယ်။

ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာခဲ့ကြတဲ့ နှုတ်သမိုင်းနဲ့ အထောက်အထားတွေအရတော့ အရှေ့ဘက် တိဘက်ဒေသကနေဆင်းသက်လာတဲ့ လူမျိုးစုတခုလည်းဖြစ်ပါတယ်။   ရှေးဦးခေတ်ကာလရေကြည်ရာမြက်နုရာပြောင်းရွှေ့အခြေချမှုတွေကနေ မြန်မာနိုင်ငံအနောက်မြောက် အိန္ဒိယနယ်စပ်အနီးတောင်တန်းဒေသရဲ့ ထင်ရှားတဲ့ လူမျိုးစုကြီးဖြစ်လာပါပြီ။ ဒီလို ဆင်းသက်လာမှု သမိုင်းအခြေအနေတွေကို မြို့နယ်ယဉ်ကျေးမှုကော်မီတီဝင် ဦးကျော်သိန်းက အခုလို ရှင်းပြပါတယ်။

“ကျွန်တော်တို့ မိဘတွေပြောတာတော့ ဟုတ်တယ်။  ကျွန်တော်တို့ တရုတ်ပြည်ဘက်ကနေပေါ့နော်။  တိဗက်ကအဲလိုလာပြီးတော့ ချင်းတွင်းမြစ် တစ်လျောက်ပေါ့နော်။  မုံရွာနယ်လောက် ရှိမယ် ထင်တယ်။ အဲဒီဘက်ကနေတစ်ခါ အိန္ဒိယဘက်ကိုသွားအိန္ဒိယဘက်က ပြန်လာမှ အဲလိုနေထိုင်လာတာပေါ့လေ။  တစ်ချို့က အိန္ဒိယဘက်ကလာတာတဲ့ မဟုတ်ဘူးအရင်ဆုံးဆင်းသက်လာတာတော့ တရုတ်ပြည် တိဗက်ကနေဆင်းသက်လာတာပေါ့နော်။ ”

နာဂလူမျိုးတွေဟာအိန္ဒိယနိုင်ငံဘက်မှာလည်းမဏိပူ၊ အာသံနဲ့ နာဂပြည်နယ်တခုအပါအဝင် နေထိုင်ကြသလို မြန်မာနိုင်ငံဘက်ခြမ်းမှာတော့ နာဂတောင်တန်းဒေသကြီးအဖြစ် စစ်ကိုင်းတိုင်းအထက်ပိုင်း ခန္တီးခရိုင်အတွင်းမှာနေထိုင်ကြပါတယ်။

၂၀၀၈ ခုနှစ်မှာ ပြဌာန်းလိုက်တဲ့  မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေအရနန်းယွန်း၊ လဟယ်နဲ့ လေရှီးမြို့နယ်တွေကိုစုစည်းပြီးနာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ခဲ့ပြီးလည်းဖြစ်ပါတယ်။

ရှေးဦးသမိုင်းရဲ့ အဝတ်မဲ့လူသားတွေအဖြစ် ထင်ရှားခဲ့တဲ့ နာဂလူမျိုးတွေဟာလူဦးရေ အနည်းဆုံးစာရင်းဝင် တိုင်းရင်းသားမျိုးနွယ်စုကြီးလည်းဖြစ်ပါတယ်။ နာဂ လူမျိုးစုကြီးထဲမှာ လူမျိုးစုငယ်များ ခွဲခြားတည်ရှိနေတာကိုလည်း ဦးကျော်သိန်းကပဲ ရှင်းပြပါသေးတယ်။“

အခုလက်ရှိနာဂရိုးရာဗဟိုကော်မတီရဲ့ သူတို့ရဲ့ ဖော်ပြမှုအရ ကျွန်တော်တို့  ယူသုံးနေတဲ့ စာရင်းအရဆိုရင် လက်ရှိ ၇မျိုးလို့ ပြောလို့ရတယ်ပေါ့နော်။  ဒါပေမယ့်လည်းအဲဒီ ၇မျိုး တကယ်ဖြစ်မလား ၇မျိုးထက် ပိုများတဲ့ မျိုးနွယ်တွေ ရှိမလားဆိုတာကိုတော့ ကျွန်တော်တို့  အခုသန်းခေါင်စာရင်းရေးရာနဲ့ ဆက်စပ်ပြီးတော့  ကျွန်တော် နာဂရေးရာအမျိုးသားကောင်စီနဲ့ ဒီထက်ပိုများခဲ့မယ်ဆိုရင် ဘယ်မျိုးနွယ်စုတွေ  ဒီထက် ထပ်ရှိအုံးမလဲဆိုတာကို ကျွန်တော်တို့ ဒါကိုခွဲခြမ်းစိတ်ဖြာနိုင်ဖို့အတွက် အချိန်ယူပြီးတော့ လုပ်ကိုင်နေပါတယ်။ ဒါပေမယ့် လက်ရှိအနေထား ကျွန်တော်တို့ ကြားနေ  မြင်နေသိနေတဲ့ ပုံစံအရဆိုရင်တော့ ၇မျိုး ရှိတယ်လို့တော့ ပြောလို့ရပေမယ့်  ၇မျိုးပဲ ရှိတယ်လို့ အတည်ပြုဖို့တော့ စောနေသေးတယ်ပေါ့လေ။ ”

တောင်တန်းဒေသရဲ့ နာဂလူမျိုးတွေဟာလမ်းပန်းဆက်သွယ်ရေးအခက်အခဲနဲ့ ကူးသန်းသွားလာမှုနည်းပါးခြင်းရဲ့ နောက်ဆက်တွဲရလဒ်တွေအဖြစ် ရှေးရိုးအစဉ်အလာတွေနဲ့ အချိန်ကြာကြာနေထိုင်ခဲ့ကြပါတယ်။ အခုတော့ ပြောင်းလဲလာပါပြီလို့ လဟယ်နှစ်ခြင်းခရစ်ယံအသင်းတော် သင်းအုပ်ဆရာ ဦးဒပ်ထိုက်က ပြောပါတယ်။

“ဒါတွေကတော့ အများကြီးပြောင်းလဲသွားပါတယ်။ အရင်ကတော့ ဘယ်လိုခေါ်မလဲသူတို့ဘာသာသူတို့ လှောင်အိမ်ထဲမှာ ချုပ်နှောင်ခံရတဲ့ ပုံစံရှိခဲ့ပါတယ်။ အခုအခြားဘာသာတွေ တစ်ချိန်ကကိုယ့်ရဲ့ ရိုးရာယဉ်ကျေးမှုအရလက်ခံနိုင်တဲ့ ဘာသာကနေပြီးတော့ အခြားဘာသာတစ်ခုကိုပြောင်းသွားတာတော့ အများကြီးပြောင်းလဲမှု ရှိပါတယ်။”

နာဂလူမျိုးတွေမှာတော့ ခရစ်ယန်ဘာသာကိုအများဆုံးကိုးကွယ်ကြပြီးအဲဒီနောက် ဗုဒ္ဓဘာသာကိုကိုးကွယ်ကြပါတယ်။ နောက်တခုကတော့ ရိုးရာနတ်ကိုးကွယ်မှုဖြစ်ပါတယ်။

ယစ်ပူဇော်မှုနဲ့ နတ်ကိုးကွယ်မှုဓလေ့တွေဟာ စိတ်ဝင်စားစရာတွေ ပြည့်နေပါတယ်။ နာဂရွာတစ်ရွာမှာလည်းနတ်ဆရာတွေ၊ ဗေဒင်ဆရာတွေနဲ့ ဖွဲ့စည်းထားကြပါတယ်။ ဒီလိုယုံကြည်ကိုးကွယ်မှုအနေအထားတွေကိုလည်း ဝုဏ်ဝမ်ပိုညို(နာဂ)စာပေနဲ့ယဉ်ကျေးမှုကော်မတီ အတွင်းရေးမှူး ဦးပါတင်က ရှင်းပြပါတယ်.

“တစ်ချို့ နာဂရွာတွေဆိုရင် ရွာတစ်ရွာတည်တော့မယ်ဆိုရင်  သူတို့မှာငါးမျိုးသတ်မှတ်ကြတယ်။  အဲဒီငါးမျိုးမရှိရင် ရွာတည်လို့ မရဘူးလို့ ပြောကြတာပေါ့။ ပထမတစ်ချက် နတ်ဆရာရှိမယ်။ နောက် ဗေဒင်ဆရာရှိမယ်။  နောက် နယ်နတ်ပူဇော်တဲ့ ဟာနောက် အမေကြီးပူဇော်တဲ့ဟာရွာကိုပူဇော်မယ့် ဟာပေါ့။ သူကပူဇော်မယ့်ဟာတောင် နတ်ဆရာလေးငါးယောက်လောက် ပြန်ခွဲတယ်။  အဲဒီလိုမျိုးငါးမျိုးလောက် ရှိနေမှ ရွာတည်တာလို့ ပြောလို့ ရတာပေါ့နော်။

တကယ်လို့ ဒီလိုငါးမျိုးမစုံဘူးဆိုရင်တော့ ရွာတစ်ရွာလို့ ပြောလို့ မရသေးဘူး။ ဒီဟာကိုအခြေခံထားပြီးတော့ ဒီရွာတွေကတည်ထားတာပေါ့။ တည်ထားတဲ့ အချိန်မှာဥပမာဗေဒင်ဆရာကကြတော့ လူတိုင်းကအရင်ကဆေးမရှိဘူး။ တစ်ခြားဘာမှ မကိုးကွယ်ဘူးဆိုရင် ဗေဒင်ဆရာကနတ်ဆရာနဲ့ လူကြားမှာဆက်သွယ်ပေးတဲ့ ပုံစံမျိုးနတ်ဆရာကြတော့ နတ်နဲ့ လ ူကြားမှာဆက်သွယ်ပေးတာပေါ့။ ဒါပေမယ့် ဗေဒင်ဆရာကအကုန်လုံးကိုတွက်ချက်ရတယ်။ ဥပမာဖျားနာတယ် ဆိုရင်လည်းဘယ်လိုဘယ်ပုံ ဖြစ်တာလဲ။  ဘာလုပ်သင့်တယ်ဆိုတာကအစနောက် တစ်ခုခုလုပ်တော့မယ်ဆိုတာကအစတောလည် သွားတာပဲ ဖြစ်ဖြစ် တစ်ရွာနဲ့တစ်ရွာတိုက်ဖို့ပဲ ဖြစ်ဖြစ် သူကဗေဒင် ဆရာကပဲအဓိကသူကဘယ်ဟာကိုတိုက်ဖို့ မအောင်မြင်ခြင်းအောင်မြင်ခြင်းသူကတွက်ချက်မှ သိရတယ်။” 

ရှေးခေတ်နာဂတို့ရဲ့ နတ်ကိုးကွယ်ယုံကြည်မှုအဖြစ် ထင်ရှားတဲ့အကြောင်းတခုကတော့ ရောဂါကုသခြင်းဖြစ်ပါတယ်။ ဗေဒင်ဆရာတစ်ယောက် တွက်ချက်အဖြေထုတ်လိုက်တဲ့အခါ သူ့ရဲ့တွက်ချက်မှုအတိုင်းကုသပေးဖို့ နတ်ဆရာရဲ့ တာဝန်ဖြစ်လာပါတယ်။ နတ်ဆရာဟာယစ်ပူဇော်ခြင်းနဲ့ ရောဂါကုသပေးဖို့ ပြင်ဆင်ပါတော့တယ်။ အခုတော့ နတ်ဆရာရဲ့ ရောဂါကုသပုံအကြောင်းကျနော်တို့ လေ့လာကြမှာဖြစ်ပါတယ်။ ဒီနေရာမှာတော့ နတ်ဆရာရဲ့ပြောစကားကို စကားပြန်ကတဆင့် နားထောင်ခဲ့ကြရပါတယ်။

“ကျွန်တော်တို့ နတ်တင်ရတော့မယ်ဆိုရင် ပထမဆုံး ခြင်းရက်ရတယ်ပေါ့။ အဲလိုမျိုး ပူဇော်လိုက်တဲ့ အချိန်မှာ နတ်တွေ စားရအောင်ဆိုပြီးတော့ ဖက်ရွက်ထဲမှာ အစာပလာတွေ ထည့်ပြီးတော့ သူကို အစာကျွေးလိုက်တဲ့ ပုံစံမျိုး လုပ်ပေးရတယ်။ နောက်ထပ်လည်း ကျွန်တော်တို့ စကောပုံစံမျိုး တစ်ခု ပြန်ရက်ရတယ်။ အဲလိုရက်လိုက်တာ လက်ကမ်းပေးရင်းနဲ့ လင်းပန်းပုံစံမျိုးနဲ့ နတ်နဲ့ လူကြားမှာဆက်သွယ်ပေးလိုက်တဲ့  ပုံစံမျိုးနဲ့ပေါ့ ရက်ရတယ်။  အဲမှာ ထည့်ရတဲ့ ဟာတွေထဲမှာ အစာပလာတွေက အထူးသဖြင့် ကလီစာတွေ အသဲတို့ နောက် သူရဲ့ အတွင်းကလိစာလေးတွေရယ်။ အသားရယ် ထည့်ပြီးတော့ ကျွန်တော်တို့ ပူဇော်ရတယ်။ နောက်ထပ် ခေါင်ရည်ထည့်ပေးရတယ်။ ဂျင်း ထည့်ပေးရတယ်။ နောက် ဆန်ရယ်ပေါ့နော် အဲတာတွေ ပေါင်းပြီးတော့ အဲဒါနဲ့ ပူဇော်ရတယ်။ နောက်ထပ် အဲတာကို သွားပြီးတော့ စွန့်ပစ်ပေးလိုက်တဲ့ အချိန်မှာ လူနာကနေ တံတွေးထွေးထည့်ပြီးတော့ စွန့်ပစ်လိုက်ရတယ်။ အဲမှာ သူရဲ့ရောဂါတွေက တံတွေးနဲ့အတူ ပါသွားတယ်။ အဲလိုမျိုး အဲရောဂါတွေကို သူခန္ဓာ ထဲက မောင်းထုတ်ပေးရတယ်။

အစက တုတ်တံထဲကို နှီးနဲ့လုပ်တာ မီးခိုးထွက်တာပေါ့နော်။ အခိုးထွက်လာတဲ့ ဟာတွေက အရင်တုန်းကဆိုရင် တစ်ခြားမီးခြစ် မရှိတော့ အဲလို လုပ်ခဲ့တယ်။ နောက်တစ်ခုက အဲဒီမီး ပုံစံက နတ်တွေ သုံးခဲ့တဲ့ဟာဆိုတော့ နတ်တွေ လုပ်တာကို ကျွန်တော်တို့ လူတွေက တွေ့သွားပြီးတော့ လိုက်တုလုပ်တဲ့အတွက် နတ်တွေကို ဒီပုံစံနဲ့ပဲ တစ်ခြား မီးခြစ်နဲ့ ရှို့ပြီး လုပ်လို့ မရဘူး။ အဲဒီ တုတ်တိုင်ပေါ်မှာ ကြိုးနဲ့ပဲ ဒီလိုပုံစံ လုပ်ပြီးတော့ မီးမွှေးရတယ်။ အဲဒီမီးနဲ့ ရောဂါတွေ အကုန်လုံးကို မှိတ်ပစ်လိုက်တယ်ဆိုတဲ့ သဘောမျိုးနဲ့ အဲဒီမီးဟာ နတ်မီးနဲ့ပဲ ပူဇော်လိုက်ပြီးတော့ နတ်တွေ လုပ်ခဲ့တဲ့အတိုင်း ပူဇော် လိုက်ပြီးတော့ ကျွန်တော်တို့ ပူဇော်ရတယ်။  ဒီလိုလုပ်ပြီးတော့ မီးတွေ တောက်လာမယ်။ အဲမီးတွေ အကုန်လုံး ငြိမ်းလိုက်ပြီဆိုရင် ရောဂါတွေ အကုန်ပါသွားပြီးတော့ ရောဂါတွေ ပျောက်တယ်ပေ့ါနော်။ ”

တောင်ပေါ်ဒေသရဲ့ ချမ်းအေးလှတဲ့ရာသီဥတုကြောင့် နာဂရွာကအိမ်ကလေးတွေဟာ ဝါးထရံအပြည့် ကာရံထားပါတယ်။ အိမ်အတွင်းပိုင်း အလယ်တည့်တည့်မှာတော့ မီးဖိုကြီးတခုရှိနေမှာဖြစ်ပြီး အပေါ်တည့်တည့်မှာတော့ သားငါးနဲ့ စားနပ်ရိက္ခာတွေ အခြောက်ခံတဲ့ ကြပ်ခိုးစင်တခုကို ချိတ်ဆွဲထားပါတယ်။

အိမ်အတွင်းမှာနေထိုင်သူတွေအတွက်လည်းနေ့စဉ်နဲ့အမျှ မီးခိုးငွေ့တွေရှုရှိုက်နေရတာကြောင့် အဆုပ်နဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေသာအဖြစ်များတယ်လို့ ရွာသားတွေကပြောပါတယ်။ ဒီလိုရောဂါတွေဖြစ်လာပြီဆိုရင်တော့ ဆေးဝါးကုသမှု မရှိသလောက်ဖြစ်ခဲ့ပြီးရွာရဲ့ အားထားရာ ဗေဒင်ဆရာနတ်ဆရာတွေကပဲ ဒီပြဿနာကို ဖြေရှင်းပေးခဲ့တဲ့ ဓလေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒါကိုလည်း ဒီထန်ပုံက ရှင်းပြပါတယ်။

“ဒီဆေးကုတာကတော့ မရှိသလောက်ပါပဲ။ ဆေးကုတဲ့နေ့ဆိုတာ ရှေ့ခေတ်တုန်းကတော့ ကျွန်တော်တို့ သိရသလောက် ပြောရမယ်ဆိုရင် သစ်ရွက်လေးတွေ သစ်စေးလေးတွေ တစ်ချို့ ဓားဒဏ်ရာတွေ ရတာ ကုသလောက်ပါပဲ။ ကျန်တဲ့ဟာတွေဆိုရင် ဗေဒင်ဆရာတွေကနေပြီးတော့ ဗေဒင်ဟောတယ်။ သူ့အတွက်က ဘာကြောင့်မို့လို့ ဒီလိုရောဂါမျိုးတွေ ဖြစ်ရတာလဲဆိုတာကို အရင်ဟောပြီးတော့ တွက်ချက်တယ်။ တွက်ချက်တဲ့ အချိန်ကျရင် သူ့ကို နတ်တင်မယ်။ နတ်တင်ရင် ဘယ်ကောင်နဲ့ တင်ရင် သက်သာနိုင်တယ်။ ဥပမာ ကြက်နဲ့တင်ရင် သက်သာနိုင်တယ်ဆိုရင် ကြက်နဲ့တင်ရတယ်။ ပြီးကျရင် ဝက်နဲ့တင်လို့ သက်သာနိုင်တယ်ဆိုရင် ဝက်နဲ့ နတ်တင်ရတယ်။ ပြီးကြရင် အိမ်မွေးတိရစ္ဆာန် ကျွဲ၊ နွားနဲ့ တင်မှ ရမယ်ဆိုရင်လည်း တင်ကြရတယ်။

ပထမဆုံး လူနာအခြေနေကို ကြည့်ပြီးတော့ ကျွန်တော်တို့ ဒီ ပထမဆုံး အနေနဲ့ ကြက်ဥကနေ စပြီး တင်ရတယ်။ ပြီးတော့ ကြက်ဥနဲ့ မရဘူး မသက်သာဘူးဆိုရင် နောက် ကြက်ပေါ့နော်။ ကြက်နဲ့ မသက်သာဘူးဆိုရင် ဝက်အကောင်သေးသေးလေးဟာနဲ့ နတ်တင်ရတယ်။ တကယ်လို့ အဲတာနဲ့ မသက်သာဘူးဆိုရင် နောက်ထပ် ဗေဒင်ပြန်တွက်ကြည့်တယ်။

အဲဒီဝက်တွေတောင်မှ ဝက်အထီးလား သို့မဟုတ် အမနဲ့ သက်သာမလားဆိုတာ ဗေဒင်ဆရာနဲ့ ပြန်ဆုံးဖြတ်ပြီးတော့ အဲတာနဲ့ နတ်တင်ရတယ်။ ဝက်နဲ့ ပူဇော်လို့ မရဘူးဆိုရင် နောက်ထပ် ပြန်တွက်ရတယ်ပေါ့နော်။ အဲတာပြီးရင် နောက် ဝက်မကြီးတွေနဲ့ ပူဇော်မယ်ဆိုပြီးတော့ ဗေဒင်တွက်ကြည့်ရတယ်။ တကယ်လို့ ဝက်မကြီးနဲ့ မသက်သာဘူးဆိုရင် တခြား ဗေဒင်ပြန်တွက်ရတယ်။ မသက်သာဘူးဆိုရင် နောက်ထပ် ဒီထက်ကြီးတာပေါ့။ ဥပမာ နွားနောက်တို့ နွားတို့ သူရဲ့ အရိုးနဲ့ပဲ အရင်တင်ကြည့်ရတယ်။

ပထမတော့ အရိုးဆိုတာ အရင်က သတ်စားထားတဲ့ ဦးခေါင်းတွေနဲ့ လုပ်ကြည့်တယ်။ မသက်သာဘူးဆိုရင် နောက်ထပ် အကောင်လိုက် သွားဖမ်းပြီးတော့ ပူဇော်ကြည့်တယ်ပေါ့။ တကယ်သေလုနီးပါး ဖြစ်နေရင်တောင် အဲဒီ ဗေဒင်တွက်ကြည့်လို့ သူ့အတွက် ပူဇော်ရင် သက်သာမယ်ဟာမျိုးတွေ့တယ်။ နတ်ကို အဲဒါနဲ့ ပူဇော်လိုက်ရင် သက်သာလာတာတွေလည်း အများကြီးရှိတယ်။ အရင်တုန်းကဆိုရင်တော့ အဲလို ဗေဒင်ဆရာရယ် နောက် နတ်ဆရာရယ်ကို အဲလို ကိုးကွယ်ပြီးတော့ ရှိခဲ့တယ်ပေါ့နော်။ နတ်ဆရာတွေကိုပဲ အဓိက ယုံကြည်အားထားခဲ့တယ်။

ဒီနေ့ ကျွန်တော်နတ်ပူဇော်လိုက်တာကတော့ ဝက်နဲ့ပေါ့နော်။ ဝက်နဲ့ ပူဇော်ခြင်း ဖြစ်တယ်။ အဲဒီရဲ့ အဓိပ္ပာယ်က အထူးသဖြင့်တော့ ဥပမာ ကြက်သတ်လိုက်တယ် သို့မဟုတ် ဝက်သတ်လိုက်တာပဲ ဖြစ်ဖြစ် နောက် နွားနောက် သတ်တာပဲ ဖြစ်ဖြစ် သူရဲ့ သွေးအသားကြောင့် သူရဲ့ အသွေးတွေကြောင့်မို့ သူမှာ ရှိတဲ့ဥပမာ အဲဒီသွေးနဲ့ ဒီနေ့ကစပြီးတော့ လုံးဝ ဆေးကျော ပစ်လိုက်ပါတယ် ဆိုပြီးတော့ အဲလို ဂါထာရွက်တယ်။ သူ့အစား ဝက်ကို လဲလိုက်တယ် ဆိုတော့ နောက်ထပ် အသက် တစ်သက်နဲ့ လဲလိုက်ပါတယ်ဆိုပြီးတော့ တိုင်တည်ပြီးတော့ လုပ်ရတယ်ပေါ့။ အဲတာကြောင့် အခြား တိရစ္ဆာန်အသက်နဲ့ လဲလိုက်တာမို့ သက်သာလာတာပေါ့နော်။ ”

နာဂလူမျိုးတွေဟာရှေးအရင်ကတည်းက နတ်စားဝါဒကို ယုံကြည်ခဲ့ကြပါတယ်။ ခရစ်ယန်ဘာသာကိုးကွယ်ယုံကြည်မှုကိုလွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်ကတည်းက စတင်ခဲ့ကြပြီးဒီနေ့ နာဂတိုင်းရင်းသား အ များစုကိုးကွယ်ကြတဲ့ ဘာသာလည်းဖြစ်ပါတယ်။ အဲဒီနောက် ဗုဒ္ဓဘာသာယုံကြည်မှုကလည်း အနည်းငယ်ရှိလာပြီဖြစ်ပါတယ်။ ဒီလိုအခြေအနေကိုတော့ ရွာခံဘုန်းတော်ကြီးတစ်ပါးက ရှင်းပြပါတယ်။

“ဒီမှာ ဒီဒေသခံတွေ အများစုကတော့ သုံးဘာသာလုံး ကိုးကွယ်တာပေါ့နော်။ ခရစ်ယာန် တွေကတော့ အများစုဖြစ်တယ်။ ဗုဒ္ဓဘာသာကတော့ ဒုတိယ အများဆုံးပေါ့နော်။ ကျန်တာကတော့ နတ်ကိုးကွယ်တဲ့ အပိုင်းတွေလည်း ရှိသေးတယ်။ ဦးဇင်းတို့ ဗုဒ္ဓဘာသာဆိုရင်တော့ ဒီလဟယ်မြို့နယ်မှာ သိပ်မများသေးဘူး။ ရွာပေါင်း ဆယ်ရွာတော့ ကျော်တယ်ပေါ့နော်။

တောင်ယာလုပ်ငန်းနဲ့ ပက်သက်တဲ့ ရိုးရာပူဇော်ပသမှုတွေကတော့ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတုန်းပဲဖြစ်ပါတယ်။ ကျရောက်လာမယ့် ရောဂါဘယနဲ့ ကြမ္မာဆိုးတွေကိုဖယ်ရှားဖို့ ယုံကြည်ခဲ့ကြရင်း ကြက်၊ ဝက်၊ နွားစတဲ့ တိရစ္ဆာန် ဦးခေါင်းတွေ သွေးတွေနဲ့ ယစ်ပူဇော်ခဲ့ကြပါတယ်။ ရှေးအရင်တုန်းကဆိုရင် လူဦးခေါင်းနဲ့ ယစ်ပူဇော်တဲ့ ဓလေ့တောင် ရှိခဲ့ပြီးအဲဒါက အကြီးကျယ်ဆုံး ယစ်ပူဇော်မှုလည်းဖြစ်ပါတယ်။

ဒီဘာသာရေး ရောက်လာတော့ သူတို့ စိတ်က နည်းနည်း အေးငြိမ်းတယ်လို့ ပြောလို့ ရတာပေါ့နော်။ ဘာလဲဆိုတော့ ဥပမာ ခရစ်ယာန်ဘက်ကလည်း  အရက်ခေါင်ရည် ဘာညာ တားမြစ်ထားတာ ရှိပါတယ်။ ဒီနတ်တင်တဲ့ ကိစ္စတွေဆိုလည်း သူတို့က လုံးဝ မတင်ခိုင်းဘူး။ ဒီဗုဒ္ဓဘာသာရွာမှာလည်း အဲဒီအတိုင်းပဲ နတ်တင်တဲ့ ကိစ္စကို ဦးဇင်းတို့ကတော့ အသင်းဖွဲ့အနေနဲ့ အတင်းအကျပ်လုပ်တာတော့ မရှိဘူးပေါ့နော်။ ခရစ်ယာန် ရွာတွေမှာလည်း ဒီနတ်တင်တာတို့ ဘာတို့ မရှိပါဘူး။ ဗုဒ္ဓဘာသာရွာမှာလည်း ရှားပါးသွားပြီးပေါ့နော်။ ဒီဘာသာရေးတွေ ရောက်လာတော့ သူတို့အတွက် ယဉ်ကျေးမှုအပိုင်းတော့ တော်တော်လေးကို တိုးတက်ပါတယ်။ ဘုန်းကြီးတွေဖက်ကလည်း ပညာရေးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားအောင် ကိုယ့်နိုင်ငံရေး ရပ်ရေးရွာရေးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားအောင် သွန်သင်ပြတာတွေလည်း ရှိပါတယ်။ အေးချမ်းသွားတယ်လို့ပဲ ပြောရမှာပေါ့နော်။ စိတ်ဓာတ်တွေ ယဉ်ကျေးသွားတယ်လို့ပဲ ဦးဇင်းတို့ ယူဆပါတယ်။ ”

ဒီကျန်တဲ့ ဘာသာတရားရဲ့ ဆုံးမသွန်သင်မှု မရှိတဲ့အခါမှာ သူတို့ကနေပြီးတော့ အပြင်ဘက်ကို မြင်တဲ့အမြင် မရှိဘူးပေါ့။ ကျန်တဲ့ကျေးရွာတွေနဲ့ ဆက်ဆံရမယ် ဆက်သွယ်ရမယ်ဆိုတာ မရှိဘူး။ နောက် ပညာသင်ယူရမယ်ဆိုတာလည်း သူတို့ တွေးခေါ်ရတာ မရှိဘူး။ အထူးသဖြင့် ခရစ်ယာန်ဘာသာဝင် ဆရာတွေ ရောက်လာတဲ့အခါမှာ ပထမအဆင့်အနေနဲ့ ခရစ်ယာန်ဘာသာဝင်လာတဲ့အခါ ကျမ်းစာဖတ်ရမယ်။ သီချင်းဆိုရမယ် ဒီစာအုပ် ကိုင်ရမယ်လို့ ဖြစ်လာတဲ့အခါမှာ တရားဟောဆရာက အကြောင်းမရှိပေမယ့် ည မှာ အသုံးလုံးကစပြီး သင်လာတဲ့အခါမှာ အခုကျောင်းတွေ တက်ချင်လာကြတယ်။ ဒီအတိုင်းတာပေါ့ ပြောင်းလဲမှုတော့ ရှိပါတယ်။

ဘာသာတရားနဲ့ လူမှုရေးအပြောင်းအလဲတွေကြောင့် ရှေးအတိတ်ကအယူအစွဲတွေတော့ လျော့ပါးလာခဲ့ပါပြီ။ ဒါပေမယ့် နတ်စားဝါဒကတော့ နာဂတောင်တန်းကျေးရွာတချို့မှာရှိနေဆဲဖြစ်ပါတယ်။ ဥပမာ ရွာတစ်ရွာတည်တော့မယ်ဆိုရင် ယုံကြည်မှုအရ မဖြစ်မနေလိုအပ်ချက်တွေနဲ့ကိုက်ညီအောင်ဆောင်ရွက်ရတဲ့အကြောင်း ဦးထန်ပုံကပဲ ရှင်းပြပါတယ်။

“အခုနက အဲလို အကောင်တွေကို ပူဇော်ပသတဲ့ အပိုင်းကို တာဝန်ယူတဲ့သူတွေက လေးငါးယောက် တစ်ရွာမှာ ရှိရမယ်။ ထိုနည်းလည်းကောင်းပဲ အောက်လမ်းဆရာ ပုံစံတွေလည်း ရှိသေးတယ်ပေါ့နော်။ စကားအပြောဆို ဆက်သွယ်ပေးတဲ့ တကယ့်နတ်ဆရာကြီးတွေ အဲလိုမျိုးလည်း ရှိရတယ်။ အဲမှာ နတ်ဆရာက နတ်ပူဇော်ပသတဲ့ အပိုင်းမှာဆို တောင်ပိုင်း ခွဲလျှက် ရှိတယ်ပေါ့နော်။  ဥပမာ အကောင်တွေ အခြားအကောင်တွေနဲ့ ဥပမာ ဝက်၊ကြက်၊ အကြီးပိုင်းတွေ ကိုင်တဲ့ နတ်ဆရာ ပူဇော်ပသတဲ့ အပိုင်း တစ်ပိုင်းရှိမယ်။ နောက် ရိုးရိုးဖျားတာ ခေါင်းကိုက်တာလေးကို မန်းပေးတဲ့ နတ်ဆရာအပိုင်း တစ်ပိုင်း ရှိမယ်။

နောက်တစ်ပိုင်းက ရွာအတွက် ကောင်းချီးပေးတဲ့ အလုပ်တွေ လုပ်ပေးတဲ့ နတ်ဆရာအပိုင်းဆို တောင်ပိုင်း  ပိုင်းထားတယ်။ သူတို့ အဲအပိုင်းတွေကို ဘယ်လို ပိုင်းထားလည်း ဆိုတော့ ကြက် ဥကနေ ကြက်အကောင်ထိက တစ်ယောက်က တာဝန်ယူရတယ်။ နောက်တစ်ယောက်က နည်းနည်းကြီးတဲ့အပိုင်း နောက်တစ်ယောက်က ဟို နွားနောက်တို့ အဲဒီကို စွမ်းနိုင်တဲ့သူဆိုပြီးတော့ သုံးပိုင်း ပိုင်းပြီးတော့ တာဝန်တွေကို ယူကြတယ်။ သူတို့ အဲဒီအကောင်ကြီးပိုင်းတွေ နွားနောက်တို့ အဲလိုမျိုးဟာတွေနဲ့ ပူဇော်ပသမယ်ဆိုရင် ဘာပဲဖြစ်ဖြစ် သူရဲ့ မျိုးရိုးစဉ်လိုက် သူမှသူ စွမ်းနိုင်တယ်ဆိုတဲ့ သူကိုပဲ တကယ့် အဲဒီလူတွေကို ခေါ်ပြီး လုပ်လေ့ရှိတယ်။ နတ်ဆရာဖြစ်ပြီဆိုရင် နတ်ဆရာတိုင်းက ဝင်ပြီးတော့ ပူဇော်ပေးလို့ မရဘူး။

အဲမှာလည်း ဆုတောင်းတာ ဒီဂါထာရွက်တာ သုံးမျိုးရှိတယ်။ တကယ်လို့ အဲလိုဂါထာရွက်တဲ့ အချိန်မှာ အကြီးပိုင်းတွေ နွားနောက်တို့ သတ်ပြီးတော့ ရွက်တဲ့ဂါထာမျိုးက အခြားနေရာမှာ ရွက်လို့ မရဘူး။ အဲလိုမျိုး ပူဇော်ရင်းနဲ့ ဂါထာရွက်တဲ့အချိန် တကယ့်သေတော့မယ့် ဆဲဆဲ လူနာတွေလည်း အများကြီး သက်သာတယ်။ အဲလိုမျိုးလုပ်ခဲ့တယ်ပေါ့။ ”

အခုချိန်မှာတော့ နာဂတောင်တန်းဒေသဟာအတန်အသင့် ဖွံ့ဖြိုးလာတဲ့ လမ်းပန်းဆက်သွယ်ရေးတွေ၊ ကူးလူးသွားလာမှုတွေကြောင့် ပျော်ရွှင်စရာလည်ပတ်ချင်စရာဒေသတခု ဖြစ်လာပါပြီ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly