ဂေါ်ဖီထုပ်စိုက်ကြမလား

08 April 2016
ဂေါ်ဖီထုပ်စိုက်ကြမလား

ဂေါ်ဖီထုပ်ပင်က အအေးကြိုက် သီးနှံပင် ဖြစ်ပါတယ်။ နှစ်ချင်းစိုက်ပျိုးပြီး  စားသုံးနိုင်ပါတယ်။ ဂေါ်ဖီထုပ်ပင်ရဲ့ မူရင်းဒေသကတော့ ဥရောပတိုက် တောင်ပိုင်းကပဲ ဖြစ်ပါတယ်။ တောင်ပေါ်ဒေသတွေမှာ ဆိုရင်တော့ အချိန်မရွေး စိုက်ပျိုးနိုင်ပြီးတော့ မြေပြန့်ဒေသတွေမှာတော့ ဆောင်းတွင်းပိုင်းမှာသာ စိုက်ပျိုးနိုင်ပါတယ်။  ဂေါ်ဖီထုပ် က သမပိုင်း သီးနှံပင်ပဲ ဖြစ်ပါတယ်။

မြေသြဇာ ထက်သန်ပြီးရေမဝပ်တဲ့ မြေအမျိုးစားမှာဆိုရင်တော့ ကောင်းစွာ ဖြစ်ထွန်းပါတယ်။ လယ်မြေများမှာ စိုက်ပျိုးမယ်ဆိုရင်တော့ တစ်ဧက ကို နွားချေး လှည်း အစီးလေးဆယ်ခန့် ချပေးသင့်ပါတယ်။ ဂေါ်ဖီထုပ် ပင်ကတော့ အပူချိန် ၈၀ ဒီဂရီ ဖာရင်ဟိုက်မှာဆိုရင် ကောင်းစွာ ဖြစ်ထွန်းပြီး ရေခဲအမှတ်အောက် အေးတဲ့အထိ အအေးဒဏ်ကို ခံနိုင်ပါတယ်။ အစေ့ကို တိုက်ရိုက်ချပြီး စိုက်ပျိုးနိုင်သလို အပင်ပျိုးပြီးမှ ပျိုးပင်ပေါက်များကိုလည်း စိုက်ပျိုးနိုင်ပါတယ်။

စိုက်ပျိုးတဲ့အခါမှာလည် မျိုးစေ့ကိုလက်မဝက်ခန့် အနက်ထားပြီး စိုက်ပျိုးပေးရမှာပါ။ တစ်ပင်နဲ့ တစ်ပင်ကိုတော့ တစ်ပေ ဒါမှမဟုတ်ရင် နှစ်ပေခန့် ခွာပြီးတော့ စိုက်ပျိုးပေးရမှာပါ။ တစ်တန်းနဲ့ တစ်တန်းကိုတော့ နှစ်ပေခန့် ခွာထားပေးရမှာပါ။ အထုပ်သေးမျိုးကိုတော့ စိတ်စိတ် စိုက်နိုင်ပြီးတော့ အထုပ်ကြီးမျိုးကိုတော့ ကျဲကျဲ စိုက်ပေးရမှာပါ။ အထုပ်ကြီးမျိုးကို စိတ်စိတ် စိုက်လိုက်ရင်တော့ အထုပ်တွေ သေးသွားတတ်ပါတယ်။ အပင်ငယ်များကိုရေမှန်မှန်ပေးရန်နှင့် ပေါင်းမြက်များ ရှင်းလင်းပေးရန် လိုအပ်ပါတယ်။ အပင်ပတ်ပတ်လည်မှာတော့ ကောက်ရိုးကို နှစ်လက်မ ဒါမှမဟုတ်ရင် လေးလက်မခန့် ထူအောင် ဖုံးအုပ်ထားပေးရမှာပါ။ ကောက်ရိုးဖုံးအုပ်ခြင်းကတော့ မြေဆီလွှာ အစိုဓာတ်ကို ထိန်းသိမ်းခြင်း ပေါင်းမြက်ကို ကာကွယ်ခြင်း မြေဆီလွှာကိုအပူဒဏ်မှ ကာကွယ်ပေးခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိပါတယ်။

 ပျိုးပင်ကို မြေချ စိုက်ပျိုးပြီး တစ်လခန့်ကြာရင်တော့ နိုက်ထရိုဂျင်ဓာတ်ပါတဲ့ မြေသြဇာကို ကျွေးပေးရမှာပါ။ အရွက်များ ဖြစ်ထွန်းကောင်းမွန်လာပြီးတော့ အထုပ်ဖြစ်ပေါ်လာတဲ့ အချိန်ကြရင်တော့ မြေသြဇာကျွေးပေးရန် မလိုအပ်တော့ပါဘူး။ အဲဒီအချိန်မှာ မြေသြဇာ ကျွေးမယ်ဆိုရင်တော့ အထုပ်တွေ ကွဲခြင်း အက်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ဂေါ်ဖီထုပ် စိုက်ပျိုးခြင်းနဲ့ ပတ်သက်ပြီးတော့ ဂေါ်ဖီထုပ် စိုက်ပျိုးနေတဲ့ တောင်သူ တစ်ဦးဖြစ်တဲ့ ကိုအေးနိုင်က အခုလို ရှင်းပြပါတယ်။

“ဂေါ်ဖီထုပ် ကတော့ ကျွန်တော်တို့ မျိုးကို တစ်လနဲ့ ၁၅ ရက် ကြာတော့ ဒီက မြေပေါ်ချစိုက်တယ်။ စိုက်တဲ့ အချိန်ကြတော့ ဒီကျင်းလေးတွေ ဖောက် ကျင်းဖောက်ပြီးတော့ နွားချေးနဲ့ အာမိုနဲ့ ချတယ်။ ချပြီးတော့ စိုက်တာပေါ့နော်။ စိုက်ပြီးတော့ ၇ ရက်လောက်ကြာတော့ အစာလေးနည်းနည်း မန်ကြီးစေ့လောက် ဓာတ်ဆားလေး ပစ်ပေးတယ်။ နောက်တစ်ခါ ၁၅ ရက်သားလောက်ကြာတော့ တစ်ခါ ပစ်တယ်။ နှစ်ပတ်လောက် ပစ်ပြီးတော့ ကျင်းလေးတွေ ဝိုင်းပြီးတော့ တစ်လ သားလောက်ကြာတော့ မြေဆွပေးရတာပေါ့နော်။ အဲလို ဆွပြီးတော့ အာမိုရေ လောင်းပေးရတယ်။ အပင်ပြန့်သွားအောင်လို့။ အာမိုရေ လောင်းပြီးတော့ ကြားထဲမှာဓာတ်ဆားကတော့ ၇ ရက်တစ်ပါတ် ပစ်ပေးရတာပေါ့။

သရဖူကြတော့ နှစ်လနဲ့ ၁၅ ရက်လောက် ကြာရင် ခုတ်ရတယ်။ တစ်ခါတလေကျတော့ မှိုရောဂါတို့ အမြစ်တွေ ခြောက်ပြီးတော့ သေတာတွေ ရှိတယ်။ တစ်ခါတလေကျတော့ ရေတင်ပြီးတော့ အင့်သွားရင်လည်း သေတယ်။ ရေများသွားလည်းသေတယ်။ ရောဂါကတော့ ကျွန်တော်တို့ ထွေထွေထူးထူးသိပ်မရှိဘူး။ ဒါပေမယ့် ပိုးသတ်ဆေးကတော့ ၁၅ ရက်တစ်ပါတ် ၁၀ ရက်တစ်ပါတ် အဲလို ဖျန်းဖျန်းပေးရတယ်။ အဲလိုဖျန်းပေးမှ ဒီပိုးက ကင်းတယ်။

ဟိုတလောကဆိုရင် ရာသီဥတုက မကောင်းဘူး။ မကောင်းတော့ မိုးအုံ့လိုက် ဖျန်းပေးလိုက်။ အဲတာတွေကျတော့ ၇ ရက်တစ်ပါတ်လောက် ဖျန်းပေးရတယ်။ မိုးအုံ့ရင်ပိုးက ကျတယ်။ ပိုးကလည်း အဲဒီ လိပ်ပြာလေးတွေကနေပြီးတော့ ဂေါ်ဖီပင်ကိုဥကပ်ပြီးတော့ သူက ဥကို ထားခဲ့တယ်။ အဲကောင်က တစ်ဥဆိုရင် အကောင် လေးငါး ခြောက်ဆယ် အဲလို ပေါက်တာ။ အဲကောင်ကိုမနိုင်ရင် ဂေါ်ဖီထုပ် က မလှတော့ဘူး။ ရောင်းပန်းလည်း မလှတော့ဘူး။

ရောင်းချတဲ့ အခါကျတော့ အရင်တုန်းက ဈေးပိုတယ်ပေါ့။ ခုကျတော့ ပုသိမ်သမားက နှစ်ကူးရက်နဲ့ဆိုတော့ ဘယ်သူမှမပေးပါနဲ့ ဒီအခင်းအကုန်လုံးကို သူက တစ်ရက်ခြားကို  ၁၅၀၀ /၂၀၀၀ အဲလို ခုတ်တာ။ ကျွန်တော် တနင်္ဂနွေနေ့ဆို ခုတ်ရမယ်။ နတ်တော်လလောက် ပေါ်ရင် ကျွန်တော်တို့ထက် ဦးတဲ့သူကျတော့ ၄၅၀ လောက် ရောင်းရတယ်။ ကျွန်တော်တို့က နည်းနည်း နောက်ကျတော့ ၃၅၀ ရောင်းရတယ်။ အခုကျတော့ အဲဈေးမျိုး မရှိတော့ဘူး။ သူက စောရင်စော မစောရင် တပေါင်း တန်းခူးလောက်ဆိုရင် တစ်ထုပ် ၃၀၀ လောက်ကို အခင်းထဲတင် ပေးရတယ်။

အခက်ခဲတွေကတော့ ငွေတို့ဘာတို့ ရှာပြီးတော့ ဆွဲရတာပေါ့။ အားလုံးပေါင်း ၁၀ ဂဏန်းလောက် ရင်းရတယ်။ နွားချေးဆိုလည်း ၂သောင်းဖိုး ၃ သောင်းဖိုး ဝယ်ပြီးတော့ ကျင်းထဲထည့်ရတယ်။ မိုးတွင်းကျတော့ ကျင်းထဲထည့် ပြီးတော့ ပြန်ဆင်းတဲ့ အချိန်ကျတော့ အဲကျင်းကို ဖော်ပြီးတော့ ကျင်းထဲကိုထည့်ရတယ်။ ဓာတ်ဆားက ခုဆိုရင် သောင်းခြောက်ထောင်ကို  ၈ အိတ်လောက်  ကုန်တယ်။ အာမို တစ်အိတ် အဲလို ကုန်တယ်။ တစ်ချို့ကျတော့လည်း အာမိုကိုကျွေး ကျွေး သလိုပေါ့။ ဒါပေမယ့် ဈေးတွေက ပစ္စည်းဈေးတွေက မြင့်တော့ ကိုယ့်ပစ္စည်းထွက်ချိန်က ပေါသွားတော့ သိပ်မကိုက်ဘူး။ ပထမ တုန်းကတော့ ကိုက်တယ်။ ကျွန်တော်တို့ ငါးထောင်စိုက်ကို ၁၃ နီးနီးလောက် ရတယ်။”

ဂေါ်ဖီထုပ်တွေကို ခူးဆွတ်ချိန်မှာတော့ အထုပ်ကို လက်နဲ့ ဆုပ်ကြည့်ရမှာပါ။ မာပြီးတော့ အရွယ်ရောက်လာရင်တော့ ဓားပြတ်ပြတ်နဲ့ မြေကြီးနားကနေ ခုတ်ဖြတ်ပေးရမှာပါ။ အထုပ်ဘေးက အရွက်တွေကိုဖယ်ရှားပြီး ပိုးမွှားပါမပါ ကြည့်ရှုပြီးမှ ဖယ်ရှားပေးရမှာပါ။ အထူးသတိပြုရာမှာတော့ အထုပ်ရင့်ချိန်မှာ မိုးရွာပါက အထုပ်ကွဲခြင်း၊ အထုပ်အက်ခြင်းတွေ ဖြစ်ပေါ်တတ်ပါတယ်။ ရင့်နေတဲ့ ဂေါ်ဖီထုပ် တွေက ရုတ်တရက် ရေများကို စုပ်ယူပါက အထုပ်တွေ ကွဲတတ်ပါတယ်။ ဒါကြောင့် ရုတ်တရက်ရေများ စုပ်ယူမှု နည်းသွားစေဖို့အတွက် အပင်ဘေးပတ်ပတ်လည်မှာ ရှိတဲ့ အမြစ်တွေကို ဖြတ်တောက်ပေးရမှာပါ။

အမြစ်အချို့ ပြတ်တောက်သွားတဲ့ အခါမှာ ရေစုပ်ယူမှု လျော့နည်းသွားတဲ့အတွက် ခူးချိန်ကိုလည်း ရက်အနည်းငယ် နောက်ဆုတ်ပြီး ခူးယူနိုင်ပါတယ်။ အထုပ်ကွဲရင်တော့ ရောဂါပိုးတွေ ဝင်တတ်ပါတယ်။ အထုပ်ကြီးတွေကို ခူးဆွတ်ပြီးနောက် အရင်းက သားတက်တွေက အထုပ်ကလေးတွေ ထွက်တတ်ပါတယ်။ အထုပ်ကလေးတွေကတော့ အချင်း နှစ်လက်မကနေ လေးလက်မထိ ရှိနိုင်ပါတယ်။ အရွက်ချော အထုပ်မျိုးတွေကတော့ ရေမဆေးပဲ ရေခဲသေတ္တာထဲမှာ သိုလှောင် ထားမယ်ဆိုရင်တော့ နှစ်ပတ်ခန့် ကြာပြီးတော့ အရွက်တွန့် အထုပ်မျိုးတွေကတော့ တစ်ပါတ်ခန့်အထိ ထားခံပါတယ်။

ဂေါ်ဖီထုပ် မှာ ကျရောက်တတ်တဲ့ ရောဂါပိုးမွှားတွေကတော့ ဂေါ်ဖီထုပ် လောက်ကောင်နဲ့ ခါးကုန်းပြီး တွားသွားတဲ့ ခူကောင်တို့ပဲ ဖြစ်ပါတယ်။ သေးငယ်တဲ့ အစိမ်းရောင် ခူကောင်လေးတွေကတော့ အရွက်တွေကို အပေါက် အဝိုင်းလေးတွေ ဖြစ်အောင် စားတတ်ပြီးတော့ ဂေါ်ဖီထုပ် ထဲမှာ ပုန်းအောင်း နေတတ်ပါတယ်။ ပြပိုးနဲ့ ကိုက်ဖြတ် လောက်ကောင်တွေကတော့ အပင်ငယ်လေးတွေကို ဖျက်စီးတတ်ပါတယ်။

 ညှိုးရောဂါနဲ့ အမဲရောင် ရိပုပ်ရောဂါတွေကတော့ အပင်ကြီးထွားမှုကိုရပ်တန့်စေပါတယ်။ ရောဂါခံနိုင်တဲ့ မျိုးကို ရွေးချယ် စိုက်ပျိုးခြင်းနဲ့ မြေကွက်ကို ရွေ့ပြောင်းစိုက်ပျိုးခြင်းက ရောဂါပိုးမွှားတွေကို ကာကွယ်နိုင်ပါတယ်။ ဂေါ်ဖီထုပ် ကိုတော့ အထုပ်ဝိုင်း အထုပ်တွန့်နဲ့ အထုပ်ခေါင်းပြားဆိုပြီး သုံးမျိုး ခွဲခြားနိုင်ပါတယ်။ အပင်တစ်ပင်ရဲ့ သက်တမ်းကတော့ အနည်းဆုံး ရက်ငါးဆယ်မှ တစ်ရာထိ ရှိပါတယ်။ ဂေါ်ဖီထုပ် တစ်ရာဂရမ်မှာ ပါဝင်တဲ့ အဟာရဓာတ်တွေကတော့ အစိုဓာတ် ၉၁.၉ ဂရမ်၊ ပရိုတင်းဓာတ် ၁.၈ ဂရမ်၊ အဆီဓာတ် ဝ.၁ ဂရမ်၊ သတ္တုဓာတ် ဝ.၆ ဂရမ်နဲ့၊ အမျှင်ဓာတ် ၁.၀ ဂရမ် တို့ ပါဝင်ပါတယ်။ ဂေါ်ဖီထုပ် ကို ရောင်းချနေတဲ့ ဈေးသည်တစ်ဦးဖြစ်တဲ့ မရွှေဝါကလည်း ဂေါ်ဖီထုပ် ဈေးကွက်ကို အခုလို ပြောပြပါတယ်။

“ဂေါ်ဖီထုပ် တွေက ဒီနှစ် အရမ်းပေါတယ်။ အဲဒါကြောင့် ၅၀ ဈေးပဲ ဖြတ်ရတယ်။ ရောင်းတာ၆၀/၇၀/၁၀၀ အဲလောက်ပဲ ရောင်းရတယ်။ အရောင်းအဝယ်က တစ်လလောက်ရှိပြီ အေးတာ ရောင်းမကောင်းဘူး။ ဂေါ်ဖီထုပ်တွေ မိုးဦးကျမှ ရှမ်းထုပ်ပေါမှ ရောင်းကောင်းတယ်။ အခုချိန်က ရောင်းမကောင်းဘူး။ အစ်မတု့ိကျတော့ သီရီမင်္ဂလာဈေးက သူတို့ ပွဲစားတွေဆီက တစ်ဆင့် ပြန်ဖြတ်တာ။

ကျွန်တော်တို့ ပွဲရုံကတော့ လက်ရှိတောင်ပေါ်ဒေသ တင်ပြီးတော့ ရောင်းတာ။ ရှမ်းပြည်နယ် လားရှိုးက ဂေါ်ဖီထုပ် တွေ ရောင်းတယ်။ ဒါပေမယ့် ဒီရာသီက နယ်ပေါင်းစုံက ဂေါ်ဖီထွက်တယ်။ ကျွန်တော်တို့က ရှမ်းတစ်လိုင်းပဲ လုပ်တယ်ပေါ့။ ဒီ ဂေါ်ဖီ တွေက ရောင်းချတဲ့ ဒေသတွေကတော့ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ မြိတ်၊ ထားဝယ် ဒါတွေ အကုန်လုံး ပို့တယ်ပေါ့။ ဒီရာသီက နယ်ပေါင်းစုံက ထွက်တော့  ကျွန်တော်တို့က ရန်ကုန်တိုင်းလောက်ပဲ ရောင်းရတယ်။ နယ်တွေကို သိပ်မထွက်ဘူး။ နယ်ပေါင်းစုံကနေပြီးတော့ နေရာတိုင်း နေရာတိုင်းမှာပေါ့။ ဒီ ဂေါ်ဖီထုပ် ထွက်တယ်ပေါ့။ ဧရာဝတီတိုင်းဆိုရင်လည်း ပုသိမ်တို့ ကျောင်းကုန်းတို့ သူတို့ဒေသမှာ ထွက်တဲ့အတွက် ရန်ကုန်ကို မဝယ်ဘူး။

ခုချိန်ကျတော့ ကျွန်တော်က ရန်ကုန် စားသောက်ဆိုင်တွေ ဒီ စားသုံးသူ ပြည်သူ လောက်ပဲ ရောင်းရတယ်ပေါ့နော်။ အရောင်းလည်း ပါးတယ်ပေါ့။ အရောင်းဝယ် အကောင်းဆုံး အချိန်ကတော့ မိုးရာသီ ငါးလပိုင်း ဒီချိန်ကြတော့ ဗမာပြည်ဘက် သီးနှံ မထွက်တော့ဘူးလေ။ မထွက်တော့ သူက ရှမ်းပြည်နယ် တစ်ခုပဲ ရှိတယ်။ အဲချိန်ကြတော့ ရောင်းဝယ်ကောင်းတယ်။ တင်ပို့ရောင်းချတာကတော့ ဂေါ်ဖီက သယ်ယူပို့ဆောင်ရတာ အခက်ခဲတော့ မရှိဘူးပေါ့နော်။ ရောင်းဝယ်နေရာမှာ နယ်ပေါင်းစုံက ထွက်တဲ့အတွက် အရောင်းဝယ် ပါးတယ်ပေါ့။ ရောင်းဝယ်ပါးတဲ့အတွက် ဈေးကွက်တွေ ရှုံးကျတယ်ပေါ့။ အရင်တုန်းက တစ်နေ့ကို ၁၂ဘီး တစ်စီးလောက် ကုန်ပေမယ့် အခု ၁၂ဘီး တစ်စီးဆိုရင် နှစ်ရက်လောက် ရောင်းရတယ်ပေါ့။ ၁လပိုင်း ၂ လပိုင်း ဒီနှစ်လကတော့ ရောင်းဝယ် တအားပါးတဲ့ လပေါ့နော်။ ”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly