ပနားမားစာရွက်စာတမ်းပေါက်ကြားမှုတွင် ထိုင်း နိုင်ငံရေးသမားများနှင့် စီးပွားရေးသမားများလည်း ပါ၀င်

ပနားမားစာရွက်စာတမ်းပေါက်ကြားမှုတွင် ထိုင်း နိုင်ငံရေးသမားများနှင့် စီးပွားရေးသမားများလည်း ပါ၀င်

ဘန်ကောက်၊ ဧပြီ၊ ၈ ။           ။ ပြီးခဲ့သည့်တနင်္ဂနွေနေ့က ပေါ်ထွက်ခဲ့ပြီး ကမ္ဘာနှင့်အဝှမ်းရိုက်ခတ်မှုပြင်းထန်ခဲ့သော ပနားမားစာရွက်စာတမ်းပေါက် ကြားမှုတွင် ထိုင်းနိုင်ငံရေးသမားနှင့် စီးပွားရေးသမား ၂၁ ဦးလည်းပါဝင်ပတ်သက်လျှက်ရှိကြောင်းနှင့် ၎င်းတို့ထဲမှ ၁၆ ဦးကို အတည်ပြုနိုင်ပြီဖြစ်ကြောင်း ထိုင်းငွေကြေးခဝါချမှုတိုက်ဖျက်ရေးဌာနက ယနေ့ ပြောကြားလိုက်သည်။

ပနားမား စာရွက်စာတမ်းပေါက်ကြားမှုတွင် ချိတ်ဆက်မှုရှိနေသော ထိုင်းလူမျိုးများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဌာန ၏ အထွေထွေအတွင်းရေးမှူး ဆီဟာနက် ပရာယွန်ရက် က ပြောကြားသည်။

'' လက်ရှိအချိန်ထိတော့ ဥပဒေနဲ့မညီတာမျိုးမတွေ့ထားတာသေးပါဘူး။ စုံစမ်းစစ်ဆေးမှုတွေဆက်လုပ်ရဦးမှာပါ။ စုံစမ်းစစ်ဆေးမှုအသေးစိတ်အချက်အလက်တွေကိုတော့ ဒီအချိန်မှာထုတ်ပြောလို့မရသေးပါဘူး '' ဟု ဆီဟာနက် ပရာယွန်ရက် ကပြောကြားသည်။

ကမ္ဘာတဝှမ်းမှ နိုင်ငံ့ခေါင်းဆောင်များ၊ ထင်ရှားကျော်ကြားသူများ၊ အနုပညာရှင်များ၊ စီးပွားရေးသမားများနှင့် အားကစား သမားများ၏ လျှို့ဝှက်နိုင်ငံခြားငွေစာရင်းများ၊ ပိုင်ဆိုင်မှုများကို   ဖော်ထုတ်ထားသည့် ပနားမားစာရွက်စာတမ်းများကို ဧပြီလ၊ ၃ ရက်နေ့က နိုင်ငံတကာစုံစမ်းထောက်လှမ်းရေးသတင်းသမားများ ယာယီပူးပေါင်းအဖွဲ့ (ICIJ) က ဖွင့်ချခဲ့ခြင်း ဖြစ်သည်။

လတ်တလောတွင် ထိုင်းငွေးကြေးခဝါချမှုတိုက်ဖျက်ရေးဌာနအနေဖြင့် နိုင်ငံတကာငွေကြေးခဝါချမှုတိုက်ဖျက်ရေး အဖွဲ့များထံ ဆက်သွယ်ပြီး ပနားမားစာရွက်စာတမ်းများတွင် ပါဝင်ပတ်သက်နေသည့် ထိုင်းလူမျိုး ၂၁ ဦး၏ အမည်များကို ဖော်ထုတ် အတည်ပြုနိုင်ရန် ကြိုးစားလျှက်ရှိပြီး ၁၆ ဦး၏အမည်များကို အတည်ပြုထားနိုင်ပြီ ဖြစ်သည်။

ထိုကိစ္စနှင့်စပ်လျဉ်းပြီး ICIJ နှင့် ဂျာမန်သတင်းစာ Süddeutsche Zeitung တို့ထံစာပေးပို့ပြီး စုံစမ်းမေးမြန်းထား သော်လည်း လက်ရှိအချိန်ထိ အကြောင်းပြန်ကြားမှု တစ်စုံတစ်ရာမရရှိသေးကြောင်း   ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူများက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly