အမေရိကန်ဒေါ်လာ သန်း ၃၀၀ ခန့် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ မြန်မာသို့ ၀င်လာစေရန် UOB ကူမည်

အမေရိကန်ဒေါ်လာ သန်း ၃၀၀ ခန့် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ မြန်မာသို့ ၀င်လာစေရန် UOB ကူမည်
ဓာတ်ပုံ - သက်ကို၊ မဇ္စျိမ

ဇူလိုင် ၂ ရက်။       ။ မြန်မာနိုင်ငံ၏ မြို့ပြစနစ်နှင့် စက်မှုကဏ္ဍတို့၌ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ခန့်တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုများ လာမည့် တစ်နှစ်အတွင်း ပြည်တွင်းသို့ ဝင်ရောက်လာရေးအတွက် ကူညီမည်ဟု United Overseas Bank-UOB အုပ်စုက ဇူလိုင် ၂ ရက်နေ့တွင် ထုတ်ပြန်သည်။

ဟောင်ကောင်၊ စင်ကာပူ၊ ထိုင်းနှင့် ဥရောပဒေသများတွင် အခြေစိုက်သော စီးပွားရေးလုပ်ငန်းရှင်များ၏ ပြောကြားချက်များအရ အဆိုပါ ရင်းနှီးမြှုပ်နှံများသည် စက်ရုံ၊ ဟိုတယ်နှင့် စီးပွားရေးအဆောက်အဦးများ ဆောက်လုပ်ခြင်းတို့တွင် တိုက်ရိုက် မြှုပ်နှံ သွားကြမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

United Overseas Bank-UOB အုပ်စုနှင့် မြန်မာနိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်မှုကဏ္ဍနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်မှု အတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် ငွေချေးခြင်းဆိုင်ရာလက်မှတ်ထိုးခဲ့သည့် ရန်ကုန်ရုံးခွဲဖွင့်လှစ်ခြင်း အခမ်းအနားလည်း ယနေ့ကျင်းပခဲ့သည်။

ငွေချေးပေးမည်ဟု Cycle & Carriage Automobile Myanmar ကုမ္ပဏီနှင့် ယနေ့ရေးထိုးလိုက်သော ချေးငွေ သဘောတူညီ မှုသည် ရန်ကုန်မြို့တွင် ကားအရောင်းပြခန်းနှင့် မော်တော်ကားပြုပြင်ထိန်းသိန်းရေးအလုပ်ရုံ နှစ်ခု ဖွင့်လှစ်ရာတွင် ပံ့ပိုးရန်သည်။

ထို့ပြင် ရန်ကုန်မြို့လယ်ရှိ Summit Parkview ဟိုတယ်အတွက် အခန်းပေါင်း ၂၀၀ ထပ်မံတိုးချဲ့မည့် System-Bilt Myanmar ကို ချေးငွေကူညီခဲ့သည်။

ပြီးခဲ့သည့် မေလကလည်း ရန်ကုန်မြို့ရှိ ဟိုတယ်တခု (အမည်မဖော်ပြထား) ပြုပြင်ရန် ပြင်သစ်-မြန်မာ အကျိုးတူ ဆောင်ရွက်နေ သည့် Rangoon Excelsior Company Limited ကို UOB ကကူညီခဲ့သေးကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ယနေ့ရေးထိုးသော ချေးငွေအသစ်သဘောတူမှုများအပြင် ၂၀၁၄ ခုက မွန်ပြည်နယ်အတွင်း သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံတစ်ရုံကို တည်ဆောက်ခဲ့သည့် စင်ကာပူနိုင်ငံမှ Asiatech Energy လုပ်ငန်းစုကိုလည်း ငွေချေးကူညီခဲ့သေးကြောင်း သိရ သည်။

United Overseas Bank-UOB အုပ်စုသည် အာရှ-ပစိဖိတ်၊ အနောက်ဥရောပနှင့် မြောက်အမေရိကတို့ရှိ နိုင်ငံပေါင်း ၁၉ နိုင်ငံ တွင် ရုံးခွဲပေါင်း ၅၀၀ ကျော်ဖြင့် ကွန်ရက်ဖြန့်ကျက်ထားသည့် ဘဏ်အုပ်စုတခုဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly